Home > သတင်း > ကျန်းမာရေး > ကျန်းမာရေးဝန်ထမ်းတွေကို ကိုဗစ်ကာကွယ်ဆေးထိုးရာတွင် မုံရွာအခြေစိုက် သတင်းထောက်တွေ သတင်းရယူခွင့်မရတဲ့အပြင် သတင်းပါရင်လည်း ကန့်ကွက်မယ်လို့ ပြောဆိုခြိမ်းခြောက်ခံရ

ကျန်းမာရေးဝန်ထမ်းတွေကို ကိုဗစ်ကာကွယ်ဆေးထိုးရာတွင် မုံရွာအခြေစိုက် သတင်းထောက်တွေ သတင်းရယူခွင့်မရတဲ့အပြင် သတင်းပါရင်လည်း ကန့်ကွက်မယ်လို့ ပြောဆိုခြိမ်းခြောက်ခံရ

မြန်မာနိုင်ငံမှာ ကိုဗစ်ကာကွယ်ဆေးကို ဇန်နဝါရီလ ၂၇ ရက်နေ့မှာ ပြည်နယ်နှင့် တိုင်းအလိုက် ကျန်းမာရေးဝန်ထမ်းတွေကို ပထမဦးစားပေးအနေနဲ့ စတင်ထိုးပေးနေပြီဖြစ်ပါတယ်။ ကာကွယ်ဆေးကို သက်ဆိုင်ရာမြို့နယ် ပြည်သူ့ကျန်းမာနှင့် မြို့နယ်ဆေးရုံကြီးတွေမှာ စုထိုးနေတာဖြစ်ပါတယ်။ မုံရွာမြို့မှာလည်း မုံရွာကုတင် ၅၀၀ ဆံ့ဆေးရုံကြီးနှင့် စစ်ကိုင်းတိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးတို့မှာ ထိုးနှံပေးနေတာပါ။ အဲဒီလို ထိုးနှံရာမှာ အခြေအနေဘယ်လိုရှိတယ်ဆိုတာကို ပြည်သူတွေထံ သတင်းမီဒီယာတွေကတဆင့် ပြန်လည်တင်ပြဖို့ သတင်းသွားရောက်ယူကြတဲ့ မုံရွာအခြေစိုက် သတင်းထောက်တွေမှာ သတင်းရယူခွင့် ပိတ်ပင်ခံခဲ့ရပါတယ်။

“ပထမတော့ ရုံးက တာဝန်ပေးထားတဲ့ သတင်းထောက်နှစ်ယောက်ကို သတင်းယူဖို့လွှတ်လိုက်တယ်။ ရိုက်ခွင့်တောင်းတော့ ရိုက်ခွင့်မပေးဘူးလို့ တိုင်းကျန်းမာက ဦးစီး ဒေါက်တာဝင်းလွင်က ပြောတယ်။ ဒါက အများပြည်သူသိသင့်သိထိုက်တာပဲ။ ပြီးတော့ ဒါက အန္တရာယ်ဖြစ်မှာလည်း မဟုတ်ဘူး။ ကျန်းမာရေးညွှန်ကြားချက်နဲ့အညီ သတင်းယူမယ်။ နေရာအခက်အခဲရှိနေလားဆိုပြီး ကျွန်တော်ကိုယ်တိုင်သွားကြည့်တယ်။ ပြင်ပအခြေအနေတွေက ရိုက်လို့ရတဲ့အနေအထားရှိတယ်။ ဒါပေမယ့်လို့ သတင်းဓာတ်ပုံကကျတော့ ကာကွယ်ဆေးထိုးနေတဲ့ပုံကပဲ သတင်းဓာတ်ပုံကောင်းတာဆိုတော့ ကာကွယ်ဆေးထိုးတဲ့ဟာကို ရိုက်ဖို့ကြိုးစားတယ်။ အဲဒီမှာ တာဝန်ရှိသူတစ်ဦးလာပြီး မင်းတို့က ဘယ်ကလဲ။ ဝန်ကြီးချုပ်လမ်းကြောင်းစောင့်နေတာပါဆိုပြီး ပြောတော့ ဝန်ကြီးချုပ်က သူ့လူနဲ့သူလာမှာ။ ငါဘယ်သူ့မှ ဖိတ်မထားဘူး။ ရိုက်လို့လည်း မရဘူး။ ဘာလို့ရိုက်လို့မရတာလည်းမေးတော့ ရောဂါကူးမှာကြောက်လို့လို့ ပြန်ဖြေတယ်။ ဘယ်သူ့မှ ဖိတ်မထားဘူး။ သတင်းဌာနက တက်လာရင်လည်း ကန့်ကွက်မယ်ပေါ့။ ဘယ်သတင်းဌာနရယ်လို့တော့ မမေးဘူး။ ကန့်ကွက်မယ်လို့ ပြောတယ်ပေါ့။ ဒါက မီဒီယာအပေါ် ဖိနှိပ်မှု တစ်ရပ်ဖြစ်တယ်။ အများပြည်သူ သိသင့်သိထိုက်တဲ့ သတင်း၊ နိုင်ငံတကာမှာလည်း ဒီဓာတ်ပုံတွေ ဝေဝေဆာဆာ ဖော်ပြနေတာကို ကျန်းမာရေးဦးစီးတစ်ယောက်အနေနဲ့ ကန့်ကွက်တာကို ပြည်ထောင်စုကညွှန်ကြားလို့လား။ သူကိုယ်တိုင်က သီးခြားကန့်ကွက်တာလား။ အဲဒါမျိုးတွေရှိတယ်။ အဲဒီအပေါ် ကျွန်တော်တို့ကတော့ စာနယ်ဇင်း လုပ်လို့ရတာမှန်သမျှ မီဒီယာဖက်က လုပ်လို့ရတာမှန်သမျှ အကုန်လုပ်သွားမယ်။”လို့ မုံရွာအခြေစိုက်သတင်းဌာဖြစ်တဲ့ မုံရွာဂေဇက် တာဝန်ခံအယ်ဒီတာ ကိုသစ္စာက ပြောပါတယ်။

ဒီလို သတင်းရယူခွင့်ကို မုံရွာဂေဇက်တင်မက သတင်းသွားယူကြတဲ့ Eleven၊ One News၊ မျက်မှောက်ခေတ်၊ DVBတို့အပြင် တခြားသော သတင်းဌာနတွေက မုံရွာအခြေစိုက်သတင်းထောက်တွေအားလုံးလည်း တာဝန်ရှိသူတွေကို တွေ့ဆုံကာ သတင်းရယူခွင့် တောင်းဆိုခဲ့ပေမယ့် ခွင့်မပြုခဲ့ပါဘူး။

“ဒါက အများပြည်သူ သိချင်နေတဲ့သတင်းလေ။ မြန်မာနိုင်ငံမှာ ပထမဆုံး ကိုဗစ်ဆေးထိုးတာဆိုတော့။ အဲဒီတော့ အများပြည်သူသိချင်နေတဲ့သတင်းကို သတင်းထောက်တွေကလည်း ဖော်ပြချင်တာပေါ့။ သတင်းက ထူးခြားဖြစ်စဉ်။ ဒီအပေါ်မှာ ဒီလိုမျိုး ပိတ်ပင်ခံရတယ်ဆိုတော့ ဒါ အဆင်မပြေဘူး။ ဒါဘာဖြစ်လို့တုန်း။ သူတို့ဖက်ကပဲကျန်းမာရေးဝန်ထမ်းတွေကိုယ်တိုင်က ကျန်းမာရေးလမ်းညွှန်ချက်တွေနဲ့ မညီလို့ဘဲ ဖော်ပြမခံစေချင်တာလားပေါ့။ သတင်းထောက်တွေအနေနဲ့ကတော့ အဆင်မပြေဘူး။ ဒါမျိုးဖြစ်နေတာက။”လို့ One News သတင်းဌာနက မုံရွာအခြေစိုက်သတင်းထောက် ကိုအောင်ကျော်ညွန့်က ပြောပါတယ်။

အခုလိုသတင်းရယူခွင့်ပိတ်ပင်ခံရတဲ့အပေါ် Eleven သတင်းဌာနက မုံရွာအခြေစိုက်သတင်းထောက် ကိုကောင်းခန့်လင်းကလည်း “တခြားတိုင်းနှင့်ပြည်နယ်တွေမှာ သတင်းဌာနတွေမှာ Live တွေတောင်လွှင့်တယ်။ ဥပမာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတောင်မှ ကာကွယ်ဆေးထိုးတဲ့နေရာကို ဝင်ပြီးတော့ ကြည့်တဲ့ ဓာတ်ပုံတွေတောင်မှ ဝေဝေဆာဆာ ဖော်ပြကြတယ်။ ဒီလိုအခြေအနေမျိုးမှာ ကျွန်တော်တို့တိုင်းက ဘာကြောင့် ဒီလို သတင်းယူခွင့်မပေးတာလဲ။ တိုင်းကျန်းမာက ဘာဖြစ်လို့ မီဒီယာတွေအပေါ်မှာ ထားတဲ့ဆက်ဆံရေးက ဘယ်လိုလဲဆိုတာတောင် မေးခွန်းထုတ်ရမယ်။ ဒီကိစ္စမျိုးက လျှို့ဝှက်ရမယ့်ကိစ္စလည်း မဟုတ်ဘူး။ ဒီလိုဖြစ်သွားတော့ စိတ်မကောင်းတော့ ဖြစ်မိတယ်။”လို့ ဆိုပါတယ်။

တခြားသော ပြည်နယ်နှင့် တိုင်းတွေမှာ ကာကွယ်ဆေးထိုးနှံနေတဲ့သတင်းတွေကို တိုက်ရိုက်ထုတ်လွှင့်ချက်တွေအပြင် သတင်းဓာတ်ပုံအနီးကပ်ရိုက်ချက်၊ မြင်ကွင်းကျယ်ရိုက်ချက်တွေနဲ့ အချိန်နဲ့တပြေးညီ ဖော်ပြနေကြပါတယ်။ စစ်ကိုင်းတိုင်းအတွင်းမှာလည်း ဟုမ္မလင်း၊ ကလေး စတဲ့မြို့နယ်တွေမှာ ကာကွယ်ဆေးထိုးနှံနေတာတွေကို သတင်းရယူခွင့်ပေးနေကြပြီး တိုင်းဒေသကြီးအစိုးရရုံးစိုက်ရာ မုံရွာမြို့မှာပဲ သတင်းရယူခွင့်မရတာဖြစ်ပါတယ်။ သတင်းရယူခွင့်အတွက် ကာကွယ်ဆေးစတင်ရောက်ရှိချိန်ကတည်းက ကျန်းမာရေးဌာနက တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းတာတွေ လုပ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။ သတင်းရယူခွင့်နဲ့ပတ်သက်ပြီး စစ်ကိုင်းတိုင်းကျန်းမာရေးဌာနက သတင်းရယူခွင့် ခက်ခဲတဲ့ သတင်းဌာနတွေထဲက တစ်ခုဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၄ ရက်နေ့က ပြန်လည်ကျင်းပခဲ့တဲ့ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ၂၅ ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပထမနေ့မှာ “အောက်ခြေဝန်ထမ်းတွေရဲ့ တင်ပြတိုင်ကြားစာကို မိမိသဘောနဲ့ ပြီးစလွယ်ဆောင်ရွက်ပြီး အစိုးရအဖွဲ့ကို လိမ်လည်တင်ပြနေတဲ့အပေါ် အစိုးရအနေနဲ့ ဘယ်လိုထိန်းကျောင်းဆောင်ရွက်မလဲ”ဆိုတာနဲ့ပတ်သက်ပြီး တိုင်းလွှတ်တော် ပညာရေး၊ ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုကော်မတီက မေးမြန်းခဲ့ပါသေးတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ညွှန်ကြားရေးမှူး ဒေါက်တာဝင်းလွင်ကို ညှိနှိုင်းပေါင်းစပ်မှုအားနည်းတာ၊ တာဝန်ပေါ့လျော့တာ စတာတွေအတွက် လိုအပ်သလို အရေးယူပေးဖို့ ပြည်ထောင်စုဝန်ကြီးဌာနကို တင်ပြထားတယ်လို့ စစ်ကိုင်းတိုင်း လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းက ပြန်လည်ဖြေကြားထားပါတယ်။

စစ်ကိုင်းတိုင်းမှာ သတင်းရယူခွင့်နဲ့ပတ်သက်ပြီး ကျန်းမာရေးဌာနအပြင် ပြည်ထဲရေးလက်အောက်ရှိ အကျဉ်းဦးစီး၊ ရဲတပ်ဖွဲ့တို့ကလည်း သတင်းရယူခွင့် ခက်ခဲတဲ့ ဌာနတွေ ဖြစ်ပါတယ်။

မျက်မှောက်ခေတ်

error: Content is protected !!