Home > Uncategorized > လွမ်းလှပေါ့ မုံရွာမြေ

လွမ်းလှပေါ့ မုံရွာမြေ

လွမ်းစရာအပိုင်းအစ

လွမ်းလှပေါ့ မုံရွာမြေ

မျက်မှောက်ခေတ်။        ။ ဝါဆိုလပြည့်နေ့။ ဒီအချိန် ဒီရက်တွေဆို ဆုတောင်းပြည့်ဘုရား၊ဗောဓိတစ်ထောင်၊မိုးညှင်းသမ္ဗု‌ဒ္ဓေ၊ ချင်းတွင်းတစ်ဖက်ကမ်းက ရွှေတောင်ဦးနဲ့ ဖိုလ်၀င်တောင်၊ကျောက္ကာရွှေဂူနီ၊ ရွှေဂူဖြူ နဲ့ ထန်းဇလုတ်ဆည်။ဘုရားဖူးသူရော လိပ်ဥတူးသူရော ကျောင်းသား၊လူငယ်၊ရဟန်း၊ရှင်လူ စည်ကားချိန်ဖြစ်သည်။

ဒီနှစ် ဝါဆိုလပြည့်နေ့က စနေ-ဥပုဒ်ရက် ဖြစ်သည်။ပုံမှန်နှစ်၊ပုံမှန်ခေတ် အခြေအနေသာဆိုလျှင် ကျောက္ကာရွှေဂူနီဘုရားကြီးမှာ ကြိတ်ကြိတ်တိုး စည်ကားလိမ့်မည် ထင်သည်။

ယခုနှစ်တွင်တော့ စည်ကားမည်မထင်ပါ။မုံရွာဒေသတဝိုက်က ဗုဒ္ဓဘာသာ၀င် အများစုမှာ ယုံကြည်မှု တစ်ခုရှိကြသည်။ စနေနေ့နဲ့ ဥပုဒ်နေ့ တိုက်ဆိုင်ခဲ့လျှင် ကျောက္ကာရွှေဂူနီဘုရားမှာ ရွှေသင်္ကန်းကပ်ပြီး လိုရာဆုတောင်းပါက ဆုတောာင်းပြည့်သည်ဟု ယုံကြည်ကြသည်။ လူငယ်ပိုင်းထက် သက်ကြီးပိုင်းက ပိုပြီး ယုံကြည်ကြသည်။

မုံရွာနဲ့ ဒေသ၀န်းကျင် ပြည်သူအများစုဟာ သာမန် လက်လုပ်လက်စားတွေ ဖြစ်ကြပြီး ဥပုဒ်နေ့တွေသာ အလုပ်ပိတ်တာဖြစ်သည်။ဘဏ်၀န်ထမ်း၊ရုံး၀န်ထမ်းများသာ စနေ၊ တနင်္ဂနွေနဲ့ အခုလို အခါကြီး ရက်ကြီးတွေ ရုံးပိတ်တာဖြစ်သည်။

အခုလို ဝါဆိုလပြည့် အခါကြီးရက်ကြီးမှာ သာမန် လက်လုပ်လက်စားတွေအပြင် ရုံး၀န်ထမ်း၊ဘဏ်၀န်ထမ်း ၊ ကလေးငယ်တွေ၊တက္ကသိုလ်ကျောင်းတွေပါ ပိတ်ရက်ဖြစ်လို့ မုံရွာမြို့မှာ အင်မတန်စည်ကားတဲ့ ရက်တစ်ရက်ဖြစ်သည်။

မုံရွာမြို့မှာ အဓိကလမ်းမကြီး (၄)ခုရှိသည်။ဗိုလ်ချုပ်လမ်း၊ကျောက္ကာလမ်း၊ပြည်ထောင်စုလမ်းနဲ့ သာစည်လမ်းဖြစ်သည်။

ဒီလို အခါကြီးရက်ကြီးနေ့တွေမှာ မုံရွာမြို့ရဲ့အဓိကလမ်းမကြီးတွေပေါ်  အမျိုးသား၊အမျိုးသမီး၊အဖိုးကြီး၊အဘွားကြီးနဲ့ ကလေးတွေပါမကျန် အလှဆုံးပုံစံ အင်္ကျီ ၊ လုံချည် ၊ပုဆိုး စတာတွေ၀တ်ပြီး ဆိုင်ကယ်တွေ၊ကားတွေနဲ့ ဘုရားစုံ ပတ်ဖူးကြသည်။

မနက်ပိုင်း မိုးညှင်းသမ္ဗု‌ဒ္ဓေ၊ ဗောဓိတစ်ထောင်ဘက် သွားကြသည်။ ဗောဓိတစ်ထောင် ရပ်တော်မူဘုရားကြီးထဲကို အထပ်အလိုက်တက်ပြီး ပန်ချီကားတွေကြည့်ကြမည်။ဓာတ်ပုံရိုက်မည်။သမီးရည်းစား အတွဲတွေက ရည်ရွယ်ချက်မရှိ ဘုရားပရ၀ဏ်ထဲ ဟိုဟိုဒီဒီ သွားနေကြသည်။

မနက် ၁၀ နာရီခွဲ ၁၁ နာရီလောက် ဘုရားက ပြန်လာပြီး မုံရွာနည်းပညာကောလိပ်နားက ထန်းတဲ၀င်ကာထမင်းစားရင်း ပင်ကျရေ သောက်ကြသည်။

တစ်ချို့က ကျောက္ကာရွှေဂူနီ ဘုရားဘက် ဖြတ်လမ်းအတိုင်း သွားသည်။တစ်ချို့က မုံရွာမြို့ထဲ ပြန်၀င်ပြီး ချင်းတွင်းမြစ်ကို တံတားကဖြတ်ကူးကာ သမိုင်း ၀င် ဖိုလ်၀င်တောင်ကို သွားကြသည်။

ဖိုလ်၀င်တောင်၊ရွှေဘတောင်က ကျောက်ဆစ်လှေကားတွေကြား ကျောက်ခက်ပန်းကို ခေါင်းပေါ်တင်ကာ ဓာတ်ပုံရိုက်ကြသည်။ မျောက်စာကျွေးသည်။ ကျောက်သားကို ထွင်းထုထားတဲ့ ဖိုလ်၀င်တောင်က လှိုင်ဂူဘုရားတွေ လျှောက်ကြည့်ကြသည်။ ပျော်စရာ ကောင်းသည်။

အဲ့ဒီကအပြန် ချင်းတွင်းမြစ်ကမ်းက ရွှေတောင်ဦး ဘုရားကို ၀င်ဖူးကြသည်။မြစ်ရေတက်ချိန်ဖြစ်လို့ ဘုရားကနေ မြစ်ကမ်းနားဘက်ဆင်းပြီး သစ်ဖောင်၊ဝါးဖောင်၊စက်လှေ၊သင်္ဘောတွေ စုန်ကြဆန်ကြတာ ကြည့်ကြသူလည်း ရှိသည်။

ချင်းတွင်းတံတားပေါ်မှာ သွားနေကြတဲ့ ဆိုင်ကယ်တွေ၊ကားတွေကို မြစ်ကမ်းနံဘေးကဖြစ်စေ၊ဘုရားကုန်းပေါ်က ဖြစ်စေ လှမ်းကြည့်ရသည်က အရသာတစ်ခုပေ။ ဘုရားကုန်းပေါ်ကနေ ချင်းတွင်းမြစ်ကြောင်းနဲ့ ရေမြုပ်နေတဲ့ စိုက်ခင်းတွေ၊ထန်းပင် အုံ့အုံ့ဆိုင်းဆိုင်းတွေ၊ကြေးနီထုတ်နေတဲ့ တောင်ပျက်
ကြီးတွေကြည့်ပြီး ခံစားချက်တစ်ခုစီ ရှိကြသည်။

ညနေပိုင်းရောက်ပြီမို့ ရွှေတောင်ဦးဘုရားက ပြန်ပြီး မုံရွာ ရွှေစည်းခုံဘုရားကို ၀င်ဖူးကြမည်။နေပူခံကြွေပြားတွေ ဘုရား၀န်းအပြည့် ကပ်ထားလို့ တနေကုန် နေပူထားလည်း ခြေမပူပါ။ရွှေစည်းခုံစေတီပရ၀ဏ်ထဲက ရှစ်မျက်နှာဘုရားမှာ ကိုယ့်မွေးနံ ဆင်းတုတော်ရှေ့ ၀တ်ချဘုရားရှိခိုးမည်။

ဘုရားပရ၀ဏ်တစ်ခုလုံး ထိန်ထိန်ညီးပူဇော်ထားတဲ့ မီးရောင်အောက် စိတ်ရဲ့ ငြိမ်းချမ်းခြင်းကို ခံစားကြသည်။

error: Content is protected !!