Home > သတင်း > စီးပွားရေး > မုံရွာမြို့သို့ ဆောင်းခိုငှက်ဝင်ရောက်မှု ၄ နှစ်အတွင်း သိသိသာသာ လျော့နည်းလာ

မုံရွာမြို့သို့ ဆောင်းခိုငှက်ဝင်ရောက်မှု ၄ နှစ်အတွင်း သိသိသာသာ လျော့နည်းလာ

စစ်ကိုင်တိုင်းဒေသကြီး၊ မုံရွာမြို့မှာ အခုလို ဆောင်းရာသီချိန်ဆို မြို့ပေါ်က အင်းတွေမှာ ဆောင်းခိုငှက် အများပြားမြင်တွေ့ရလေ့ရှိတဲ့ ညောင်ကိုင်းအင်းမှာတော့ သဘာဝပတ်ဝန်းကျင် ဂေဟစနစ်တွေ ယိုယွင်းစပြုလာတာနဲ့ ငှက်ဖမ်းဆီးသူတချို့ရှိနေတာတွေကြောင့် ၄ နှစ်အတွင်း ဆောင်းခိုငှက် ဆင်းသက်နားခိုတာတွေ တဖြည်းဖြည်းနည်းပါးလာတယ်လို့ သိရပါတယ်။ ညောင်ကိုင်းအင်းအနေနဲ့ ရေဝင်ရေလွှဲစနစ်မှန်ကန်မှုမရှိတာ၊ လူနေအိမ်ခြေ ချဲ့ထွင်မှုများပြားလာတာနဲ့ အမှိုက်များ စည်းကမ်းမဲ့စွန့်ပစ်တာတွေရှိလာတဲ့အတွက် သဘာဝဟေဂစနစ်များ ယိုယွင်းလာတဲ့ အနေထားမှာ ရှိနေပြီး ကောင်းကင်ပိုက်တန်းထောင်ပြီး ငှက်များဖမ်းဆီးသူတချို့ကြောင့် ဆောင်းခိုငှက်မျိုးစိတ်များ လာရောက်မှု နည်းပါးလာရတယ်လို့ သိရပါတယ်။

“ဆောင်းခိုငှက်ဆိုတာက အေးတဲ့ ဒေသတွေမှာ ဒီအချိန်ရေခဲတာတွေကြောင့် အစာရှာရတာနဲ့မီးဖွားရတာ ခဲယဉ်းတဲ့အတွက် နွေးထွေးမှုရှိတဲ့ ဒီလိုဒေသတွေဆီကို အဝေးကနေ Fly Way ရောက်ရှိလာတာဖြစ်တယ်။ အဲ့လို အဝေးက ပျံသန်းလာရာမှာ ဘယ်နေရာ ခဏနားမလဲ။ ဘယ်နေရာဟာ အဓိက စားကျက်ဖြစ်တယ်ဆိုတာကို သူ့တို့ရဲ့ အသိဉာဏ်က မှတ်သားနိုင်တဲ့ သဘောရှိကြတယ်။ အင်းဆိုတာက ငါးလဲရှိတော့ တချို့ငှက်တွေအတွက် အစားစာလဲ ရစေတယ်ပေါ့ ။ ၂၀၁၇ -၂၀၁၈ ခုနှစ်လောက်က ညောင်ကိုင်းအင်းသာယာရေးအတွက် တူးဖော်ကြတော့ ရေမသွင်းပဲ ထားလိုက်တာရှိတယ်။ အဲ့ဒီမှာ ဆောင်းခိုငှက်တွေအတွက် လမ်းကြောင်းပျက်‌သွားတာလဲပါတယ်။ အင်းထဲမှာ လူနေအိမ်ခြေများလာတာလဲ တကြောင်းပေါ့။ နောက်တခုက အခုလို ဆောင်းလာခိုကြတဲ့ငှက်တွေကို ဖမ်းယူစားသောက်ကြတာနဲ့ စီးပွားဖြစ်ရောင်းချတာကြောင့် ငှက်အလာနည်းသွားတာပါတယ်။ တချို့ငှက်တွေဆိုရင် ခရုကိုစားသောက်ကြတယ်။ ဥပမာ ခရုစုပ်ငှက်လိုပေါ့။ အဲ့လို ငှက်မျိုးဆိုရင် သီးနှံတွေမှာ အကျိုးပြုတယ်။ ခရုတွေများလာရင် သီးနှံတွေပါ ပျက်စီးနိုင်တာကိုး။ အဲ့လို ငှက်မျိုးတွေရှိတော့ မြေဆီရဲ့ ဟေဂစနစ်ပျက်စီးနိုင်မှုကို ကာကွယ်ပြီးသား ဖြစ်စေတယ်။ ‌ကျနော်က ညောင်ကိုင်းအင်းကို အမြဲလေ့လာသူဖြစ်တော့ သတိထားမိသလောက် တင်ကြီးငှက်လိုဆိုရင် အခု သိပ်မတွေ့ရတော့ဘူး။ ‌ဆောင်းခိုငှက်အများစုက မှတ်သားဉာဏ်က သားစဉ်မြေးဆက်အထိ ရှိတာ။ သူတို့အတွက် စားကျက်မရှိဘူး။ ဆင်းသက်နားခိုဖို့ရာ အန္တရာယ်များတယ်ဆိုရင် နောင်နှစ်တွေလဲ အဲ့လိုနေရာမျိုး မလာကြတော့ဘူးဆိုတဲ့သဘောပေါ့။ ဖြစ်စေချင်တာက ကျောင်းစာတွေမှာ ငယ်ကတည်းက သဘာဝပတ်ဝန်းကျင်နဲ့ ရှားပါးသတ္တဝါတွေကို ချစ်မြတ်နိုးတတ်ဖို့၊ ထိန်းသိမ်းတတ်ဖို့ရာအတွက် သင်္ခန်းစာတွေထဲပြဌာန်းပြီး သင်ကြားပေးစေချင်ပါတယ်။” လို့ ငှက်သုသေတီဖြစ်တဲ့ ဒေါက်တာဌေးခိုင် (Zoology dept Birds specialist ) က ပြောပါတယ်။

ညောင်ကိုင်းအင်းအတွင်းမှာ အင်းမြေတွေကို အိမ်ဝန်းအကွက်ရိုက် တိုးချဲ့ခြင်း၊ ရောင်းချခြင်းမပြုလုပ်ကြဖို့ မကြာသေးခင်ကပဲ မုံရွာခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ဆိုင်းဘုတ်များကို လာရောက် စိုက်ထူထားသလို မုံရွာမြိုနယ် သစ်တောဦးစီးဌာနမှလဲ ဆောင်းခိုငှက်တွေကို ဖမ်းယူသတ်ဖြတ်ခြင်းမပြုကြဖို့ အသိပညာပေးဆိုင်းဘုတ်တွေကို စိုက်ထူထားတာလဲ ရှိပါတယ်။

“ကျနော်တို့ ဟိုနေ့က ကွင်းဆင်းကြည့်တော့ ကောင်းကင်ပိုက်ထောင်တာတော့ သိပ်မတွေ့ရပါဘူး။ ဒါပေမယ့် ဆောင်းခိုငှက်တချို့အနေနဲ့ ဖားရှာ၊ ငါးရှာဆိုတော့ ငါးဖမ်းပိုက်တွေနဲ့ ညှိပြီး ဖမ်းဆီးခံရတာတော့ ဖြစ်ကောင်း ဖြစ်နိုင်တယ်။ တောရိုင်းသားဌက်၊ တိရိစ္ဆာန်များထိန်းသိမ်းကာကွယ်ရေးမှာ ဥပဒေအရ အကာကွယ်ပေးထားတဲ့ ရှားပါးငှက်တွေရှိပါတယ်။ ဖမ်းဆီးတာ သတ်ဖြတ်တာတွေကို သက်သေခံပစ္စည်းနဲ့တကွ မိရင်တော့ အရေးယူသွားမှာဖြစ်ပါတယ်”လို့ မုံရွာမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးမှုး ဦးသန်းစိုးက ပြောပါတယ်။

ညောင်ကိုင်းအင်းမှာ လွန်ခဲ့တဲ့ ၄ နှစ်လောက်က ဆောင်းလာခိုကြတဲ့ ဗျိုင်းမျိုးစိပ်များ ၊ ဟင်္သာ ၊ တင်ကြီးဌက်၊ ကြိုးကြာငှက်၊ တောဘဲ၊ ရေကြက်၊ ခရုတုပ်၊ ခရုစုပ်၊ ဒညှင်း စတဲ့ ဌက်အမျိုးစားများအပြင် တခြားရှားပါး ငှက်မျိုးစိတ်များစွာလဲ ထောင်နဲ့ချီလာရောက်ကျက်စားလေ့ရှိပြီး ယခုနှစ်တွေမှာတော့ ဆင်းသက်နားခိုတာတွေ သိပ်မတွေ့ရတော့ဘူးလို့ သိရပါတယ်။

“ညောင်ကိုင်းအင်းထဲမှာက အိမ်ခြေဝယ်ထားသူတွေက အဆောက်ဦးတွေဆောက်လာတာလဲပါတယ်။ အဲ့ဒီတော့ ငှက်နားဖို့တောင် ခြုံကိုင်းက နည်းသွားတယ်။ နောက်ပြီး ကောင်းကင်ပိုက်တန်းထောင်သူတွေက ညဘက်တွေမှာ ထောင်ကြတယ်။ တခါမိရင် အကောင် ၄၀ အထက်မှာ ရှိတာ။ အရင်က ရှားပါးငှက်မျိုးစုံကလဲ လူတွေရဲ့ ဒီလိုလုပ်ရပ်တွေကြောင့် မဆင်းသက်ရဲကြတော့ဘူးဖြစ်သွားတာ။ ဒါတွေကို အမြန်ဆုံးထိန်းသိမ်းဖို့ လိုနေပြီဖြစ်ပါတယ်။” လို့ မုံရွာမြို့‌ခံ ကိုမောင်ညိုက ပြောပါတယ်။

ညောင်ကိုင်းအင်းကို အခုလိုရာသီချိန်မှာ ရှားပါးငှက်မျိုးစိတ်များလေ့လာသူတွေအနေနဲ့ ‌လာရောက်လေ့လာနိုင်စရာနေရာအဖြစ် သက်ဆိုင်ရာတာဝန်ရှိသူများက ထိန်းသိမ်းပံ့ပိုးပေးဖို့ရာ မုံရွာမြို့ဒေသခံပြည်သူတွေကလိုလားနေကြတာပါ။ ဒါပေမယ့်လည်း ‌အင်းကို ပြန်လည်ထိန်းသိမ်းဖို့ရာ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့အနေနဲ့ အစီစဉ်ရှိပေမယ့် အင်းမြေဧရိယာအတွင်း လူနေအိမ်များအဖြစ် အကွက်ရိုက်ရောင်းချမှုတွေနဲ့ အိမ်ယာမရှိကြတဲ့ ကျူးကျော်နေထိုင်သူတွေကို ဖယ်ရှားဖို့ရာကလဲ တိုင်းဒေသကြီးအစိုးရအတွက် စိန်ခေါ်မှုတစ်ရပ်အဖြစ် ခက်ခဲစေနိုင်တယ်သုံးသပ်မှုတွေလဲ ရှိပါတယ်။ ‌မုံရွာမြို့ရှိ ညောင်ကိုင်းအင်းဟာ ထန်းတောရပ်ကွက်နဲ့ ပြည်ထောင်စုလမ်းဘေးမှာတည်ရှိပြီး အင်းဧရိယာဟာ ဧက ၃၀၀ ကျော် ကျယ်ဝန်းပါတယ်။

ချင်းတွင်းဧရာ

error: Content is protected !!