Home > Uncategorized > အရင်ကလူရွှင်တော်အခုတော်လှန်ရေးရဲဘော်

အရင်ကလူရွှင်တော်အခုတော်လှန်ရေးရဲဘော်

  • ဆောင်းပါး

အရင်ကလူရွှင်တော်အခုတော်လှန်ရေးရဲဘော်

တက်နေထွန်း

(မျက်မှောက်ခေတ်ဆောင်းပါး)

“နောက်သုံးလေးရက်နေရင် ရှေ့တန်းထွက်ရတော့မှာ။ ကျနော် အားရှိအောင် အားမွေးနေတယ်” လို့ ခန္ဓာကိုယ်ခပ်ပိန်ပိန်၊ ရိုးသားမှုအရောင်တွေပေါ်နေတဲ့ မျက်လုံးပိုင်ရှင် လူငယ်တစ်ဦးက ပြောပါတယ်။ သူဟာပြီးခဲ့တဲ့အပတ်ကမှ အဖျားပျောက်ခဲ့တာဖြစ်ပြီး ခုသူ့မိခင်တပ်ရင်း ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) တပ်ရင်းမှာ ရောက်ရှိနေတာပါ။

” ကျနော့်ဇာတိက ကျောကဗျ။ စစ်တပ်က ကျနော်တို့ဘိုးဘွားပိုင်လယ်မြေတွေကိုသိမ်းလိုက်တော့ ကျနော်တို့ မွေ့လယ်ရွာကို ပြောင်းလာခဲ့ကြတာ” လို့ သူကပြောပါတယ်။

သူ့ဇာတိဟာ မကွေးတိုင်း ပုံတောင်နှင့်ပုံညာကြားထဲက ကျောကျေးရွာကြီးနားက ရွာလေးတစ်ရွာဖြစ်ပါတယ်။ သူဆယ်နှစ်ဝန်းကျင်မှာ စစ်တပ်က ပ.က.စ စစ်ရုံထောင်ဖို့ လယ်မြေတွေကိုသိမ်းဆည်းရာမှာ သူတို့ဘိုးဘွားပိုင် လယ်မြေတွေလည်းပါသွားခဲ့တာပါ။ ဒါကြောင့် သူတို့မိသားစုဟာ ဂန့်ဂေါမြို့နယ်တောင်ပိုင်းက မွေ့လယ်ရွာကို သူဆယ့်တစ်နှစ်သားအရွယ်မှာ ပြောင်းရွှေ့ခဲ့ကြတာပါ။

“ကျနော်ဆယ့်လေးနှစ်သားလောက်ကတည်းက ဆိုင်းနောက်ထအဖြစ်လေ့ကျင့်ခဲ့တယ်။ ၂၀၁၅ ခုနှစ်က,စ ပညာသင်လူရွှင်တော်အဖြစ် စ,ကခဲ့ပါတယ်” လို့ အသက်နှစ်ဆယ့်ခုနစ်နှစ်အရွယ် ရဲဘော်က သူ့လူရွှင်တော်ဘဝလမ်းကြောင်းကို ပြောပြပါတယ်။

သူဟာအတန်းပညာရေးကို ကောင်းကောင်းမနေခဲ့ရပေမယ့် ဘုန်းကြီးကျောင်းတော့ ကောင်းကောင်းနေခဲ့ရပါတယ်။ ဖြစ်ချင်တော့ သူနေတဲ့ဘုန်းကြီးကျောင်းမှာ ဘုန်းကြီးက ဆိုင်းထောင်ပေးထားတယ်။ အတီးအမှုတ်လေ့ကျင့်ကြတဲ့အခါ သူကဆိုင်းနောက်ထ လုပ်ပေးရပါတယ်။

” ကျနော့်နာမည်ရင်းက ချစ်ကိုကို။ လူရွှင်တော်နာမည်က ပေါက်ဆိန်။ ပေါက်ဆိန်ဆိုရင် ဂန့်ဂေါတစ်နယ်လုံးသိပါတယ်။ တခြားနယ်တွေမှာ သွားက,ရင်တော့ ပွင့်ဆန်းဆိုတဲ့နာမည်နဲ့ ကပါတယ်” လို့ သူကဆိုပါတယ်။

လူရွှင်တော်ပေါက်ဆိန်ဟာ သူ့ဖခင်အရင်းကို မမြင်ဖူးလိုက်ရပါ။ သူမမွေးခင် မိခင်နှင့်ဖခင်တို့ ကွဲခဲ့ကြပြီး သူဆယ့်ခြောက်နှစ်သားအရွယ် သူ့ဖခင်ကို မြင်တွေ့ဖူးချင်းလို့ပြန်ရှာတော့ ဆုံးပြီးပြီဆိုတဲ့ သတင်းကိုသာ ရခဲ့ပါတယ်။

“ခုကျနော့်ကို လူရွှင်တော်ပညာသင်ပေးတာက ကျနော့ပထွေးပေါ့။ ကျနော့အဖေပါပဲ။ အဖေလို့ပဲခေါ်ပါတယ်။ ငယ်ငယ်ကတည်းကနေခုထိ ကျနော့ကို နှစ်ချက်ပဲရိုက်ဖူးတယ်။ ပေါက်ဆိန် ဆိုတဲ့နာမည်လည်းအဖေပေးတာပဲ” လို့ သူကပြောပါတယ်။

စစ်အာဏာသိမ်းတော့ ချစ်ကိုကိုခေါ် လူရွှင်တော်ပေါက်ဆိန်ဟာ မုံရွာဘက်မှာ ပွဲတွေကနေတာပါ။ စစ်တပ်က အာဏာသိမ်းပြီးလို့ အများပြည်သူတစ်ရပ်လုံး မင်းအောင်လှိုင်အစိုးရကို ဆန့်ကျင်နေချိန်မှာ လူရွှင်တော်ပေါက်ဆိန်က စာချုပ်နဲ့လက်ကျန်ပွဲတွေ ကပေးနေရပါတယ်။

“ဒီလိုအချိန်ကြီးမှာ ပွဲကတော့ ကနေရင်းအဆဲခံရတာခဏခဏပဲ။ ခဲနဲ့တောင်အပေါက်ခံခဲ့ရတယ်”လို့ သူ့အတွေ့အကြုံကို ပြောပြပါတယ်။ လက်ကျန်ပွဲတွေကပြီးတာနဲ့သူဟာ နောက်ထပ်စာချုပ် မချုပ်တော့ဘဲ လူရွှင်တော်လောကကို စွန့်ခွာခဲ့ပါတယ်။

“ကျနော့အဖေက ပုလဲနယ်သား။ ပုလဲမှာရွာတွေမီးရှို့ခံနေရပြီလေ။ ဒီတော့မဖြစ်တော့ဘူး။ တော်လှန်မှဖြစ်တော့မယ်ဆိုပြီး ဒီထဲကိုရောက်လာတာပါ” လို့ လူရွှင်တော်ပေါက်ဆိန်က ဆိုပါတယ်။

အရင်ကလူရွှင်တော် ပေါက်ဆိန်ဟာ ခုတော့ ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) မှာ ရဲဘော်အဖြစ် တာဝန်ထမ်းဆောင်နေတာ သုံးနှစ်နီးပါးရှိပြီဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက် နယ်ပယ်စုံက လူငယ်တွေဟာ စစ်အာဏာရှင်ကိုအမြစ်ဖြတ်တော်လှန်ဖို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီ ခြေစုံပစ် ဝင်ရောက်ခဲ့ကြပါတယ်။ ဒီထဲမှာမှ YPDF ရဲဘော်ချစ်ကိုကိုဟာ လူရွှင်တော်ဘဝကနေ တော်လှန်ရေးရဲဘော် ဖြစ်လာသူပါ။

“အများပြည်သူတွေ ဒုက္ခရောက်နေချိန်မှာ ပွဲတွေအငြိမ့်တွေ ကကြတယ်။ အဲဒီတော့ ပြည်သူတွေက ငြိုညင်လာတယ်။ ကျနော်တို့လူရွှင်တော်တွေကိုလည်း ပေါတောတော အလကားလူတွေလို့ မြင်လာကြတယ်” လို့ သူကဆိုပါတယ်။

ဒီထဲမှာ ရဲဘော်ချစ်ကိုကိုမပါဝင်ပါ။ လူရွှင်တော် ပေါက်ဆိန် (ခ) ပွင့်ဆန်းမပါဝင်ပါ။ တော်လှန်ရေးကြီး ပြီးသွားတဲ့တစ်နေ့ကျမှ ရဲဘော်ချစ်ကိုကိုတစ်ယောက် လူရွှင်တော်ပေါက်ဆိန်ဘဝကို ပြန်လည်ခံယူသွားမှာဖြစ်တယ်လို့ သူကဆိုပါတယ်။

#တက်နေထွန်း

error: Content is protected !!