Home > ဆောင်းပါး > မြစ်သာမြစ်အကြောင်း တွေးမိရင်ဖြင့်…………။

ကျွန်တော်သည် မြစ်သာမြစ်ကမ်းနဖူးက ရွာကလေးတွင် မွေးဖွားကြီးပြင်းခဲ့သည်။ ကျွန်တော်သည် မြစ်သာမြစ်ထဲမှာပဲ ကိုယ်လက်သန့်စင်ခြင်းအမှုတွေ ပြုခဲ့သည်။ မြစ်သာမြစ်သည် ကျွန်တော်တို့ ငယ်ဘဝအတွက် ဆော့ဖော်ဆော့ဖက်၊ ကြီးပြင်းဖော် ကြီးပြင်းဖက်။ မြစ်သာမြစ်ရေနဲ့အတူ မျက်ရည်တွေလည်း စီးကျဖူးသည်။ မြစ်သာရဲ့ ရေအလျင်မှာလည်း မျောစီးလိုက်ပါခဲ့ဖူးသည်။ မြစ်သာမြစ်ရဲ့ ကလူကျီစယ်မှုကြောင့် ရေလည်း နစ်ဖူးသည်။ မြစ်သာမြစ်အတွင်း ထင်းလည်း ဆယ်ဖူးသည်။ ရေကြီးရင် ယာခင်းတွေကနေ မျောပါတတ်တဲ့ သခွားသီး(သခွားရင်သီး)မှည့်တွေလည်း လိုက်ဆယ်ခဲ့ဖူးသည်။ မြစ်ဘေးမှာပဲ ရွှံ့ဗွက်တွေ ကိုယ်လုံးလူးပြီး ဆော့ခဲ့ဖူးသည်။ မြစ်သာရေကို တဝကြီး သောက်ခဲ့ဖူးသည်။ ကျောင်းပိတ်ရက် မြစ်ထဲမှာပဲ အချိန်ကုန်လို့ အရိုက်ခံခဲ့ရဖူးသည်။ ညနေချိန် ရေခပ်ဆင်းသူတွေ၊ ရေချိုးဆင်းသူတွေကိုလည်း ငေးမောကြည့်ခဲ့ဖူးသည်။ မြစ်သာမြစ်သည် ကျွန်တော့်ထက် အသက်ပေါင်းများစွာကြီးပေမယ့် ကျွန်တော့်ရဲ့ ငယ်ပေါင်းကြီးဖော် သူငယ်ချင်းလိုပင်ဖြစ်သည်။ အခုတော့ ဒီမြစ်သည် တဖြည်းဖြည်း နာမကျန်း ဖြစ်လာသည်။ သူ့ရဲ့ စီးဆင်းမှုတွေက ဟိုးအရင်ကလို နုပျိုမှုတွေ မရှိချင်တော့။ ရေကလည်း အရင်လို ကြည်လင်အေးမြမှုတွေ မရှိချင်လာတော့။ အလိုမကျတဲ့အခါ ဒေါသလည်း ထွက်တတ်လာပြီ။ မြစ်သာမြစ်ကို ကျွန်တော်တို့ အချိန်မှီ ကုသပေးဖို့ လိုပြီ။ မမေ့မလျော့ ဂရုစိုက်ဖို့လိုပြီ။

မြစ်သာမြစ်သည် ယောနယ်တွင် ရှိသည်။ မကွေးတိုင်းအနောက်မြောက်ယွန်းယွန်း ဂန့်ဂေါခရိုင်တွင် မြစ်သာမြစ်သည် အိန္ဒြေရရ စီးဆင်းရင်း ချင်းတွင်းမြစ်ရဲ့ အကြီးဆုံး မြစ်လက်တက်အဖြစ် ကလေးဝမြို့တွင် ပေါင်းဆုံသည်။ မြစ်ဖျားကနေ အဆုံးအထိ မိုင်ပေါင်း ၂၁၀ ကျော်ရှိသည်ဟု မှတ်သားဖူးသည်။ (အတိအကျတော့ မသိပေ။) ယောဒေသ ဂန့်ဂေါနယ်က ရွာတွေအများစုသည် မြစ်သာမြစ်ကို အမှီပြုကာ မြစ်ဘေးမှာ ရွာတည်ထားကြတာ များသည်။ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းအများစုကိုလည်း မြစ်ကိုအမှီပြုကာ လုပ်ဆောင်ကြသည်။ အနည်းဆုံး အိမ်ခြေ ၁၀၀ ကနေ ၁၀၀၀ ကျော်အထက်ရှိတဲ့ရွာတွေက များသည်။ မြစ်သာမြစ်က ယောနယ်ရဲ့ အဓိက အသက်သွေးကြောဖြစ်သလို ပုံညာတောင်တန်းနှင့် ချင်းတောင်တန်းကြားမှာ တောင်ကနေ မြောက်ကို စီးဆင်းတဲ့ ရေချိုမြစ်တစ်စင်းဖြစ်သည်။ မြန်မာနိုင်ငံအတွင်း တောင်ကနေ မြောက်ကို စီးဆင်းတဲ့ မြစ် အနည်းငယ်သာရှိပြီး အဲဒီထဲမှာ မြစ်သာမြစ်ကလည်း တစ်စင်းအပါအဝင်ဖြစ်သည်။ အဆိုတော် စံလင်းရဲ့ “ပြောင်းပြန်စီးသောမြစ်”သီချင်းက မြစ်သာမြစ်ကို အခြေခံပြီး ရေးဖွဲ့ထားတာလို့လည်း ကြားဖူးသည်။ ဟုတ်မဟုတ်တော့ တပ်အပ်မပြောနိုင်ပေ။

“ဘော်ပြင်း တံတား၊ ကန် ကမ်းပါး၊ မြင်သား ပွဲငှား”ဆိုတဲ့ စာဆိုကို ဂန့်ဂေါနယ်က ယောသူယောသားမှန်ရင် ကြားဖူးကြသည်။ သိကြသည်။  ဘယ်ကတည်းက ဒီစာဆို ပေါ်ပေါက်လာတယ်ဆိုတာကိုတော့ မသိပေ။ သေချာတာကတော့ တစ်နှစ်တစ်မျိုး မရိုးသောဖြစ်ရပ်ကို တင်စားပြောဆိုခြင်းဖြစ်ပေသည်။

ကန်ရွာသည် အိမ်ခြေတစ်ထောင်ကျော်ရှိသည့် ရွာကြီးတစ်ရွာဖြစ်သည်။ အဲဒီရွာရဲ့ အနောက်ပိုင်း မြစ်သာမြစ်ကမ်းဘေးတစ်လျှောက်က နှစ်စဉ် မိုးရာသီရောက်တိုင်း ကမ်းပါးပြိုကျတဲ့ ဒုက္ခကို ခံစားကြရသည်။ ကမ်းပြိုဘေးကြောင့် နေအိမ်တွေ ပြောင်းရွှေ့ကြရသည်။၊ ဘုန်းကြီးကျောင်းမြေ၊ အားကစားကွင်း၊ လမ်း တွေက ကမ်းပါးပြိုကျထဲ ပါပြီး တဖြည်းဖြည်းနောက်ဆုတ်လာရတာရှိသည်။ နေရာပြောင်းရွှေ့ရတာ ရှိသည်။ အခုတော့ မကွေးတိုင်းဒေသကြီးအစိုးရရဲ့ ရန်ပုံငွေနဲ့ မြစ်ကြောင်းလွှဲတဲ့ လုပ်ငန်းစဉ်ကိုလည်း ကျပ်သန်းပေါင်းများစွာ အကုန်အကျခံကာ တည်ဆောက်ထားသည်။ လက်ရှိအချိန်ထိတော့ ရာနှုန်းပြည့် အောင်မြင်မှု မရရှိသေးဘူးလို့ သိရသည်။ ဒါကထားတော့။ အဓိက ဆိုလိုရင်းသည် ကန် ကမ်းပါးဆိုတဲ့ စာဆိုဖြစ်လာရတာကို ပြောလိုခြင်းဖြစ်သည်။ အလားတူပဲ ကန်ရွာကဲ့သို့ မြစ်ကြောင်းတစ်လျှောက် ကမ်းပြိုဘေး ရင်ဆိုင်ရတဲ့ ကျေးရွာတွေလည်း အများအပြား ရှိနေသေးသည်။ ရွာတင်မဟုတ် လယ်ယာမြေတွေ ရေတိုက်စားလို့ ကမ်းပြိုတဲ့အထဲ ပါသွားရတာတွေလည်း အများအပြားရှိသည်။ ကမ်းပြိုတာရဲ့ တဖက်ကမ်းမှာ သောင်တိုး (မြေနုကျွန်း) ပေါ်လာတာတွေလည်း ရှိသည်။ ပြိုကျသွားတဲ့ လယ်ယာမြေအတွက် သောင်တိုးမြေ (မြေနုကျွန်း)ပေါ်မှာ ကိုယ်ဆုံးရှုံးသွားတဲ့ ဧကအကျယ်အဝန်းအလိုက် နေရာသတ်မှတ်ပြီး ဆောင်းသီးနှံကိုလည်း စိုက်ပျိုးကြသည်။ တခါတရံမှာ သောင်တိုးမြေ (မြေနုကျွန်း) နေရာလုကြရင်း ရုံးရောက် ဂတ်ရောက်တာမျိုးတွေလည်း ကြုံတွေ့ရဖူးသည်။ ဒါတွေက ရေတိုက်စားလို့ ကမ်းပါးပြိုကျလာခြင်းရဲ့ နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်သည်။  ရွာတွေကတော့ ဒီဖက်က အိမ်ဝင်းမြေကမ်းပါးပြိုလို့ ဟိုဖက်ကမ်းက သောင်တိုးမြေမှ နေရာသွားဦးတယ်ဆိုတာမျိုးတော့ မကြားဖူးပေ။ ကမ်းပါးမပြိုအောင်လည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရေကာတာ ရိုက်တာတွေလည်း ရှိကြသည်။

မြစ်ချောင်းအင်းအိုင်တွေ တိမ်ကောလာတာ၊ မြစ်သဲကျောက်ထုတ်ယူတာ၊ သစ်ပင်သစ်တော ပြုန်းတီးတာ၊ လူတွေရဲ့ အလိုလောဘ ကြီးလာတာတွေကြောင့်လည်း နောက်ဆက်တွဲ ရေကြီးရေလျှံဖြစ်မှု၊ မြေပြိုမှု၊ ကမ်းပါးပြိုကျမှုတွေက နေရာတော်တော်များများမှာ ကြုံတွေ့လာနေကြရသည်။ အရင်ကဆိုရင် မြေနုကျွန်းတွေ၊ မြစ်ကမ်းဘေးတွေမှာ ရင့်ရဲပင်၊ မိုးမခပင်၊ ကိုင်းပင်တွေက သဘာဝရဲ့ အကာအကွယ်တွေအဖြစ် ဖန်တီးပေးထားသည်။ နောက်ပိုင်းမှာတော့ စိုက်ပျိုးမြေအတွက် ကိုင်းပင်တွေကိုလည်း ခုတ်ထွင်ရှင်းလင်းလာတာ၊ မြစ်ကမ်းတလျှောက်က သစ်ပင်တွေလည်း နည်းပါးလာတာတွေကလည်း မြစ်ကမ်းပါးတွေကို ပိုပြီး ရေတိုက်စားစေသည့် အကြောင်းရင်းတစ်ရပ်ဖြစ်သည်။ ဟိုးအရင် လွန်ခဲ့တဲ့ အနှစ် ၂၀ ဝန်းကျင်ကဆိုရင် မြစ်သာမြစ်တစ်လျှောက် ဝါးတပြန်ထောက်လို့ မမှီတဲ့ ထူး ခေါ် ရေစားလို့ ဖြစ်ပေါ်နေတဲ့ မြေအောက်ကျင်းကြီးတွေ၊ ရေနက်တဲ့နေရာတွေ အများအပြားရှိသည်။ ဒီထူးကြီးတွေက မြစ်ချောင်းတိမ်ကောလာလို့ တဖြည်းဖြည်း ထူးကန်းတွေ ဖြစ်လာပြီး နေရာသာ ကျန်တော့တဲ့အနေအထားမျိုးတွေ ဖြစ်လာသည်။ မြစ်သဲကျောက်ကိုလည်း အရင်က ကိုယ့်အိမ်သုံးအတွက်သာ လှည်းနဲ့ သယ်ယူတာသာ ရှိခဲ့ပေမယ့် ဒီနေ့အခြေအနေမှာတော့ မုံစက်တွေနဲ့ စုပ်ယူကာ စီးပွားရေးလုပ်ငန်းအဖြစ် ထုတ်ယူလာနေကြသည်။ ခေတ်ကာလရဲ့ တိုးတက်လာတဲ့အခြေအနေအရ သဲကျောက် လိုအပ်ချက်ကလည်း များလာတာမှန်ပေမယ့် မြစ်ကြောင်း ပျက်စီးမသွားအောင်တော့ ဒေသခံတွေ သက်ဆိုင်ရာ လွှတ်တော်အမတ်တွေ၊ ဌာနဆိုင်ရာတွေက အခွန်ငွေရရှိမှုတစ်ခုထဲကို မကြည့်ဘဲ စိစစ်ကြပ်မတ်ပေးဖို့ လိုအပ်ပေသည်။ မြစ်သာမြစ်သည် ယောနယ်ရဲ့ အသက်ဖြစ်သည်။

“မြစ်သာမြစ်သည် ယောလူမျိုးတွေရဲ့ အသက်ဖြစ်သည်။ မြစ်သာမြစ်သည် ယောလူမျိုးတွေရဲ့ အမှတ်သညာတစ်ခုလည်း ဖြစ်သည်။ ဒါကြောင့် မြစ်သာမြစ် မပျက်စီးဖို့အရေး ဝိုင်းဝန်း ထိန်းသိမ်း စောင့်ရှောက်ကြရဦးမည်ဖြစ်သည်။”လို့ပဲ ဆိုချင်ပါသည်။

မြစ်သာမြစ်အတွင်း ငါးထွေ၊ ငါးရွေး၊ ငါးတန်၊ ငါးကြင်း၊ ငါးဖား၊ ငါးကြောင်း၊ ငါးမြင်း၊ ငါးဘတ် စတဲ့ ငါးကြီးမျိုးဝင်ငါးတွေအပါအဝင် လိပ်၊ ကျောက်ပုဇွန် စတာတွေလည်း လွန်ခဲ့တဲ့ အနှစ် ၂၀  ကျော်က အင်မတန်ပေါများခဲ့ပေမယ့် ယနေ့ခေတ်မှာတော့ အကြောင်းရင်းများစွာကြောင့် မတွေ့ရသလောက်ကို ရှားပါး ပျောက်ကွယ်ကုန်ပြီဖြစ်သည်။

ဟိုးအရင် လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်၊ ၃၀ ဝန်းကျင်အချိန်ထိ မြစ်သာမြစ်က ယောနယ်ရဲ့ ကုန်သွယ်ရေးကဏ္ဍမှာ အဓိက အခန်းကဏ္ဍက ပါဝင်ခဲ့သည်။ ကုန်းလမ်းခရီး မဖွံ့ဖြိုးခင်က လယ်ယာထွက်ကုန်တွေကို မြစ်သာမြစ်ကြောင်းအတိုင်း စက်လှေတွေနဲ့ တင်ပို့ကြသည်။ ဆေးကုသဖို့ ကျန်းမာရေးကိစ္စအတွက် စက်လှေကိုအသုံးပြုကြရသည်။ သစ်ဖောင်၊ ဝါးဖောင်တွေကို မြစ်သာမြစ်အတိုင်း စုန်ဆင်းစီးမျောကြရသည်။ ငယ်ငယ်ကဆိုရင် စက်လှေသံကြားရင် ဘယ်သူ့စက်လှေလည်းဆိုတာ သိဖို့ ကမ်းနားကို ပြေးကြည့်ကြရသည်။ ရေချိုးသွားရင်း စက်လှေလာတာနဲ့ကြုံရင် မြစ်အထက်ကို ပြေးပြီး ရေနက်ပိုင်းသွားကာ စက်လှေအရှိန်ကြောင့် ဖြစ်ပေါ်လာတဲ့ ရေလှိုင်းတွေကို ခိုစီးကြရတာပင် ပျော်စရာပင်ဖြစ်သည်။

တန်ဆောင်မုန်းလဆိုရင် ဆောင်းရဲ့အအေးဓာတ်ကို ယောဒေသမှာ သိသိသာသာ ခံစားနေရပြီဖြစ်သည်။ နှင်းသံတဖျောက်ဖျောက်နဲ့ မြူတွေကလည်း တခါတခါ ဝါးတရိုက်လောက်သာ မြင်ရတတ်သည်။ တန်ဆောင်မုန်းလဆိုရင် မြစ်ရေလည်းစနည်းလာပြီး ရေလည်း ကြည်လင်စပြုနေပြီဖြစ်သည်။ မြစ်တစ်လျှောက် တစ်ရွာနှင့် တစ်ရွာ ကူးလူးဖို့ မြစ်ကူးတံတားငယ်လေးတွေ ထိုးကြတဲ့အချိန်လည်း ဖြစ်သည်။ မြစ်ကူးတံတားငယ်လေးတွေက ဒေသတွင်း ကူးလူးဆက်သွယ်ရေးအတွက် အခရာပင်ဖြစ်တော့သည်။ ကျွန်တော်မွေးရပ်ဇာတိရွာဖြစ်တဲ့ ဘော်ပြင်းရွာကို တောင်ဖက်၊ အရှေ့ဖက်၊ မြောက်ဖက်ကနေ ကွေ့ဝိုက်ကာ မြစ်သာမြစ်ကာ စီးဆင်းသွားသည်။ ကျွန်တော်တို့ရွာရဲ့ မြောက်ဖက်တွင် ပညာရေး၊ ကျန်းမာရေး၊ ရောင်းဝယ်ရေးကအစ အစစ မှီခိုအားထားရတဲ့ ရွာကြီးတစ်ရွာဖြစ်တဲ့ ကန်ရွာရှိသည်။ ကန်ရွာနှင့် ဘော်ပြင်းရွာကို မြစ်သာမြစ်က ခြားထားသည်။ မိုးရာသီ ၄ လတာကာလကို ကူးတို့လှေနဲ့ ကူးကြရပြီး ကျန်တဲ့အချိန်မှာတော့ ဒီမြစ်ကူးတံတားငယ်လေးတွေကိုပဲ အားထားကြရသည်။ နှစ်စဉ်တံတားထိုးရတဲ့အတွက် ဘော်ပြင်း တံတားဆိုပြီး စာဆိုပေါ်လာခဲ့ခြင်းဖြစ်သည်။ တခြားရွာတွေ စာဆိုမပေါ်ဘဲ ဒီရွာမှ ပေါ်လာရတဲ့အကြောင်းရင်းတော့ ဂဃနဏ မသိတာကို ဝန်ခံရမည်။ သို့သော် ဘော်ပြင်းတံတားသည် တခြားရွာတွေထက် ရှည်သည်။ ဘော်ပြင်းတံတားသည် တဖြောင့်တည်း မဟုတ်ဘဲ နည်းနည်းလေးဖြစ်ဖြစ် ကောက်သည်။ တခြားရွာတွေထက်လည်း ကြာကြာခံတတ်သည်။ ဒါတွေကြောင့်ပဲ ဘော်ပြင်းတံတားလို့ သတ်မှတ်ခဲ့ကြပုံပေါ်သည်။ ကျွန်တော်တို့ ငယ်ငယ်ကတော့ တံတားဆောက်ဖို့အတွက် ရပ်ကွက်လိုက်ခွဲတမ်းချ မဲနှိုက်ရသည်။ အိမ်တိုင်း ဝါး၊ မျောတွေ ထည့်ကြ၊ လူလုပ်အားတွေပါဝင်ကြရသည်။ ခွဲတမ်းမထည့်ရင်၊ လူမလိုက်ရင် ဒဏ်ရိုက်တာတွေလည်း ရှိခဲ့ဖူးသည်။ ဒါတွေက ခေတ်အခြေအနေအရ ပြောလို့ရသည်။ ဒီနေ့ခေတ်မှာတော့ အဲလိုမဟုတ်တော့။ ခွဲတမ်းချတာတွေမရှိတော့။ မလာမနေရတွေ မရှိတော့ပေ။ အားလုံး စေတနာ့ဝန်ထမ်းတွေအနေနဲ့ပဲ လုပ်ဆောင်ကြတော့သည်။

ခေတ်ကာလအလျောက် တံတားပုံစံတွေလည်း ပြောင်းလဲလာသည်။ ဟိုးအရင်က ဝါးကို နှီးဖျာ ပြီးရင် ကျောက်ထုတ်တိုင်ရိုက် အပေါ်က ကပ်ခင်း ပြုလုပ်ရာကနေ ဝါးတိုင်၊ အဲဒီကနေ သစ်သားမျောတိုင်တွေအဖြစ် ပြောင်းလဲလာကြသည်။ အရင်က တံတားမှာ နှီးတွေကိုသာ အသုံးပြုခဲ့ပေမယ့် အခုတော့ သံချောင်း၊ သွပ်နန်းကြိုးတွေကို နှီးအစားထိုး သုံးစွဲလာကြသည်။ ဘော်ပြင်းရွာတံတားက အနည်းဆုံးပေ ၈၀၀ ခန့်အရှည်ရှိသည်။ ပေ ၈၀၀ ခန့်အတွက် မျော (အင်သား) ၄ တန်ခန့်၊ ဝါး ၂ တန်ခန့်၊ သံ ၁၁ ပိဿာကျော်နှင့် သွပ်နန်းကြိုး ၁၀ ခွေကျော် ကုန်ကျသည်။

“တံတားဆောက်တာက ၄ ရက်ကြာတယ်။ ကာလပေါက်ဈေး   ၇ သိန်းလောက်တော့ ကုန်တာပေါ့။ ဒါပေမယ့် လှုကြတန်းကြပါတယ်။ ဒီလိုတံတားတွေက အစင်းပေါင်းမရေတွက်နိုင်တော့ဘူး။ ဟိုးရှေးကတည်းက လုပ်လာကြတာဆိုတော့။”လို့ အသက် ၆၀ ကျော်ပြီဖြစ်တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစာမောင်က ပြောသည်။

ယခုလို နှစ်စဉ်တံတားထိုးရသည့် ဒုက္ခကို ကုစားဖို့ တချို့ကျေးရွာတွေကတော့ ကြိုးတံတားတွေအစားထိုး တည်ဆောက်လာကြသည်။ ဘော်ပြင်းကျေးရွာတွင်လည်း ကြိုးတံတားထိုးဖို့ စီစဉ်ခဲ့တာ အတော်ကြာပြီဖြစ်ပြီး တံတားနှစ်စင်းတိုင်ထူပြီးဖြစ်ပေမယ့် ယနေ့ထိတော့ အောင်မြင်မှုမရရှိသေးပေ။ ရွာသူရွာသား မညီညွတ်ခြင်း၏ ပြယုဂ်လို့ပင် ပြောနိုင်သည်။ နောက်မှတည်ဆောက်ကြသည့် ကိုယ်ထူကိုယ်ထတံတားတွေပင် ပြီးစီးလို့ သွားလာနေကြပြီဖြစ်သည်။

ဘော်ပြင်းတံတားကဲ့သို့သော ပွင့်လင်းရာသီမှာ လမ်းပန်းဆက်သွယ်ရေးအတွက် မရှိမဖြစ် အသုံးပြုကြရသည့် ဝါးတံတားလေးတွေက မြစ်သာမြစ်တလျှောက် အမြောက်အများတွေ့နိုင်သည်။ ဂန့်ဂေါမြို့နယ်အတွင်းမှာပင် တံတားအစင်းပေါင်း ၂၀ ဝန်းကျင်ရှိသည်။ မြစ်သာမြစ်ဖြတ်သန်းစီးဆင်းသွားရာ ကလေးမြို့နယ်တွင်လည်း အလားတူ တံတားငယ်လေးတွေ ရှိသေးသည်။ တံတားတစ်စင်းအတွက် ပျမ်းမျှကုန်ကျသည့် သစ်ဝါးက အနည်းဆုံး ၅ တန်နဲ့အထက် အသုံးပြုကြရသည်။ ဟိုးယခင်ကတော့ သစ်ဝါးအတွက် ရွာနဲ့ မလှမ်းမကမ်းမှာ အလွယ်တကူရနိုင်ပေမယ့် ယနေ့ခေတ်မှာတော့ လိုတဲ့ သစ်ဝါးအမျိုးအစားအလိုက် နေကုန်နေခမ်း သွားခုတ်ကြရသည်။ အလွယ်တကူမရနိုင်တော့ပေ။ တိုးပွားလာတဲ့ လူဦးရေကြောင့် လယ်ယာမြေချဲ့ထွင်တာ၊ စိုက်ခင်းတွေပြုလုပ်တာ၊ သယံဇာတထုတ်ယူတာ၊ သစ်ဝါးလိုအပ်ချက်များတာ၊ မီးသွေးအသုံးပြုမှုများပြားလာတာ စသည့်အကြောင်းရင်းများစွာကြောင့် သစ်တောတွေလည်း မရှိသလောက်ဖြစ်နေပြီဖြစ်သည်။ နောင်အနာဂတ်အတွက် သဘာဝအမွေတွေက သယံဇာတမဟုတ်တော့ဘဲ လေဘေး၊ ရေဘေး၊ မြေပြိုဘေး၊ ကမ်းပြိုဘေးတွေ ဖြစ်လာမှာ စိုးရိမ်စရာပင်။ တွေးဆကြည့်ပြီး အချိန်မှီ ထိန်းသိမ်းကြဖို့လိုသည်။ ပြီးခဲ့တဲ့ နှစ်တွေမှာ ဂန့်ဂေါမြို့ရဲ့ အပူချိန်သည် စံချိန်သစ်တင်ခဲ့တဲ့အထိ အပူရှိန်ပြောင်းလဲလာတာ အားလုံးအသိပင်ဖြစ်သည်။ ဒေသတွင်းမှာ သဘာဝပတ်ဝန်းကျင်အပေါ် မှီခိုမှုက အရမ်းများပြားနေသေးသည်။ ထိန်းသိမ်းရမယ်ဆိုတဲ့အသိ နည်းပါးနေသေးပြီး အသိပညာပေးမှုတွေ များများလုပ်ဖို့ လိုအပ်နေသေးသည်။

နောက်ဆုံးတင်ပြချင်တာကတော့ စာဆိုထဲမှာပါတဲ့ မြင်သား ပွဲငှားအကြောင်းလေးပင်။ မြင်သားရွာသည် မြစ်သာမြစ်အရှေ့ဖက်ကမ်းရှိ ရွာကြီးတစ်ရွာဖြစ်သည်။ နှစ်စဉ် ဘုရားပွဲလုပ်ရင် တစ်နှစ် တစ်ဇာတ် မရိုးရအောင် ပွဲငှားသူတွေက ငှားတတ်တာကြောင့် ယခုလို အမည်တွင်လာတာလို့ လူကြီးတွေရဲ့ ပြောသံကြားဖူးသည်။ ဒါ့အပြင် ယောသားအိမ်ပြန် ခမောက်လန်၊ ယောသားစကောကရင် သွားသာကြည့် ဗိုက်တော့ဝတယ် စသဖြင့် ဆိုရိုးစကားတွေလည်း အများကြီး ကျန်သေးသည်။ အကြောင်းတိုက်ဆိုင်ရင် ရေးသားတင်ဆက်ပေးပါဦးမည်။

မည်သို့ပင်ဖြစ်စေ ယောဒေသသည် ချစ်စရာ၊ မြတ်နိုးစရာဓလေ့တွေနဲ့ အပြည့်ဖြစ်သည်။ သဘာဝတရားက သာယာလှပအောင် ဖန်တီးပေးထားသည်။ တောတောင်ရေမြေတွေက မြင်မြင်သမျှ စိတ်ကြည်နူးစေသည်။ စကားသံဝဲဝဲနဲ့ ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်သည့် ယောသူယောသားတွေကိုလည်း ကြုံတွေ့ဖူးသူတွေက ချစ်ခင်ကြသည်။ ဖော်ရွေတဲ့အပြုံးနဲ့ လာသမျှဧည့်သည်တိုင်းကို မငြူမစူ ရှိတာနဲ့ ကျွေးမွေးတတ်တာကလည်း ယောလူမျိုးတွေရဲ့ ပြယုဂ်တွေထဲက တစ်ခုပင်။ ယောမြေ၊ ယောဒေသ၊ ယောစကား၊ ယောဓလေ့တွေ ဆက်လက်ရှင်သန်နေစေဖို့ ယောသူယောသားတိုင်းတွင် တာဝန်ရှိသည်။ ယောရဲ့ အသက်သွေးကြောသည် မြစ်သာမြစ်ဖြစ်သည်။ မြစ်သာမြစ်ပျက်စီးသွားရင် ယောလူမျိုးတွေ ပျက်စီးသွားတာနဲ့ မခြားတော့ပေ။ ဒီအတွက် စုပေါင်းအားနဲ့ ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြရမယ်။ လာမည့်ဘေးတွေကို ကြိုတင်ကာကွယ်ကြရမည်။

ဒါကြောင့် အထက်တွင် ပြောခဲ့သလိုပင် “မြစ်သာမြစ်သည် ယောလူမျိုးတွေရဲ့ အသက်ဖြစ်သည်။ မြစ်သာမြစ်သည် ယောလူမျိုးတွေရဲ့ အမှတ်သညာတစ်ခုလည်း ဖြစ်သည်။ ဒါကြောင့် မြစ်သာမြစ် မပျက်စီးဖို့အရေး ဝိုင်းဝန်း ထိန်းသိမ်း စောင့်ရှောက်ကြရဦးမည်ဖြစ်သည်။”လို့ပဲ ထပ်လောင်း ပြောဆိုလိုက်ချင်ပါသည်။

မြစ်သာနဒီ ရှိုက်သံကြားနေရပြီ။ မြစ်သာနဒီ ချူချာလာနေပြီ။ မြစ်သာနဒီ အားအင်တွေ လျော့နည်းလာနေပြီ။

မဟာယောလေး (ဘူမိ)

error: Content is protected !!