Home > သတင်း > ကျန်းမာရေး > ပိုးတွေ့လူနာများပြားလာတဲ့ မြင်းမူမြို့နယ်၊ ကြော့မင်းကျေးရွာကို Stay At Home သတ်မှတ်

ပိုးတွေ့လူနာများပြားလာတဲ့ မြင်းမူမြို့နယ်၊ ကြော့မင်းကျေးရွာကို Stay At Home သတ်မှတ်

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ် ကြော့မင်းကျေးရွာတွင် ကိုဗစ်ပိုးတွေ့လူနာ များ ပြားလာသဖြင့် ဇန်နဝါရီလ (၂၄) ရက်နေ့မှ စတင်၍ (၁၄) ရက်ကြာ Stay At Home သတ်မှတ်ထားတယ်လို့ မြင်းမူမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် တစ်ဦးထံမှ သိရသည်။

မြင်းမူမြို့နယ်၊ ကြော့မင်းကျေးရွာတွင် ဇန်နဝါရီလ (၂၂) ရက်နေ့မှ ယနေ့အထိ ပိုးတွေ့လူနာ (၃၂) ဦးအထိ တွေ့ရှိထားတာဖြစ်တဲ့အတွက် (၁၄) ရက်ကြာ Stay At Home သတ်မှတ်ထားတာ ဖြစ်ပါတယ်။

“ပိုးတွေ့လူနာတွေများလာတဲ့အတွက် ကြော့မင်းကျေးရွာကို မနေ့က အစည်းအဝေးထိုင်ပြီး Stay Home လုပ်လိုက်တာပါ။ ကျန်းမာရေးမကောင်းလို့ မန္တလေး ဆေးရုံကြီးကို သွားပြတဲ့ လူနာစောင့်က နေမကောင်းလို့ မုံရွာဆေးရုံသွားပြတာကနေ စစ်လိုက်တော့ ပိုးတွေ့ခဲ့တာပါ။ သူနဲ့ဆက်စပ်တဲ့ဟာတွေ စစ်လိုက်တာ ဒီနေ့အထိ ပိုးတွေ့ (၃၂) ယောက်ရှိပါပြီ။ ကျေးရွာကို မြို့နယ်ကနေလိုအပ်တဲ့ ဆန်တို့၊ ကြက်ဥတို့၊ ခေါက်ဆွဲခြောက်တို့ ထောက်ပံ့ပေးပါတယ်။ ပြည်သူတွေကလည်း ဟင်းရွက်သီးနှံတို့၊ Mask တို့၊ Hand Gel တို့ လက်အိပ်တို့ကို ထောက်ပံ့ပေးပါတယ်။ ပြည်သူတွေအနေနဲ့ ဒါကိုမပေါ့ဆစေချင်ပါဘူး။ အခုတစ်ယောက်ကစလိုက်တာ အများကြီးဖြစ်သွားတယ်။”လို့ မြင်းမူမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်နီလာလွင်က ပြောပါတယ်။

မန္တလေးပြည်သူ့ဆေးရုံကို လူနာစောင့်အဖြစ်သွား ရောက်ခဲ့တဲ့ မြင်းမူမြို့နယ်၊ ကြော့မင်းကျေးရွာမှ အသက် (၄၈) နှစ်အရွယ် အမျိုးသားက ဇန်နဝါရီ (၂၂) ရက်နေ့က မုံရွာမြို့ ပြည်သူ့ဆေးရုံကို ဆေးကုသရန် ရောက်ရှိရာမှ ကိုဗစ်ပိုးရှိ/မရှိစစ်ဆေးခဲ့ရာ ပိုးတွေ့ရှိခဲ့တဲ့အတွက် သူနဲ့ထိတွေ့သူတွေကို မြင်းမူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက RDT test kit နဲံ စစ်ဆေးခဲ့ရာ ဒီနေ့အထိ ကြော့မင်းမင်းကျေးရွာတွင် ပိုးတွေ့ (၃၂) ဦးအထိ တွေ့ရှိထားတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၂၅)ရက်နေ့ ညနေ ၄ နာရီအချိန် ထုတ်ပြန်ချက်အရ မြင်းမူမြို့နယ်မှာ ကိုဗစ်အတည်ပြုလူနာ (၅၃) ဦးရှိပြီး အဲဒီထဲမှ ဆေးရုံကနေ ဆင်းခွင့်ရသူ (၁၆) ဦးရှိကာ ကုသဆဲ (၃၇) ဦး ရှိတယ်လို့ သိရပါတယ်။

အေပီတီ

error: Content is protected !!