ရာဇသတ်ကြီးပုဒ်မ (၅၀၅) သည် ရာဇသတ်ကြီးဥပဒေပါ အခန်း (၂၂) ရာဇဝတ်မကင်းသော ခြောက်လှန့်မှု၊ စော်ကားမှုနှင့် စိတ်ငြိုငြင်စေမှု စတဲ့ ခေါင်းစဉ်အောက် ပုဒ်မတွေထဲက တစ်ခုဖြစ်သည်။ အခန်း (၂၂) မှာ ပုဒ်မ (၅၀၃) ကနေ ပုဒ်မ (၅၁၀) ထိ ပုဒ်မပေါင်း (၈) ခုပါဝင်သည်။ အဲဒီထဲက ပုဒ်မ (၅၀၅) သည် နိုင်ငံရေးသမားများ၊ သတင်းမီဒီယာများ၊ တက်ကြွလှုပ်ရှားသူများကြားမှာ ခေတ်အစားဆုံးသော ပုဒ်မတစ်ခုဖြစ်သည်။ တနည်းအားဖြင့် ပုဒ်မ (၅၀၅) ကို အမြင်ကတ်ပုဒ်မလို့လည်း ပြောစမှတ်ပြုကြသည်။
အဆိုပါ ပုဒ်မ (၅၀၅) တွင် ပုဒ်မခွဲ (၃) ခု ထပ်မံခွဲခြား ဖော်ပြထားသည်။ ပုဒ်မ (၅၀၅) သည် မည်သူမဆို ဖော်ပြချက်ကိုဖြစ်စေ၊ ကောလဟာလကိုဖြစ်စေ၊ သတင်းကိုဖြစ်စေ ပြုရာတွင် သို့တည်းမဟုတ် ထုတ်ပြန်ကြေငြာရာတွင် သို့တည်းမဟုတ် ဖြန့်ချီရာတွင် (က) ပြည်ထောင်စု အစိုးရ၏ ကြည်း၊ ရေ၊ လေတပ်တစ်ခုခုမှ အရာရှိအား သို့တည်းမဟုတ် တပ်သားအား စစ်ပုန်ကန်ခြင်းကိုသော်လည်းကောင်း၊ သက်ဆိုင်ရာ မိမိ၏ တာဝန်ဝတ္တရားကို မလေးစားခြင်းသော်လည်းကောင်း သို့တည်းမဟုတ် ထိုသို့ပြုစေတန်ရာသည့် အကြောင်းရှိလျှင် သို့တည်းမဟုတ် (ခ) နိုင်ငံတော်အစိုးရကိုဖြစ်စေ၊ နိုင်ငံတော်ငြိမ်ဝပ်ရေးကိုဖြစ်စေ၊ ထိခိုက်သည့်ပြစ်မှုကို တစ်ဦးတစ်ယောက်သောသူက ကျူးလွန်ချင်လာအောင် အများပြည်သူကိုသော်လည်းကောင်း၊ အများပြည်သူ၏ သီးခြားလူစုကို သော်လည်းကောင်း၊ ကြောက်ခြင်း၊ ထိတ်လန့်ခြင်း တစ်ခုခုကို ဖြစ်စေရန်အကြံရှိလျှင် သို့တည်းမဟုတ် ထိုသို့ဖြစ်စေတန်ရာသည့် အကြောင်းရှိလျှင် သို့တည်းမဟုတ် (ဂ) လူအမျိုးအစားအချင်းချင်းဖြစ်စေ၊ လူမျိုးစုအချင်းချင်းဖြစ်စေ၊ တဖက်နှင့်တဖက် ပြစ်မှုကျုးလွန်အောင် လှုံံ့ဆော်ရန်အကြံရှိလျှင် သို့တည်းမဟုတ် အဆိုပါ လှုံ့ဆော်ခြင်းကို ဖြစ်စေတန်ရာသည့် အကြောင်းရှိလျှင် ထိုသူကို (၂) နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ဖော်ပြထားသည်။ ခြွင်းချက်အနေနဲ့ တစ်ဦးတစ်ယောက်သောသူသည် ဖော်ပြချက်ကိုဖြစ်စေ၊ ကောလဟာလကိုဖြစ်စေ၊ သတင်းကိုဖြစ်စေ ပြုရာတွင် သို့တည်းမဟုတ် ထုတ်ပြန်ကြေငြာရာတွင် သို့တည်းမဟုတ် ဖြန့်ချီရာတွင် ထိုသတင်းသော်လည်းကောင်း၊ ထိုကောလဟာလသော်လည်းကောင်း၊ ထိုဖော်ပြချက်သော်လည်းကောင်း မှန်ကန်သည်ဟု ယုံကြည်ရန်အကြောင်းရှိသည့်အပြင် အထက်ကဆိုခဲ့သော အကြံမရှိဘဲပြုလျှင် သို့တည်းမဟုတ် ထုတ်ပြန်ကြေငြာလျှင် သို့တည်းမဟုတ် ဖြန့်ချီခဲ့လျှင် ဤပုဒ်မ၏ အဓိပ္ပါယ်အရ ပြစ်မှုမမြောက်ဟုလည်း ကင်းလွတ်ချက်အနေနဲ့ သီးသန့်ဖော်ပြထားသည်။
ပုဒ်မခွဲ (က) သည် တပ်မတော်သားများအတွက် သီးသန့်ကဲ့သို့ဖြစ်ပြီး ပုဒ်မခွဲ (ခ) သည် အစိုးရကို အဓိက ရည်ညွှန်းထားသည်။ ပုဒ်မခွဲ (ဂ) အရ မတူညီသော အုပ်စုနှစ်ခု ပဋိပက္ခဖြစ်မှာကို ဟန့်တားသည့် သဘောရှိသည်။ မူလ မြန်မာနိုင်ငံ ရာဇသတ်ကြီး ဥပဒေ (The PENAl CODE) တွင် ပါရှိသည့် ဥပဒေများကို India Act XVL (1860) လို့လည်း ခေါ်ဆိုသေးသည်။ အဆိုပါဥပဒေကို ၁၈ ရာစုနှစ်ကျော် ၁၈၆၀ ခုနှစ်က ရေးဆွဲခဲ့ခြင်းဖြစ်သည်။ ဒီဥပဒေတွေထဲက ပုဒ်မတွေသည် အဲဒီခေတ်အခြေအနေအချိန်အခါက လိုက်လျောညီထွေမှု ရှိရင်ရှိခဲ့သော်ငြားလည်း ယနေ့ခေတ်မှာတော့ ဒီဥပဒေပါ ပုဒ်မအချို့သည် လိုက်လျော်ညီထွေမှုမရှိတော့ပေ။ တနည်းအားဖြင့် ခေတ်နဲ့လိုက်လျောညီထွေမှုမရှိတော့ဘဲ ဒီမိုကရေစီစံနှုန်းတွေကို လျော့ကျစေသလို လူ့အခွင့်အရေးတွေကိုလည်း မျက်ကွယ်ပြုရာ ရောက်စေသည်။
မြန်မာနိုင်ငံမှာ ရာဇသတ်ကြီးဥပဒေနဲ့ပတ်သက်လို့ ပါလီမန်ဒီမိုကရေစီခေတ်ကနေ လက်ရှိ NLD အစိုးရလက်ထက်အထိ ပြင်ဆင်မှုပေါင်း ၈ ကြိမ်ထိ ပြုလုပ်ထားသည်။ ၁၉၅၇ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်နေ့တွင် အခန်း (၉) (က) ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများထဲက ပုဒ်မ ၁၇၁ (ည) ပါ စကားရပ်ကို ပယ်ဖျက်ခဲ့သည်။ အဲဒီနှစ် ၁၉၅၇ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်နေ့တွင် ပုဒ်မ ၂၉၉၊ ၃၀၀ (က)၊ ၃၀၇၊ ၃၀၈ တို့ကို ပြင်ဆင်ခဲ့သည်။ ၁၉၆၀ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့တွင် အခန်း (၁၆) ပါ ပုဒ်မ ၈ ခုက စကားရပ်တွေကို ပယ်ဖျက်ခဲ့သည်။ ၁၉၆၀ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် အခန်း (၁၄) ပါ ပုဒ်မ (၂၉၄) (က) ပါစကားရပ်ကို ပြင်ဆင်ခဲ့သည်။ ၁၉၆၁ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့တွင် အခန်း (၆) ပါ ပုဒ်မ ၁၂၂ ကို ပြင်ဆင်ခဲ့သည်။ ၁၉၆၃ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့တွင် အခန်း (၁၄) ပါ ပုဒ်မ ၂၈၂၊ ၂၈၆ တို့ကို ပြင်ဆင်ခဲ့ပြီး အခန်း (၆) ပါ ပုဒ်မ ၃၁၂ (က၊ ခ၊ ဂ၊ ဃ) တို့ကို ထပ်မံတိုးခဲ့သည်။ ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့တွင် အခန်းအသီးသီးက ပုဒ်မများစွာကို ပြင်ဆင်ဖြည့်စွက် ပယ်ဖျက်တာတွေ လုပ်ခဲ့သည်။ နောက်ဆုံးအနေနဲ့၂၀၁၉ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့တွင် ပုဒ်မ ၃ ခုကို ပြင်ဆင်ဖြည့်စွက်ထားသည်။ ရာဇသတ်ကြီးဥပဒေကို ပြင်ဆင် ပယ်ဖျက် ဖြည့်စွက်ခြင်း ပြုလုပ်သည့် အကြိမ်အားလုံးတွင် ၂၀၁၆ ခုနှစ်မှာ ပြုလုပ်ခဲ့သည့် ပြင်ဆင်ဖြည့်စွက်ပယ်ဖျက်မှုက ပုဒ်မအများဆုံးဖြစ်သည်။ သို့သော်လည်း ခေတ်ကာလနဲ့ လိုက်လျောညီထွေမှုမရှိတဲ့ ပုဒ်မတွေကို ပြင်ဆင် ပယ်ဖျက် ဖြည့်စွက်တာတွေ လုပ်ဖို့ ကျန်နေသေးကြောင်း တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောသည်။
“ဖွဲ့စည်းပုံအခြေခံမှာ နိုင်ငံသားတိုင်းဟာ ကိုယ်ယုံကြည်ရာကို လွတ်လပ်စွာ ပြောဆိုခွင့်ရှိတယ်ဆိုပြီး ပြဌာန်းထားတယ်။ တခြားတဖက်မှာပဲ ၅၀၅ (ခ) မှာ လွတ်လွတ်လပ်လပ် ပြောလို့မရဘူးဆိုတာတွေ။ နိုင်ငံတော်ကို ဝေဖန်ရင်၊ တပ်မတော်ကို ဝေဖန်ရင် တရားစွဲခံနေရတာတွေ ရှိတယ်။ ဥပဒေမှာက ခြွင်းချက်ပါတယ်ဗျ။ အမှန်တကယ်ယုံကြည်လို့ ယုံကြည်တဲ့အတိုင်းပြောတယ်ဆိုရင် ဒီကနေ ကင်းလွတ်ခွင့်ပေးရမယ်ဆိုတဲ့ ခြွင်းချက်မျိုး ပါတယ်ဗျ။”လို့လည်း တရားလွှတ်တော်ရှေ့နေ ဦးမိုးဇော်ထွန်းက ပြောသည်။
အစိုးရအဆက်ဆက် နိုင်ငံရေးသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေကို ပုဒ်မ ၅၀၅ နဲ့ တရားစွဲဆိုခဲ့ကြသည်။ ဒါကြောင့်လည်း အမြင်ကပ်ပုဒ်မလို့ သမုတ်ကြခြင်းဖြစ်သည်။ လက်ရှိ NLD အစိုးရလက်ထက်တွင်လည်း နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ နဲ့ တရားစွဲခံနေရသည့် တက္ကသိုလ်ကျောင်းသားများ၊ နိုင်ငံရေးသမားများ၊ တက်ကြွလှုပ်ရှားသူများ အများအပြားရှိနေသည်။ ဥပဒေကို ကိုင်တွယ်ကျင့်သုံးနေသူတွေအပေါ်မှာသာ မူတည်နေကြောင်းလည်း တရားလွှတ်တော်ရှေ့နေက ထပ်မံပြောကြားသည်။
“ပြောရရင်တော့ ဥပဒေကို ကိုင်တွယ်ကျင့်သုံးတဲ့နေရာမှာပဲ ကိုင်တွယ်ကျင့်သုံးတဲ့သူတွေရဲ့ အယူအဆတွေပေါ်မှာ လိုက်ပြီးတော့ ဖြစ်နေတဲ့သဘောလို့တောင် ပြောရမလို ဖြစ်နေတာဗျ။ ခေတ်နဲ့ မလျော်ညီတော့တဲ့ ကိစ္စတွေရှိတယ်။ ဒါတွေကတော့ ဥပဒေပညာရှင်တွေ၊ ဥပဒေပြုလွှတ်တော်တွေကနေ အများကြီး စဉ်းစားပြီးတော့ ဆောင်ရွက်ရမယ့်အခြေအနေတွေတော့ ရှိတယ်။ တော်တော်ကျယ်ပြန့်တဲ့ကိစ္စလည်း ဖြစ်နေတယ်။ ဥပမာ ရာဇဝတ်ကျင့်ထုံးဥပဒေတို့၊ ရာဇသတ်ကြီးဥပဒေတို့မှာ ပြဿနာ ဘာတွေဖြစ်လာလည်း ဆိုတော့ အင်တာနက်ခေတ်မှာပေါ်ပေါက်လာတဲ့ နည်းပညာနဲ့ဆိုင်တဲ့ကိစ္စတွေ ဒါတွေကိုတော့ ပြင်ရဖို့ ခေတ်နဲ့အမှီလိုက်ဖို့ ရှိတာပေါ့။”လို့လည်း ၎င်းက ပြောသည်။
၅၀၅ ကဲ့သို့သော ပုဒ်မက ယနေ့လို ကိုဗစ်ကပ်ရောဂါကြောင့် တရားစီရင်ရေးစနစ် နှောင့်နှေးမှုဖြစ်ပေါ်နေစဉ်တွင် “မိအေး နှစ်ခါနာ” သကဲ့သို့ ဖြစ်နေရပြန်သည်။ မူလကတည်းက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာ ရေးသားဖြန့်ချီခွင့် တွေကို ဟန့်တားခံနေရစဉ်မှာ ကိုဗစ်ကြောင့် တရားရုံးမထုတ်သည့်အတွက် လူ့အခွင့်အရေးအရ ရပိုင်ခွင့်အမြောက်အများ ဆုံးရှုံးနစ်နာနေရပြန်တာလည်း ဖြစ်သည်။ စစ်ကိုင်းတိုင်းတွင် ရွေးကောက်ပွဲကာလအတွင်း ကြံ့ခိုင်ရေးပါတီဝင်များ၊ အားပေးထောက်ခံသူများ၊ ကိုယ်စားလှယ်လောင်းများကို သူတို့၏ ရွေးကောက်ပွဲဆိုင်ရာ ဟောပြောချက်၊ ပြုမူ ဆောင်ရွက်ချက်များနဲ့ပတ်သက်၍ သက်ဆိုင်ရာမြို့နယ်ထွေ/အုပ်ဝန်တာဝန်ရှိသူများက တရားစွဲဆိုထားတာတွေ ရှိနေသည်။ အဓိကအားဖြင့် ရွေးကောက်ပွဲမှာ ပြိုင်ဆိုင်မှုပြင်းထန်ခဲ့သော မင်းကင်း၊ ကလေးဝ၊ ကနီ၊ ပုလဲ စသည့်မြို့နယ်များတွင် ကြံ့ခိုင်ရေးပါတီဝင်များနှင့် အားပေးထောက်ခံသူများ တရားစွဲဆို ဖမ်းဆီးခံထားရတာ ရှိနေသည်။
“ပြောမယ်ဆိုရင်တော့ဗျာ မီဒီယာလွတ်လပ်ခွင့်၊ သတင်းလွတ်လပ်ခွင့် မရှိတာ။ ဒါပါပဲ။ အဓိကကတော့။”လို့ စစ်ကိုင်းတိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးမြင့်သိန်းက ပြောသည်။
စစ်ကိုင်းတိုင်းအတွင်း နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲခံရမှုအနေနဲ့ မျက်မှောက်ခေတ်က ရရှိထားသော သတင်းများအရ မင်းကင်းမြို့နယ်တွင် ၁၆ မှု၊ ကလေးဝမြို့နယ်တွင် ၁ မှု၊ ကနီမြို့နယ်တွင် ၁ မှု၊ မုံရွာမြို့နယ်တွင် ၁ မှုနှင့် ပုလဲမြို့နယ်တွင် ၁ မှု ရှိနေပြီး လူ ၂၀ ဦးထက်မနည်း ဖမ်းဆီးခံထားရသည်။ အဲဒီထဲတွင် မုံရွာမြို့နယ်က ၁ မှုမှာ ပြည်တွင်းငြိမ်းချမ်းရေး၊ ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်၍ စာရွက်ကပ်ခဲ့လို့ ဖမ်းဆီးခံထားရသည့် မုံရွာခရိုင်ဗကသကျောင်းသားတစ်ဦး၊ မင်းကင်းမြို့နယ် NLD ပါတီ ဥပဒေအထောက်အကူပြုအဖွဲ့ ဥက္ကဌ တစ်ဦး တို့ကလွဲရင် ကျန်တဲ့အမှုတွေသည် ကြံ့ခိုင်ရေးပါတီဝင်တွေနှင့် ထောက်ခံအားပေးသူတွေဖြစ်သည်။
NLD ပါတီအပါအဝင် ဒီမိုကရက်တစ်အင်အားစုလို့ ပြောလို့ရသည့် နိုင်ငံရေးသမားအများစုနှင့် တက်ကြွလှုပ်ရှားသူတွေသည် ၅၀၅ (ခ) အပါအဝင် ဒီမိုကရေစီစံနှုန်းနဲ့ မကိုက်ညီသော ပုဒ်မများနဲ့ မကြာခဏ တရားစွဲဆိုခံခဲ့ရတာများ ရှိခဲ့ကြသည်။ သို့သော်လည်း NLD ပါတီ အာဏာရလာပြီး နောက်ပိုင်းတွင် ပါတီတာဝန်ရှိသူတစ်ချို့သည် ဒီပုဒ်မတွေအပေါ်မှာ အမြင်ပြောင်းလဲလာတာမျိုးတွေလည်း ရှိလာသည်။
စစ်ကိုင်းတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အတွင်းရေးမှူး ဦးမြင့်ကြည် က “ဝေဖန်ဖို့ဆိုတာတော့ တော်တော်ခက်တယ်ပေါ့။ ကာယကံရှင်တွေကလည်းပဲ လုပ်သင့်တာထက်ပိုပြီးတော့ လုပ်နေတဲ့အနေအထားတွေလည်းပဲ ရှိတယ်။ ဒီအနေအထားတွေအပေါ်မှာ တို့ဖက်ကတော့ သီးခံနိုင်သလောက်တော့ သီးခံခဲ့ကြတာပေါ့ကွာ။ ဒါပေမယ့်လို့ လွန်လွန်ကျူးကျူး သီးမခံနိုင်လာတဲ့ အနေအထားကျတော့လည်း ဒီပြဿနာတွေက ပေါ်လာတာပေါ့။ ဒါက မင်းတို့လည်း သိနေတဲ့အတိုင်းပဲလေ။ တချို့ကျတော့လည်း တကယ့်ကို လွန်လွန်ကျူးကျူးပေါ့နော။ ဒီအပိုင်းလေးတွေ ဖြစ်လာတာပါ။ အဲဒီကျတော့ ဒါနဲ့ပတ်သက်လို့ လုပ်တယ်ဆိုတာကတော့ တချို့အပိုင်းက လုပ်သင့်တယ်ဆိုတဲ့ အပိုင်းကြောင့် လုပ်တယ်လို့ ဦးကတော့ ဒီလိုပဲမြင်တယ်။”လို့လည်း ပြောသည်။
ဒီမိုကရေစီစနစ်မှာ လွတ်လပ်ခွင့်က အကန့်အသတ်ရှိပြီး အဲဒီလွတ်လပ်ခွင့်ကြောင့် အများသူငါမထိခိုက်ရအောင် ဥပဒေစည်းမျဉ်းစည်းကမ်းတွေနဲ့ ကန့်သတ်ထားသည်။ ဒီမိုကရေစီမှာ ပွင့်လင်းမြင်သာမှုရှိသော်လည်း သူ့စည်းကမ်းနဲ့သူရှိပြီး အရာရာတိုင်းကိုတော့ ပွင့်လင်းလို့မရဘူးလို့လည်း ဦးမြင့်ကြည်က ထပ်မံပြောကြားသည်။
“ငါတို့နိုင်ငံရဲ့အနေအထားက ပွင့်လင်းတယ်ဆိုတော့လည်း စည်းမရှိကမ်းမရှိ ဖြစ်ကြတာကိုးကွ။ ပြောချင်ပြီဆို စည်းလွတ် ဝါးလွတ်ပြောတဲ့အပိုင်းတွေရှိတယ်လေ။ အဲတော့ တဖက်က စည်းလွတ် ဝါးလွတ်ပြောလာတဲ့အပိုင်းအပေါ်မှာ တဖက်က ဥပဒေနဲ့လုပ်တော့ မခံနိုင်တဲ့အပိုင်းတွေ ရှိတာပေါ့ကွာ။ မခံနိုင်လို့ မဖြစ်ချင်ဘူးဆိုရင် ကိုယ်ကမကျူးလွန်နဲ့လေ။ ကိုယ်ကတော့ လုပ်ချင်ရာလုပ်တယ်။ အဲလိုလုပ်တဲ့အပေါ်မှာ တဖက်ကနေ ပြန်ပြီးတုန့်ပြန်တဲ့အခါကျတော့ မကောင်းမြင်ကြပြန်ရော။ ငါ့အနေနဲ့ကတော့ အဲလိုမြင်တယ်ကွ။”လို့ ဆိုသည်။
လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ပတ်သက်၍ လှုပ်ရှားနေသော အဖွဲ့တစ်ခုဖြစ်သည့် အသံ အဖွဲ့၏ “အချိန်မီပြင်ဆင်ခွင့် – အစိုးရသက်တမ်း ၄ နှစ် အတွင်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ဆန်းစစ်ခြင်း” သုတေသနအစီရင်ခံစာတွင် “NLD အစိုးရလက်ထက်တွင် ၅၀၅ ပုဒ်မများကို အသုံးပြု၍ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်ကာ တရားစွဲဆိုမှုများသည် ပိုများလာသည်။ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုခံရမှု ၁၂ မှု၊ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုခံရမှု ၄၀ မှု၊ ၅၀၅ (ဂ)ဖြင့် တရားစွဲဆိုခံရမှု ၆ မှုတို့ကို အသံအဖွဲ့က မှတ်တမ်းတင်နိုင်ခဲ့သည်။”ဟု ဖော်ပြထားသည်။
ယခုကဲ့သို့သော ဒီမိုကရေစီစံနှုန်းကို လျော့ကျစေသည့် ရာဇသတ်ကြီးပုဒ်မ ၅၀၅ အပြင် တခြားသော ပုဒ်မတွေဖြစ်သည့် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဥပဒေ၊ သတင်းမီဒီယာဥပဒေ၊ ဆက်သွယ်ရေးဥပဒေ၊ မတရားအသင်းဆက်သွယ်မှုဥပဒေ စသည့်တို့ကိုလည်း ပြန်လည်သုံးသပ် ပြင်ဆင်ဖို့ လိုအပ်နေသေးသည်။ ထို့အပြင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ဟန့်တားနေသည့် အမိန့်ညွှန်ကြားချက်တွေလည် ရှိနေသေးသည်။ လွန်ခဲ့သော ရွေးကောက်ပွဲကာလတွင် တရားမဲ့ပြုကျင့်မှုများကို သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များနှင့် ယင်းတို့၏လက်အောက် ဌာနဆိုင်ရာအဖွဲ့အစည်းများအနေနဲ့ တရားဥပဒေစိုးမိုးရေးကို အဓိကထားပြီး တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်ကြရေးအတွက် နိုင်ငံတော်သမ္မတရုံးကနေ အောက်တိုဘာလ ၁၆ ရက်နေ့က အမိန့်အမှတ် ၂၇/၂၀၂၀ နဲ့ ထုတ်ပြန်ခဲ့သေးသည်။ အဲဒီအမိန့်ထုတ်ပြန်ပြီးနောက်တွင် စစ်ကိုင်းတိုင်းအတွင်း နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မများနဲ့ တရားစွဲဆိုမှုတွေ ထပ်မံပေါ်ပေါက်ခဲ့သည်။
လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ဆန္ဒဖော်ထုတ်ခွင့်၊ စုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်၊ သတင်းအချက်အလက်ရယူပိုင်ခွင့်၊ သတင်းအချက်အလက် သိရှိပိုင်ခွင့် တွေသည် ဒီမိုကရေစီ၏ အသက်တွေပင်ဖြစ်တော့သည်။ ဒီမိုကရေစီတွင် နိုင်ငံသား အားလုံးသည် တန်းတူအခွင့်အရေးရရှိရမည် ဖြစ်သည်။ ပြည်သူက ရွေးချယ်တင်မြှောက်လိုက်သော ပြည်သူ့ကိုယ်စားလှယ်များသည် ပြည်သူကို ကိုယ်စားပြုသည့် ဥပဒေများကို ရေးဆွဲပြဌာန်းပေးကြရမှာဖြစ်ပြီး ပြည်သူကို ဖိနှိပ်သည့် ဥပဒေမှန်သမျှ ပြင်ဆင်ပယ်ဖျက်ကြဖို့လိုသည်။ သို့မှသာ ဒီမိုကရေစီ ပိုမိုထွန်းကား အဓွန့်ရှည်လာမည်ဟု ယုံကြည်မျှော်လင့်မိပါသည်။
Written by မျက်မှောက်ခေတ်