Home > သတင်း > စီးပွားရေး > မြောင်မြို့နယ်က မတ်ပဲစိုက်ခင်းဧက ၉၀၀ ကျော်မှာ ပိုးမွှားရောဂါကျရောက်နေ

မြောင်မြို့နယ်က မတ်ပဲစိုက်ခင်းဧက ၉၀၀ ကျော်မှာ ပိုးမွှားရောဂါကျရောက်နေ

စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်အတွင်းရှိ ကျေးရွာ ၅ ရွာ မတ်ပဲစိုက်ဧက ၉၅၀ ကျော်မှာ ယင်ဖြူကောင်ကျရောက်ပြီး Yellow Mosaic Virus ရောဂါဖြစ်နေပါတယ်။ အဲဒီအတွက် မတ်ပဲပင်တွေမှာ အပင်အရွက်ဝါပြီး ထိခိုက်မှုတွေ ရှိနေတာပါ။ ဒီအခြေအနေတွေကို သက်ဆိုင်ရာ စိုက်ပျိုးရေးဦးစီးဌာနက ကွင်းဆင်းစစ်ဆေးတာတွေ ပြုလုပ်နေပါတယ်။

“အချိန်မီ စိုက်ပျိုးရေးကွင်းဝန်ထမ်းတွေနဲ့အတူ ကာကွယ်တားဆီးလျက်ရှိပါတယ်။ ဒီရောဂါက နှစ်စဉ်ကျရောက်မှုမရှိဘူး။ အခုသီးနှံရာသီမှာဆိုရင် မိုးရေချိန် နည်းပါးတာတွေ၊ မြစ်ရေတွေကလဲ အချိန်အခါမဟုတ် သုံးကြိမ်ဝင်ရောက်မှုရှိတာတွေ၊ တောင်သူတွေအနေနဲ့ မိရိုးဖလာစိုက်ပျိုးတဲ့ ဒေသမျိုးတွေမှာ ဖြစ်ပေါ်နေတာတွေတွေ့ရတယ်။ အဓိက ယင်ဖြူ ကျရောက်မှုတွေကြောင့် ဖြစ်ပါတယ်။”လို့ မြောင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းဝင်းက ပြောပါတယ်။

“မြောင်မြို့နယ်က မြစ်ရေက (၃) ကြိမ်ဝင်လိုက်‌တော့ တစ်ခါစိုက်လိုက် မျိုးကုန်သွားလိုက်။ နောက်တစ်ခါ မြစ်ရေဝင်လိုက် ပျက်သွားလိုက်၊ ပြန်စိုက်လိုက်ဆိုတော့ မျိုးမရှိတော့ ရှိတဲ့ဒေသမျိုးတွေ စိုက်လိုက်တယ်။ နောက်တစ်ခါ သူတို့က ထယ်ရေးပြင်ချိန်လည်း မရတော့ စိုက်ချိန်မီအောင်လို့ ကြဲလိုက်တယ်။ မြေကလည်း နုံးတင်မြေနုဆိုတော့ အပင်တွေက သန်ပြီးအုံနေတယ်။ လေဝင်လေထွက်လည်းမရဘူး။ ရာသီဥတု အနေအထားကလည်းပါတယ်။ အဲဒါကြောင့်မို့ ယင်ဖြူကျပြီး အပင်တွေကဝါတာပါ၊ ဒေသမျိုးတွေက ရောဂါဒဏ်မခံနိုင်တော့ အပင်ဝါတာပါ။ ခံနိုင်ရည်ရှိတဲ့ မျိုးတွေက အပင်မဝါပါဘူး။ တစ်ကွက်နဲ့တစ်ကွက်လည်း မတူပါဘူး။ ကျွန်မတို့က ယင်ဖြူကျလို့ အပင်ဝါတာ သိသိချင်း ပြန့်မသွားအောင် ကာကွယ်နှိမ်နင်းရေးတွေကို အချိန်နဲ့တပြေးညီ ကွင်းဆင်းပြီး ဆောင်ရွက်ခဲ့ပါတယ်။”လို့ စစ်ကိုင်းတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီး သီးနှံကာကွယ်ရေးတာဝန်ခံ ဒေါ်စန်းစန်းမြင့်က ပြောပါတယ်။

လက်ရှိမှာ စိုက်ခင်းတွေကို ပိုးသတ်ဆေးဖျန်းတာတွေ လုပ်ဆောင်နေပါတယ်။ အဓိကအားဖြင့်  ‌သရက်သာ၊ ဘူးကိုင်း၊ ခေါင်း ခွဲ၊ ပေါက်ချောင်း၊ ရွာပုလဲ စတဲ့ ကျေးရွာတွေက မတ်ပဲစိုက်ခင်း ၉၈၂ ဧကမှာ ဒီဇင်ဘာပထမအပတ်မှ စတင်၍ မတ်ပဲစိုက်ခင်းတွေမှာ ယင်ဖြူကျရောက်နေပေမယ့်လည်း အထွက်နှုန်းကို သိသိသာသာ ထိခိုက်ပျက်စီးစေတာမျိုးတော့ မရှိဘူးလို့လည်း စိုက်ပျိုးရေးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

“ရေကျနောက် စိုက်တဲ့ မတ်ပဲခင်းတချို့မှာ Yellow Mosaic Virus ကျရောက်နေတယ်။ သူကတော့ အရွက်ဝါ Virus ရောဂါတစ်မျိုးပေါ့။ စုပ်စားပိုးကြောင့် အပင်အားနည်းပြီးတော့ အရွက်တွေဝါပြီး အရွက်တွေ ချွေကုန်တာပေါ့။ ရောဂါပြင်းထန်ရင် အပင်ဖြစ်ထွန်းမှုနည်းသွားပြီးတော့ အသီးအထွက်နှုန်း နည်းနိုင်တာပေါ့။ အဓိကတော့ အဲဒီပဲပင်အငယ်တုန်းက ဆုပ်စားပိုးက ဝင်တယ်။ အဲဒီဆုပ်စားပိုးနဲ့အတူ အဲဒီအထဲမှာရှိတဲ့ ဆုပ်စားပိုးမှာပါသွားတဲ့ ကပ်ပါးပိုးကြောင့် ဒီလိုရောဂါပိုးတွေ ဖြစ်တာပေါ့။ အခုရောဂါပိုးဟာ ပဲတွေမှာ စိုက်ချိန်နောက်ကျတာမျိုး ၊စုပ်စားပိုးဝင်တဲ့အချိန်မှာ ကာကွယ်မှု မပြုလုပ်နိုင်ပဲဖြစ်ဖြစ် ကျရောက်တတ်ပါတယ်။ ကျရောက်မှုနည်းတာ၊ များတာကွာပါတယ်။ နည်းနည်းကျရင် မသိသာဘူး။ များများကျရင်တော့ အထွက်နှုန်းသိသာသွားနိုင်တယ်။”လို့ စစ်ကိုင်းတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနက တိုင်းဦးစီးမှူး ဦးဝင်းလှိုင်ဦးက ပြောပါတယ်။

မြောင်မြို့နယ်တွင် အခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ မတ်ပဲ ၁၂၄၁၂ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး မျိုးအနေဖြင့် TBl 9 Hybrid မျိုး၊ ဒေသမျိုး၊ ရေဆင်း (၄) အစရှိတဲ့ မျိုးတွေစိုက်ပျိုးခဲ့ရာ ဒေသမျိုးစိုက်ပျိုးထားတဲ့ မတ်ပဲစိုက်ဧက ၉၈၂ မှာယင်ဖြူကျရောက်မှု‌လို့ ရွက်ဝါဗိုင်းရပ်စ် Yellow Mosaic Virus ရောဂါဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။

အေပီတီ၊ ပိုတေး

error: Content is protected !!