Home > သတင်း > ကျန်းမာရေး > မုံရွာမြို့တွင် ကိုဗစ်ပိုးတွေ့လူနာ များပြားလာသဖြင့် နေအိမ် တစ်ချို့ အသွားအလာကန့်သတ်

မုံရွာမြို့တွင် ကိုဗစ်ပိုးတွေ့လူနာ များပြားလာသဖြင့် နေအိမ် တစ်ချို့ အသွားအလာကန့်သတ်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ပိုးတွေ့လူနာ များပြားတဲ့အတွက် ပိုးတွေ့နေအိမ်တစ်ချို့ကို ဇန်နဝါရီလ ၂၄ ရက်နေ့ ညနေပိုင်းကစတင်ကာ အသွားအလာ ကန့်သတ်လိုက်တယ်လို့ မုံရွာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူက ပြောပါတယ်။ မုံရွာမြို့တွင် ယနေ့ ဇန်နဝါရီလ ၂၄ ရက်နေ့ တစ်ရက်ထဲမှာ ညနေပိုင်းအထိ ပိုးတွေ့လူနာအသစ် ၁၅ ဦး တွေ့ရှိခဲ့ပြီး ဘုရားကြီးရပ်ကွက်၊ နိဗ္ဗာန်လမ်းရှိ နေအိမ်တစ်အိမ်ထဲကတင် ပိုးတွေ့လူနာ ၃ ဦးအထိရှိခဲ့ပါတယ်။ ဒီအတွက် အဲဒီလမ်းက နေအိမ် ၆ လုံး၊ အိမ်ထောင်စု ၆ စု၊ လူဦးရေ ၁၇ ဦးကို ၁၁ ရက်ကြာ အသွားအလာကန့်သတ်လိုက်တာပါ။

“ဘုရားကြီးရပ်ကွက်က နိဗ္ဗာန်လမ်းကို Stay Home ချလိုက်တာပါ။ ၆ အိမ်ထောင်စုနဲ့ လူ ၁၇ ယောက် ရှိပါတယ်။ အဓိက ကတော့ ၁ အိမ်ထဲကို positive ၃ ယောက်‌ ထွက်သွားတဲ့အတွက် Stay home ချလိုက်တာပါ။ ဆန်၊ ဆီ၊ ဟင်းသီးဟင်းရွက်တွေကိုလည်း ထောက်ပံ့ ပေးသွားမှာပါ။”လို့ မုံရွာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအာကာမြင့် ကပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၁ ရက်နေ့က စတင်ကာ မုံရွာမြို့၊ မြဝတီရပ်ကွက်၊ သစ္စာလမ်း၊ လမ်းသွယ် ၄ က နေအိမ် ၈ အိမ်၊ လူ ၃၆ ဦးကို ပထမဆုံးအကြိမ် အသွားအလာကန့်သတ်ခဲ့ရာ လက်ရှိအချိန်ထိ ၆ နေရာ ရှိပြီဖြစ်ပါတယ်။

“မုံရွာမှာ ပထမဆုံးအကြိမ်အဖြစ် မြဝတီရပ်ကွက်ကို အသွားအလာကန့်သတ်ခဲ့တယ်။ ပြီးတော့ ထန်းတော အောင်ရတနာ၊ ဘုန်းစိုး၊ နတ်လူထိပ်ပန်ရပ်ကွက်တို့မှာ အသွားအလာ ကန့်သတ်ခဲ့ပါတယ်။ အခု ဘုရားကြီး၊ နိဗ္ဗာန်လမ်းမှာ အသွားအလာကန့်သတ်တာက အကြိမ် အရေအတွက် နဲ့ဆိုရင် ၆ ကြိမ် မြောက်ဖြစ်ပါတယ်။”လို့လည်း ဦးအာကာမြင့်က ထပ်ပြောပါတယ်။

ယနေ့ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့ ညနေပိုင်း အထိ မုံရွာမြို့နယ်တွင် ကိုဗစ်လူနာအသစ်တွေ့ရှိမှု အနေနဲ့ ချမ်းမြဝတီရပ်ကွက်မှ ၂ ဦး၊ ဘုရားကြီးရပ်ကွက်မှ ၂ ဦး၊ ထန်းတောရပ်ကွက်မှ ၁ ဦး၊ ရန်ကင်းရပ်ကွက်မှ ၃ ဦး၊ ပြည်တော်သာရပ်ကွက်မှ ၁ ဦး၊ မြို့သစ်ရပ်ကွက်မှ ၁ ဦး၊ မြဝတီရပ်ကွက်မှ ၂ ဦး၊ ရတနာပုံရပ်ကွက် ၁ ဦး၊ စက်မှုဇုံ ၁ ဦး၊ နန္ဒဝန်ရပ်ကွက် ၁ ဦး စုစု ပေါင်း ၁၅ ဦးတွေ့ရှိထားပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့ ညနေ ၄ နာရီအချိန် ထုတ်ပြန်ချက်အရ မုံရွာမြို့နယ်မှာ ကိုဗစ်အတည်ပြုလူနာ ၂၀၁ ဦးရှိပြီး အဲဒီထဲမှ ဆေးရုံကနေ ဆင်းခွင့်ရသူ ၁၃၉ ဦးရှိကာ ကုသဆဲ ၅၉ ဦးနှင့် သေဆုံးသူ ၃ ဦးရှိတယ်လို့ သိရပါတယ်။

အေပီတီ

error: Content is protected !!