Home > သတင်း > ကျန်းမာရေး > ကလေးတွင် ကိုဗစ်အတည်ပြုလူနာတစ်ဦး ထပ်မံသေဆုံးခဲ့ပြီး သေဆုံးလူနာ ၁၁ ဦးအထိရှိလာ

ကလေးတွင် ကိုဗစ်အတည်ပြုလူနာတစ်ဦး ထပ်မံသေဆုံးခဲ့ပြီး သေဆုံးလူနာ ၁၁ ဦးအထိရှိလာ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ တိုင်းရင်းဆေးရုံမှာ ဆေးကုသမှုပေးနေတဲ့ ကိုဗစ်အတည်ပြု အမျိုးသမီးတစ်ဦး ဇန်နဝါရီလ ၂၆ ရက်နေ့ မနက် ၂ နာရီခွဲအချိန်က သေဆုံးခဲ့တယ်လို့ ကလေးမြိုနယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တာဝန်ရှိသူက ပြောပါတယ်။ သေဆုံးလူနာဟာ အသက် ၂၆ နှစ် အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး ကလေးမြို့ ညောင်ပင်သာရပ်ကွက်မှာ နေထိုင်သူဖြစ်ပါတယ်။

“သေဆုံးသူက ဖျားလို့ဆေးရုံလာပြတာကနေ သံသယဖြစ်လို့စစ်ဆေးရာမှာ ပိုးတွေ့တာ။ သူကဆေးရုံတက်လာကတည်းက နှာခေါင်းသွေးလျှံတယ်။ positive လဲတွေ့တယ်။ Positive တွေ့တော့ Positive လူနာအဆောင် ပို့ပေးလိုက်တယ်။ သူ့မှာရောဂါအခံနဲ့ဆုံးသွားတာ။”လို့ ကလေးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျုံးလျန်ထန်းက ပြောပါတယ်။

သေဆုံးသူအလောင်းကိုတော့ ဒီကနေ့ နံနက်ပိုင်းက ချက်ချင်း ကလေးမြို့နယ် ဒိုးဝိုင်းချောင်းသုသာန်မှာ မီးသဂြိုလ်ခဲ့ပြီး ကလေးမြို့နယ်မှာ ကိုဗစ်ကြောင့် သေဆုံးသူ ၁၁ ဦးရှိပြီဖြစ်တယ်လို့လည်း သိရပါတယ်။ ကလေးမြိုနယ်မှာ ကိုဗစ်အတည်ပြုလူနာ ၄၆၁ ဦးရှိပြီး အဲဒီထဲက ဆေးရုံကနေ ဆင်းခွင့်ရသူ ၄၂၂ ဦးရှိတယ်လို့လည်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က ဇန်နဝါရီလ ၂၆ ရက်နေ့က ထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးမှာ ကိုဗစ်ကြောင့် သေဆုံးသူ ၂၇ ဦးရှိပြီး ကလေးမြို့နယ်မှာ ၁၁ ဦး၊ စစ်ကိုင်း ၂ ဦး၊ တမူး ၁ ဦး၊ ရွှေဘို ၃ ဦး၊ မုံရွာ ၃ ဦး၊ မြောင် ၁ ဦး၊ ကန့်ဘလူ ၁ ဦး၊ ယင်းမာပင် ၁ ဦး၊ ကောလင်း ၁ ဦးနှင့် အရာတော် ၁ ဦးတို့ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးမှာ မြို့နယ်ပေါင်း ၃၇ မြို့နယ်ရှိတဲ့အထဲက မြို့နယ် ၃၃ မြို့နယ်မှာ ပိုးတွေ့လူနာ ၂၅၄၄ ဦးရှိပြီး ဆေးရူံကနေ ဆင်းခွင့်ရသူ ၂၀၆၆ ဦးရှိပြီဖြစ်တယ်လို့လည်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က ဇန်နဝါရီလ ၂၅ ရက်နေ့က ထုတ်ပြန်ချက်အရ သိရပါတယ်။

ပိုတေး

error: Content is protected !!