Home > သတင်း > တရားဉပဒေစိုးမိုးရေး > ဟားခါးတွင် လူနေအိမ် ၃ လုံးမီးလောင်၊ အမျိုးသားတစ်ဦး သေဆုံး

ချင်းပြည်နယ်၊ ဟားခါးမြို့၊ မြို့သစ်ရပ်ကွက်မှာ ဇန်နဝါရီလ ၉ ရက်နေ့ ညဉ့်နက်ပိုင်းအချိန်က မီးလောင်မှုတစ်ခုဖြစ်ပွားကာ လူနေအိမ် ၃ လုံးမီးလောင်ကျွမ်းခဲ့ပြီး အိမ်ဌားနေထိုင်သူ အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ ဟားခါးမြို့နယ် မီးသတ်ဦးစီးဌာနက သိရပါတယ်။ အိမ်ငှားနေထိုင်သူ အသက် ၃၆ နှစ်အရွယ် ဦးသန်းဝင်းရဲ့ နေအိမ်အိပ်ခန်းအတွင်း လျှပ်စစ်အပူပေးကိရိယာ (Electronic Heater) အပူလွန်ကဲရာကနေ စတင်လောင်ကျွမ်းခဲ့တာပါ။ မီးလောင်မှုကြောင့် မီးစတင်လောင်ကျွမ်းခဲ့တဲ့ အိမ်အပါအတင် ဘေးကတခြားလူနေအိမ်နှစ်လုံးကိုလဲ မီးကူးစက်လောင်ကျွမ်းခဲ့တာပါ။

“ဟားခါးမှာ ဇန်နဝါရီလ ၉ ရက်နေ့ ည ၁၁ နာရီ ၂၀ မိနစ်အချိန်က မီးလောင်မှုဖြစ်ပွားခဲ့တာပါ။ မီးစတင်လောင်တဲ့အိမ်က အိမ်ငှားဖြစ်သူ ဦးသန်းဝင်း မီးလောင် သေဆုံးခဲ့တာပါ။ ဟားခါးဆေးရုံကိုပို့ပေးခဲ့တယ်။ နေအိမ် စုစုပေါင်း ၃ လုံး မီးလောင်ကျွမ်းခဲ့ပါတယ်။”လို့ ဟားခါး မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးသျှန်နွန်မောင်ကပြောပါတယ်။

မီးလောင်မှုကြောင့် အိမ်ရှင် ဦးကရောင်လိန်း (၄၀×၂၆) ပေရှိ သွပ်မိုး၊ သွပ်ကာ၊ ပျဉ်ခင်း နှစ်ထပ်နေအိမ်တစ်လုံး၊ အိမ်ရှင် ဦးညာမုန်းရဲ့ ( ၄၂×၃၀) ပေရှိ သွပ်မိုး၊ သွပ်ကာ၊ ပျဉ်ခင်း နှစ်ထပ်နေအိမ်တစ်လုံးနှင့် အိမ်ရှင်ဦးကရောင်လိန်းရဲ့ ၁၆ ပေ ပတ်လည်ရှိ သွပ်မိုး၊ ဝါးကပ်ကာ၊ ပျဉ်ခင်း တစ်ထပ်နေအိမ်တစ်လုံး စုစုပေါင်းနေအိမ် ၃ လုံးမီးလောင်ကျွမ်းခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးငွေကျပ် ၉၂၄၀၀၀ ရှိတယ်လို့လည်း သိရပါတယ်။

မီးလောင်မှုဖြစ်ပွားရာနေရာသို့ ချင်းပြည်နယ်မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဝင်းနိုင်၊ ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းထွေး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးသျှန်နွန်မောင် ဦးဆောင်ပြီး အုပ်ချုပ်မှုယာဉ် ၂ စီး၊ မီးငြှိမ်းသတ်ယာဉ် ၄ စီး၊ ရေသယ်ယာဉ် ၂ စီး၊ သူနာတင်ယာဉ် ၁ စီးနဲ့အတူ မီးသတ်တပ်ဖွဲ့ဝင် ၄၅ ဦးနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ဒေသခံပြည်သူတွေ ဝိုင်းဝန်းငြိမ်းသတ်ခဲ့ကြရတာပါ။ မီးလောင်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီး မီးပေါ့ဆတဲ့ အိမ်ငှားဖြစ်သူ ဦးသန်းဝင်း (သေဆုံး)ကို ဟားခါးမြို့မရဲစခန်းက (ပ)၅/၂၀၂၁၊ပုဒ်မ ၂၈၅ နဲ့ အရေးယူ ဆောင်ရွက်လျက်ရှိတယ်လို့လည်း သိရပါတယ်။

error: Content is protected !!