Home > သတင်း > တရားဉပဒေစိုးမိုးရေး > ကောလင်းမြို့မှာ KNU – N.D.A ထာဝရငြိမ်းချမ်းရေးတပ်ဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိသူထံမှ ရွှေပါဝင်သည်ဟုယူဆရတဲ့ မြေစာအိတ်များနဲ့ လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ

ကောလင်းမြို့မှာ KNU – N.D.A ထာဝရငြိမ်းချမ်းရေးတပ်ဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိသူထံမှ ရွှေပါဝင်သည်ဟုယူဆရတဲ့ မြေစာအိတ်များနဲ့ လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့၊ မြောက်အင်းရပ်ကွက်၊ အောင်သီရိရပ် ၂ လမ်းရှိ နေအိမ်တစ်အိမ်ကို ဇန်နဝါရီလ ၂၃ ရက်နေ့က မူးယစ်ဆေးဝါးအပါဝင် တရားမဝင် ရွှေချက်ကန်ပြုလုပ်နေ‌တယ်လို့ သတင်းရရှိတဲ့အတွက် ဝင်ရောက်စစ်ဆေးရာမှာ ရွှေပါဝင်တယ်လို့ယူဆရတဲ့ မြေစာအိတ်တွေနဲ့အတူ လက်နက်ခဲယမ်းတွေကို သက်ဆိုင်ရာပူးပေါင်းအဖွဲ့က ရှာဖွေ ဖမ်းဆီးရမိခဲ့ပါတယ်။

အဲဒီနေရာကို သတင်းပေးချက်အရ မြို့နယ်အထွေထွေအုပ်ချုပ်ရေးတာဝန်ရှိသူတွေ၊ ရဲတပ်ဖွဲ့ ၊ သတ္တုတွင်း၊ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ စတဲ့ ဌာနတွေက တာဝန်ရှိတွေအပါဝင် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ ပူးပေါင်းပြီး သွားရောက်စစ်ဆေးရာမှာ အခုလို ဖမ်းဆီးရမိခဲ့တာပါ။

ဝင်ရောက် စစ်ဆေးတဲ့ နေအိမ်မှာ လက်ရှိနေထိုင်သူက KNU – N.D.A ထာဝရငြိမ်းချမ်းရေးတပ်ဖွဲ့မှ ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိသူ စောအယ်ဆေးထူး (ခ) စောရာဇာ ဆိုသူဖြစ်ပြီး စစ်ဆေးရာမှာတော့ နေအိမ်ဝန်းအတွင်းမှ အဝါရောင်ပီနံအိတ်နဲံထည့်ထားတဲ့ ရွှေပါဝင်တယ်လို့ယူဆရတဲ့ ဗြုန်းမြေစာအိတ် ( ၃၃ )အိတ်၊ အချင်း ၆ လက်မခန့်၊ အရှည် ၂ လက်မခန့်ရှိ တစ်ဖက်ပိတ် ကွန်ကျူးပိုက်နဲ့ပြုလုပ်ထားတဲ့ ကာဗွန်ပြောင်း (၁) ခု၊ ရွှေချက်ကန်ဖျက်သိမ်းထားတဲ့ မြေစာ (၂ ) ပိဿာခန့်၊ ပွိုင့် ၃၅ အမျိုးစား ပစ္စတိုကျည်ဆံ (၁၂) တောင့်၊ ဒင်ပြောင်းရှည် ၄ လက်မခန့်ရှိ မောင်းခလုပ်စပရိန်ပျက်နေတဲ့ တူမီး (၁) လက်၊ ဒင်ပြောင်းရှည် ၂ .၃ ပေခန့်ရှိ ဒူးလေးသေနတ် (၁) လက်၊ ၈ မီလီမီတာ သံဘောစိ (၂၅ ) လုံး၊ USA တံဆိတ်ပါ ပစ္စတိုအိတ် (၁) အိတ် တို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ မူးယစ်ဆေးဝါးတွေကိုတော့ ဖမ်းဆီးရမိခြင်းမရှိခဲ့ဘူးလို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သတ်လို့ ကောလင်းမြို့နယ် ရဲတပ်ဖွဲ့မှ ဒုရဲမှုးမျိုးသူကို ဆက်သွယ်မေးမြန်းရာမှာတော့ “ဟုတ်ပါတယ်။ အခုလို ဖမ်းဆီးရမိခဲ့တာကတော့ အမှန်ပါပဲ။” လို့ အတည်ပြုပြောကြားပါတယ်။

အခုလို လက်နက်ခဲယမ်းများနဲ့အတူ ပစ္စည်းများတွေ့ရှိရတာနဲ့ပတ်သတ်ပြီး KNU – N.D.A ထာဝရငြိမ်းချမ်းရေးတပ်ဖွဲ့မှ ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိသူ စောအယ်ဆေးထူး (ခ) စောရာဇာ ဆိုသူကို ကောလင်းမြို့နယ်ရဲတပ်ဖွဲ့မှ (ပ) ၁၂/ ၂၀၂၁၊ မြန်မာ့သတ္တုတွင်းဥပဒေပုဒ်မ ၃၀(က)၊ (ပ)၁၃/၂၀၂၁ လက်နက်ဥပဒေ ၁၉(င)နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

အမှုဖွင့်အရေးယူခံထားရတဲ့ KNU – N.D.A ထာဝရငြိမ်းချမ်းရေးတပ်ဖွဲ့မှ ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိသူ စောအယ်ဆေးထူး (ခ) စောရာဇဟာ လက်ရှိနေအိမ်ကို ငှားရမ်းနေထိုင်တာဖြစ်ပြီး စစ်ကိုင်းမြို့က ပါရမီရပ်မှာ နေထိုင်သူတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။

ချင်းတွင်းဧရာ

error: Content is protected !!