တဖြည်းဖြည်း ကျဉ်းမြောင်းတိမ်ကောလာနေတဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့အနီးရှိ မြန်မာနိုင်ငံရဲ့ တတိယအကြီးဆုံး သဘာဝကုန်းတွင်း ရေချို အင်းတော်အင်း မပျောက်ကွယ်ရေးအတွက် အင်းပတ်လမ်းကို သက်ဆိုင်ရာက ဖောက်လုပ်နေတာပါ။ ဒါပေမယ့် အင်းပတ်လမ်းမှာ မြေယာဆုံးရှုံးရမယ့် ဒေသခံတောင်သူတချို့နဲ့ ပြေလည်မှုမရရှိဘဲ လုပ်ကိုင်နေတဲ့အတွက် တားမြစ်တာတွေလည်း ရှိခဲ့ပါတယ်။ လမ်းဖောက်တာကို တားမြစ်ခဲ့တဲ့ ဒေသခံ ၅ ဦးကိုတော့ နာရီပိုင်းအကြာ ရဲစခန်းကို ခေါ်ယူထိန်းသိမ်းခဲ့ပြီး ညနေပိုင်းမှာတော့ အာမခံနဲ့ ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံတွေအရေး လိုက်ပါဆောင်ရွက်ပေးနေသူတစ်ဦးက ပြောပါတယ်။
“အခုအင်းပတ်လမ်းဖောက်တဲ့အခါမှာ လယ်ယာမြေတွေထိခိုက်တယ်။ စီမံကိန်းရဲ့ ကောင်းကျိုးဆိုးကျိုးတွေ၊ ထိခိုက်တဲ့လယ်ယာမြေတွေအတွက် နစ်နာကြေး၊ လျော်ကြေးပေးရမှာတွေရှိတာပေါ့။ အဲလိုလည်း မရှိဘူးလို့ သိရတယ်။ တောင်သူတွေနဲ့ ညှိနှိုင်းဆောင်ရွက်မှု အားနည်းတယ်။ အစည်းအဝေးတွေလုပ်တုန်းကလည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ပြုံးက တောင်သူတွေ သဘောမတူရင် မလုပ်ပါဘူးဆိုပြီးတော့ ပြောထားတယ်။ နောက်နေ့ကျတော့ မြေတူးစက်တွေနဲ့ လမ်းဖောက်တယ်။ မနေ့ကကျတော့ လမ်းဖောက်တာတားတဲ့ တောင်သူ ၅ ဦးဖမ်းခံရတယ်။ ညနေပိုင်းမှာ ပြန်လွှတ်ပေးတယ်။ သူတို့ကတော့ သူတို့အလုပ် ဆက်ပြီး လုပ်နေတုန်းပဲ။ တောင်သူတွေကတော့ အင်အားမရှိဘူး။ ဖမ်းခံရတော့ ကြောက်တာတွေလည်း ရှိတယ်။ တောင်သူတွေနဲ့ ပြေလည်အောင် ညှိနှိုင်းစေချင်တယ်။ ထိခိုက်နစ်နာရင်လည်း ကာလတန်ကြေးနဲ့ အဆင်ပြေအောင် လုပ်ဆောင်စေချင်တယ်။”ဒေသခံတွေအရေး လိုက်ပါဆောင်ရွက်ပေးနေသူ ကိုဇော်မင်းထွဋ်က ပြောပါတယ်။
အင်းတော်အင်းဘေးရှိ သက္ကယ်ကျင်းကျေးရွာက တောင်သူ ဒေါ်ရင်လေး၊ ကိုအေးကို၊ မသဲစု၊ ကိုမောင်မိုး၊ ကိုသန်းစိုးတို့ ၅ ဦးကို အင်းတော်မြို့မရဲစခန်းကို ဇန်နဝါရီလ ၇ ရက်နေ့ နေ့လည်ပိုင်းမှာ ရဲတပ်ဖွဲ့ဝင်တွေက ခေါ်ယူထိန်းသိမ်းခဲ့တာပါ။ ညနေ ၆ နာရီကျော်လောက်မှာတော့ အာမခံနဲ့ ပြန်လည်လွှတ်ပေးခဲ့တာပါ။
အင်းတော်အင်းက အရင်က အလျား ၅ မိုင်၊ အနံ ၃ မိုင်၊ အနက် ပေ ၁၅၀ ကနေ ၂၀၀ ရှိခဲ့ပေမယ့် အခုအခါမှာတော့ ပတ်ဝန်းကျင် စိုက်ပျိုးမြေချဲ့ထွင်တာ၊ လူနေအိမ်တိုးချဲ့တာတွေ၊ အနယ်ကျရောက်တာတွေကြောင့် အင်းက တဖြည်းဖြည်း ကျဉ်းမြောင်း တိမ်ကောလာနေတာလည်း ဖြစ်ပါတယ်။ အင်းတော်အင်း ပတ်ဝန်းကျင်မှာ အင်းရွာ၊ လက်ပံကုန်း၊ သက္ကယ်ကျင်း၊ ပေပင်၊ နမ့်မဟုတ်ကလေး စတဲ့ကျေးရွာ ၅ ရွာရှိပြီး အိမ်ခြေ ၈၀၀ ကျော်ရှိပါတယ်။ အင်းအနီးမှာ စားဖိုချောင်သီးနှံ၊ ပန်း၊ ပဲမျိုးစုံ၊ စပါး တို့ကို စိုက်ပျိုးကြတာပါ။ အင်းကိုတော့ ငါးလုပ်ငန်း ဦးစီးဌာက လေလံပစ်ထားတာဖြစ်ပါတယ်။ ဒီအင်းရေရှည်တည်တံ့စေရေးအတွက် အစိုးရအနေနဲ့ ကွင်းဆင်းတိုင်းတာ နယ်နိမိတ်သတ်မှတ်ပေးဖို့ကို တိုင်းဒေသကြီး လွှတ်တော် ၁၈ ကြိမ်မြောက်ပုံမှန် အစည်းအဝေး ပထမနေ့မှာ အင်းတော်မြို့နယ် တိုင်းဒေသကြီး လွှတ်တေ်ကိုယ်စားလှယ် ဦးသန်းဝင်းက မေးခွန်းမေးမြန်းခဲ့တာပါ။ မေးခွန်းကို လယ်ဆည်ဝန်ကြီးက ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်ကာ ဆောင်ရွက်ပေးသွားမယ်လို့ ပြန်လည်ဖြေကြားထားတာပါ။
“ပြဿနာက ပြေလည်သွားပါပြီ။ အင်းတော်အင်းပတ်လမ်းဖောက်တာပေါ့။ ကျွန်တော်မေးထားတဲ့မေးခွန်းက ကတိဖြစ်တော့ ငါးလုပ်ငန်းရန်ပုံငွေကနေ ၇ သိန်းရတယ်။ အဲဒါနဲ့ တိုင်တွေပဲ စိုက်ထူထားခဲ့တာ။ အင်းက ရေနည်းတဲ့အခါ မြေနုကျွန်းတွေပေါ်ပြီး တောင်သူတွေက တိုးချဲ့တာတွေရှိတယ်။ တချို့က ပုံစံ ၇ ရထားတာတွေလည်း ရှိတော့ အဲဒါနဲ့ အင်းနယ်နိမိတ်ခြားနားဖို့ နယ်စည်းလမ်းအဖြစ် သတ်မှတ်မယ်ဆိုပြီး မြို့နယ်စီခန့်ဆုံးဖြတ်ချက်နဲ့ တိုင်းအစိုးရကို တင်တယ်။ မြို့နယ်ရန်ပုံငွေ သိန်း ၄၀၀ ဝန်းကျင်နဲ့ အင်းပတ်လမ်းသုံးမယ်လို့အစိုးရတင်ပြတော့ အစိုးရက ခွင့်ပြုတယ်။ အဲဒါနဲ့လုပ်တယ်။ တောင်သူတွေကလည်း သူတို့လယ်တွေထိလို့ ခံစားရတယ်လို့အော်တယ်။ တချို့သောအမြင်က အင်းကိုအပိုင်သိမ်းတယ်လို့မြင်တာတွေလည်း ရှိတယ်။ တကယ်တော့ ရေလုပ်သားတွေရဲ့ အင်းနယ်နိမိတ်နဲ့ တောင်သူတွေကို စည်းခြားပေးတာပါ။ ပုံစံ ၇ ရှိတာတွေကို အတိအကျတိုင်းမယ်ဆိုတော့လည်း တောင်သူတွေက အတိုင်းမခံနိုင်ဘူး။ အခုဖြစ်နေတာကို စိစစ်ကြည့်တော့ လယ်သမားအမှန်အကန်က နည်းတယ်။ ဘေးက ပုဂ္ဂိုလ်တွေက ပိုများပါတယ်။ အခုတော့ ပြေလည်သွားပါပြီ။”လို့ အင်းတော်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းဝင်းက ပြောပါတယ်။
အင်းတော်အင်းက အင်းတော်မြို့ရဲ့ ပြယုဂ်တစ်ခုလည်းဖြစ်ပါတယ်။ တိုးပွားလာတဲ့လူဦးရေအရ လိုအပ်တဲ့ အိမ်ခြံမြေအတွက် အင်းအတွင်း တိုးချဲ့လာတာ၊ စိုက်ခင်းတွေ တိုးချဲ့လာတာတွေကို တားဆိးဖို့အပြင် အင်းတိမ်ကောပျောက်ပျက်မသွားအောင်၊ ရေဝေရေလဲကောင်းမွန်အောင်၊ ဆောင်းခိုငှက်တွေ နှစ်စဉ် လာရောက်နိုင်အောင်၊ သန့်ရှင်းသာယာလှပအောင်၊ အပန်းဖြေနေရာဖြစ်လာအောင် စသဖြင့် လုပ်ဆောင်နိုင်ဖို့အတွက် အခုလို လမ်းဖောက်တာကို ရှေ့ပြေးအနေနဲ့ လုပ်ဆောင်တာလို့လည်း ကိုယ်စားလှယ်က ဆိုပါတယ်။
အင်းတော်အင်းက အင်းတော်မြို့နှင့် ဗန်းမောက်မြို့သွားရာ ကားလမ်းဘေးမှာ တည်ရှိပြီး ဇလုံတောင်သွားရာ ကာလမ်းဘေး၊ မန်လည်ဆရာတော်စံကျောင်း, ဂျပန်မြေအောက်ဆေးရုံ စတာတွေနဲ့လည်း နီးစပ်နေပါတယ်။ အစိုးရအနေနဲ့ အင်းတော်အင်းပတ်လည်မှာ ဟိုတယ်ဇုန်ဖော်ဆောင်နိုင်ဖို့ ကွင်းဆင်းကြည့်ရှု့တာတွေလည်း ရှိခဲ့ပါတယ်။ အင်းတော်အင်းကို ၂ ပိုင်းခွဲပြီး ငါးလုပ်ငန်းက လေလံပေးထားပါတယ်။ ကသာခရိုင်စီမံခန့်ခွဲမှုကနေ ၂၀၁၅ ခုနှစ်က အင်းကို ပြန်လည်တိုင်းတာထားပြီး စုစုပေါင်း ဧရိယာ ၁၉၂၇ ဧက ရှိတယ်လို့ အစိုးရအဖွဲ့ရဲ့ စာရင်းတွေအရ သိရပါတယ်။
လက်ရှိမှာလည်း အင်းတော်အင်းမှာ လာရောက်အပန်းဖြေရေကစားတာ၊ အင်းအတွင်း စက်လှေနဲ့ လည်ပတ်တာ၊ အင်းပတ်လည် ဆင်စီးနိုင်တာ၊ နေဝင်နေထွက် ဆည်းဆာ ကြည့်နိုင်တာတွေလည်း ရှိနေပါတယ်။ သဘာဝအခြေခံခရီးသွား လုပ်ငန်းအဖြစ် အကောင်အထည်ဖော်နိုင်တဲ့ နေရာကောင်းတခုလည်း ဖြစ်နေပါတယ်။
လွင်မင်း (မျက်မှောက်ခေတ်)