Home > သတင်း > စီးပွားရေး > ချင်းတွင်းမြစ်ရဲ့ ၅ စင်းမြောက် မြစ်ကူးတံတား ထမံသီတွင် စတင်တည်ဆောက်

ချင်းတွင်းမြစ်ရဲ့ ၅ စင်းမြောက် မြစ်ကူးတံတား ထမံသီတွင် စတင်တည်ဆောက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းတွင်းမြစ်အထက်ပိုင်း၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်မှာ ထမံသီနှင့် ပင်းမာကျေးရွာကို ဆက်သွယ်မယ့် ချင်းတွင်းတံတား(ထမံသီ) ကို ဇန်နဝါရီလ ၁၉ ရက်နေ့ကစပြီး စတင် တည်ဆောက်နေပြီ ဖြစ်ပါတယ်။ တံတားတည်ဆောက်ဖို့အတွက် ဇန်နဝါရီလ ၁၉ ရက်နေ့က လွှတ်တော်ကိုယ်စားလှယ်တွေ၊ တံတားတည်ဆောက်ရေးတာဝန်ရှိသူတွေ တက်ရောက်ပြီး ပန္နက်ရိုက်အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြတာပါ။

“နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက လေရှီးမြို့နယ်နှင့် ပြည်မနဲ့ ဆက်သွယ်ဖို့ပါ။ အဲဒီတံတား တည်ဆောက်ပြီးသွားရင်တော့ နာဂဘက်မှာရှိတဲ့ပြည်သူတွေက တောက်လျှောက် ကားနဲ့သွားလာနိုင်ပြီ။ မနေ့ကစပြီး ပန္နက်ချပါတယ်။”လို့ ဟုမ္မလင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိးညွန့်ကပြောပါတယ်။

အဲဒီတံတားကို အခုနှစ် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘတ်ဂျက် ၂ ဘီလီယံနဲ့ စတင်ဆောင်ရွက်နေတာဖြစ်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တံတားတည်ဆောက်ရေးအဖွဲ့ ၂ က တာဝန်ယူတည်ဆောက်နေတာ ဖြစ်ပါတယ်။ အခုလက်ရှိတည်ဆောက်နေတဲ့ ချင်းတွင်းတံတား(ထမံသီ)မှာ အရှည် ၈၀၂ မီတာ၊ အကျယ် ၉.၄ မီတာရှိပြီး ၂ နှစ်အကျော်အကြာ ပြီးစီးဖို့ ခန့်မှန်းထားတယ်လို့လည်း သိရပါတယ်။

“နာဂဒေသက ကုန်စည်တွေအားလုံး မုံရွာ၊ မန္တလေးကို တိုက်ရိုက်ပို့နိုင်မယ်။ မြစ်ကြောင်းအတားအဆီးတွေ ကျော်လွှားပြီးတော့လေ။ ကုန်စည်စီးဆင်းမှု မြန်ဆန်လာမယ်။ နာဂဒေသရဲ့ ဖွံ့ဖြိုးတိုးတက်မှုကလဲ ဒီတံတားက အရေးပါအရောက်ပါတယ်။”လို့လည်း ကိုယ်စားလှယ်က ပြောပါတယ်။

ချင်းတွင်းတံတား(ထမံသီ)ကို ကုန်ကျစရိတ် ငွေကျပ် ၃၃ ဘီလီယံ အကုန်ကျခံပြီး တည်ဆောက်တာဖြစ်ပါတယ်။ ဒီတံတားက ချင်းတွင်းမြစ်ကို ဖြတ်ပြီး တည်ဆောက်ထားတဲ့ တံတားတွေထဲက ၅ စင်းမြောက်တံတားလည်းဖြစ်ပါတယ်။ အရင်က ချင်းတွင်းမြစ်ပေါ်ဖြတ်ကာ တည်ဆောက်ထားတဲ့ ဆင်ဖြူရှင်တံတား (ချောင်းဦးမြို့နယ်)၊ ချင်းတွင်းတံတား(မုံရွာ)၊ ချင်းတွင်းတံတား(ကလေးဝ)၊ ချင်းတွင်းတံတား(ဟုမ္မလင်း)တို့ကို တည်ဆောက်ခဲ့ပြီးဖြစ်ကာ ကုန်စည်စီးဆင်းမှုတွေက အရင်ကထက် ပိုမိုမြန်ဆန်လာခဲ့ပါတယ်။

ပိုတေး

error: Content is protected !!