Home > သတင်း > စီးပွားရေး > ကလေးမြို့နယ် ဂိဇ္ဇျကုဋ်တောင်နှင့် နွားတောင်ဒေသတွင် ထုံးကျောက် အကြီးစား စမ်းသပ်တိုင်းတာရေးနှင့် ဖြစ်မြောက်နိုင်စွမ်းလေ့လာရေးလုပ်ငန်းအတွက် ဧက ၄ ထောင်ကျော် လျှောက်ထားမှုကို ဒေသခံတွေကန့်ကွက်

ကလေးမြို့နယ် ဂိဇ္ဇျကုဋ်တောင်နှင့် နွားတောင်ဒေသတွင် ထုံးကျောက် အကြီးစား စမ်းသပ်တိုင်းတာရေးနှင့် ဖြစ်မြောက်နိုင်စွမ်းလေ့လာရေးလုပ်ငန်းအတွက် ဧက ၄ ထောင်ကျော် လျှောက်ထားမှုကို ဒေသခံတွေကန့်ကွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ် ဂိဇ္ဇျကုဋ်တောင်နှင့် နွားတောင်ဒေသမှာ ကုမ္ပီဏီတစ်ခုက ထုံးကျောက်အကြီးစား စမ်းသပ်တိုင်းတာရန် လုပ်ကွက် ၂ ခုလျှောက်ထားမှုကို ဒေသခံတွေကကန့်ကွက်နေပါတယ်။  ဒီစီမံကိန်းအတွက် မဟာအာရှစီးပွားရေးအုပ်စု ကုမ္ပဏီလီမိတက် (Asia Great Economic Group Company Limited) က ထုံးကျောက်အကြီးစား စမ်းသပ်တိုင်းတာရန် လျှောက်ထားမှုကို ကန့်ကွက်ကြောင်း စာတစ်စောင် ဒီဇင်ဘာလ ၇ ရက်နေ့ နံနက်ပိုင်းက ကလေးခရိုင်စီမံခန့်ခွဲမှုကော်မတီထံ တင်ပြထားတာ ဖြစ်ပါတယ်။

“အဲဒီနေရာတွေက ပြီးခဲ့တဲ့အစိုးရလက်ထက်ကတည်းက ကန့်ကွက်တာ။ ပြီးခဲ့တဲ့အစိုးရတုန်းက ကုမ္ပဏီတွေလျှောက်ထားတာ ၄ ခုလောက်ရှိတယ်။ ကန့်ကွက်တယ်ဆိုတာက အဲဒီနေရာက ကလေးမြို့ရဲ့ အဓိကနေရာပေါ့။ အဓိကတော့ သာသနာ့နယ်မြေဖြစ်တယ်။ သစ်တောကြိုးဝိုင်းဧရိယာဖြစ်တယ်။ သဘာဝဥမှင်လိုဏ်ဂူတွေ၊ လယ်ယာကိုင်းကျွန်းတွေနဲ့ပတ်သက်ပြီးတော့ ဒီတောင်ကို အမှီပြု စားသောက်နေကြတဲ့ အုပ်စုကြီးနှစ်အုပ်စုရှိတယ်။ ရေရှင်အုပ်စုနှင့် ကုက္ကိုလ်အုပ်စုပေါ့။ အဲဒီဒေသခံပြည်သူတွေက ဦးဆောင်ကန့်ကွက်တာ။ ဒီဒေသကထုတ်ရမယ်ဆိုတာ ပွင်းလင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုကို ဦးစားပေးပြီး ဆောင်ရွက်စေချင်တာ။ အခုဟာက တိတ်တခိုး ဒေသခံလဲမသိ။ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေလဲ မသိပဲ ဘာမှမချပြဘဲနဲ့ စမ်းသပ်တိုင်းထွားတာတွေလုပ်နေတဲ့အဆင့် ဖြစ်နေတယ်။ အဲဒါကိုလက်မခံနိုင်တာ။ အဓိကတော့ အစိုးရက ပွင့်ပွင့်လင်းလင်း ထင်သာမြင်သာရှိအောင် တိုင်းအစိုးရက လုပ်ရမယ့်ကိစ္စပေါ့။ ဒေသခံ တိုင်းလွှတ်တော်ကိုယ်စားလှယ်တောင် ဘာမှမသိရဘူးဆိုတော့ ဒါကပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု စီမံကိန်းက မရှိတာကြောင့် လက်မခံနိုင်တာပဲ။ ကလေးခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌထံကို ကန့်ကွက်စာတင်ခဲ့ပါတယ်။ လိုအပ်ရင် တိုင်းအဆင့်၊ ပြည်ထောင်စုအဆင့်အထိ ကန့်ကွက်စာတွေတင်သွားမယ်။”လို့ လို့ ကလေးမြို့ အထက်ချင်းတွင်းလူငယ်ကွန်ယက်အဖွဲ့ ဒါရိုက်တာ ကိုကျော်သက်ဝင်းက ပြောပါတယ်။

မဟာအာရှစီးပွားရေးအုပ်စု ကုမ္ပဏီက ဂိဇ္ဇျကုဋ်တောင်နှင့် နွားတောင်ဒေသမှာ ထုံးကျောက်သတ္တု ရှာဖွေစမ်းသပ်ဖို့အတွက် လုပ်ကွက် (၁) အတွက် ဧက ၃၃၂ ဧက၊ လုပ်ကွက် (၂) အတွက် ဧက ၄၄၆၂ ဧက စုစုပေါင်း ၄၇၉၄ ဧကကို ထုံးကျောက် (စက်မှုတွင်းထွက်ကုန်ကြမ်းပစ္စည်း) အကြီးစား စမ်းသပ်တိုင်းတာရေးနှင့် ဖြစ်မြောက်နိုင်စွမ်းလေ့လာရေးလုပ်ငန်း လုပ်ကိုင်ဖို့ အစိုးရထံ လျှောက်ထားတာဖြစ်ပါတယ်။ လျှောက်ထားမှုကို ရေရှင်အုပ်စုဒေသခံတွေ၊ ချင်းတွင်းလူငယ်ကွန်ယက်အဖွဲ့၊ နွားတောင်ဒေသစောင့်ကြည့်ရေးလူငယ်အင်အားစုနှင့် ကလေးခရိုင် တောင်သူလယ်သမားသမဂ္ဂတို့က ကန့်ကွက်နေကြတာပါ။

“ကျွန်တော်တို့မှာ အဓိကယာမြေတွေ လုပ်ကိုင်စားသောက်ကြတယ်။ ဒီစီမံကိန်းလုပ်ရင် ယာမြေတွေဆုံးရှုံးမယ်။ ဒီတောင်ရိုးမှာပဲ အမှီပြုပြီး လုပ်ကိုင်ရတယ်။ ဒါပြီး ဘုန်းကြီးကျောင်းတွေ၊ ရဟန်းသံဃာတော်တွေ ရှိတာကြောင့် ကန့်ကွက်တာပါ။ ရေရှင်အုပ်စုမှာ ရေရှင်နှင့် အင်းကျွန်းနှစ်ရွာရှိတယ်။ အိမ်ထောင်စု ၃၅၀ ကျော်ရှိတယ်။အဓိက တောင်သူပဲလုပ်ကိုင်စားသောက်ကြတာပါ။”လို့ ကလေးမြို့နယ် ရေရှင်ကျေးရွာအုပ်စုဒေသခံ ကိုသာထူးက ပြောပါတယ်။

အဓိကအားဖြင့် ဒီတောင်တွေပေါ်မှာ ဗုဒ္ဓဘာသာဝင်တွေ တည်ထားကိုးကွယ်နေတဲ့ စေတီပုထိုးတွေရှိနေတာ၊ ဘုန်းတော်ကြီးကျောင်းတွေနှင့် ရဟန်သံဃာတော်တွေ သာသနာပြုနေတာ၊ တရားဘာဝနာအားထုတ်ကျင့်ကြံနေတာ၊ လေပူတွင်း လေအေးတွင်းတွေနဲ့ သဘာဝဥမှင်လိုဏ်တွေ၊ ကျောက်ဆစ်ပန်းဆွဲ၊ ကျောက်ဆစ်မိုးမျှော်တွေ ရှိနေတာ၊ ၊သဘာဝစိမ့်စမ်းရေတွေ ထွက်နေတာ၊ နွားတောင်ဒေသက စီးဆင်းလာတဲ့ တောင်ကျချောင်းက ချောင်းရေတွေကို ဆည်မြောင်းတာတမံတွေ ပြုလုပ်ပြီး ရေရှင်အုပ်စုနှင့် ကုက္ကိုလ်အုပ်စုတို့က လယ်သမားတွေ မှီခိုအားထားစိုက်ပျိုးစားသုံးနေရတာ၊ သယံဇာတတွေ တူးဖော်ပြုလုပ်ပါက မလိုအပ်တဲ့ ဓာတုစွန့်ပစ်ပစ္စည်းတွေ ဆည်ရေမြောင်းရေထဲမှာ ပါဝင်လာကာ တောင်သူလယ်သမားတွေရဲ့ စပါးကောက်ပဲသီးနှံတွေ ပျက်စီးဆုံးရှုံးသွားမှာကို ကျေးလက်နေတောင်သူလယ်သမားတွေ စိုးရိမ်ပူပန်နေကြတာ စတာတွေကြောင့် ကန့်ကွက်ရတာဖြစ်ကြောင်း ကန့်ကွက်စာထဲမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် မိဘဘိုးဘွားလက်ထက်ကစပြီး ရှိနေတဲ့တောတောင်ရေမြေသဘာဝ အနေအထားကို မူလအတိုင်း မပျက်မယွင်းရှိစေဖို့နဲ့ နောင်သားစဉ်မြေးဆက်အထိ ဆက်လက်ထိန်းသိမ်းသွားကြဖို့ ဆန္ဒရှိနေတဲ့အတွက် မဟာအာရှစီးပွားရေးအုပ်စု ကုမ္ပဏီလီမိတက်က ဂိဇ္ဇျကုဋ်တောင်နှင့် နွားတောင်ဒေသမှာ ထုံးကျောက်စက်မှူကုန်ကြမ်းပစ္စည်း အကြီးစား စမ်းသပ်တိုင်းတာရေးနှင့် ဖြစ်မြောက်နိုင်စွမ်းလေ့လာရေးလုပ်ငန်း ဆောင်ရွက်ခွင့်ပြုရန် လျှောက်ထားတင်ပြတာကို ရေရှင်အုပ်စု ကျေးရွာဒေသခံပြည်သူများအနေနဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက်တယ်လို့လည်း သိရပါတယ်။ ဆက်လက်ပြီး မည်သည့်ကုမ္ပဏီလီမိတက်မဆို ပြင်းထန်စွာကန့်ကွက်နေသည်ကို အလေးမထားဘဲ ရှေ့ဆက်တိုးပြီး လာရောက်ခဲ့ပါက ပိုမိုပြီးပြင်းထန်စွာ ကန့်ကွက်သွားမှာဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ကလေးခရိုင်အုပ်ချုပ်ရေးတာဝန်ရှိသူကို ဆက်သွယ်မေးမြန်းရာမှာတော့ ကန့်ကွက်တာမှန်ကန်ပြီး သက်ဆိုင်ရာ အထက်အဆင့်ဆင့်ကို တင်ပြသွားမယ်လို့ ပြောပါတယ်။

“ဟုတ်ပါတယ်။ ဒေသခံတွေက ကန့်ကွက်အကြောင်း ကျွန်တော်တို့က တိုင်းကိုပဲတင်ပြမယ်။ ဘာမှတော့ ပြောစရာမရှိပါဘူး။”လို့ ကလေးခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ချိုကပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးလာလ်ထောင်ထန်းကတော့ လျှောက်ထားမှုတွေများတဲ့အတွက် ဘယ်ဟာလည်း ဆိုတာ မသိရသေးတာကြောင့် ပြန်ပြီး စစ်ဆေးကြည့်ဦးမယ်လို့ ပြောဆိုခဲ့ပါတယ်။

သူရိယထက်

error: Content is protected !!