Home > သတင်း > ကျန်းမာရေး > ခန္တီးမြို့တွင် ပထမဆုံး ကိုဗစ်လူနာတွေတွေ့ရှိ

စစ်ကိုင်းတိုင်းဒေသကြီး ချင်းတွင်းမြစ်အထက်ပိုင်း ခန္တီးမြို့တွင် ဒီဇင်ဘာလ ၆ ရက်နေ့က မန္တလေးက လာရောက်သူ တွေထဲကနေ ကိုဗစ်ပိုးတွေ့ရှိခဲ့ပါတယ်။ ပိုးတွေ့လူနာက ခန္တီးရတနာနယ်မြေကို အလုပ်လုပ်ဖို့ လာရောက်တာဖြစ်ပြီး Test Kit နဲ့ စစ်ဆေးတာကနေ တွေ့ရှိခဲ့တာပါ။

“အခုခန္တီးမြို့မှာ ပထမဦးဆုံးပိုးတွေ့ခဲ့တာပါ။ အခုတွေ့တဲ့လူက ခန္တီးမြို့နယ် နန်စီပွန်ကို အလုပ်လုပ်ဖို့ လာခဲ့သူတွေဖြစ်ပါတယ်။ ကိုဗစ်ပိုးတွေရှိခဲ့သူတွေ ခန္တီးကမဟုတ်ဘူး။ ခိုင်နန်းရွှေကုမ္ပဏီက အလုပ်လုပ်ဖို့ ခေါ်ယူခဲ့တဲ့ လုပ်သား ၅ ဦးပါ။ သူတို့ကို Test Kit စစ်ဆေးပြီး ၅ ယောက်ထဲက Positive တစ်ဦးတွေ့ရှိခဲ့တာ။”လို့ ခန္တီးဆေးရုံအုပ် ဒေါက်တာ ဒေါ်နန်းမြတ်မြတ်မွှေးက ပြောပါတယ်။

ပိုးတွေ့လူနာက မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့ကနေ လာရောက်ခဲ့တာဖြစ်ပြီး ခရီးသွားရာဇာဝင်တွေကိုလည်း စစ်ဆေးနေတယ်လို့ သိရပါတယ်။ ပိုးတွေ့သူကိုတော့ ခန္တီးဆေးရုံမှာ ကုသပေးသွားမှာဖြစ်ပြီး ကျန်တဲ့သူတွေကိုလည်း ကွာရင်တင်းထားရှိကာ စောင့်ကြည့် စစ်ဆေးသွားမယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းအတွင်း ဒီဇင်ဘာလ ၅ ရက်နေ့ထိ အစိုးရအဖွဲ့က ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ မြို့နယ်ပေါင်း ၂၉ မြို့နယ်မှာ ကိုဗစ်ပိုးတွေ့လူနာ ၉၅၇ ဦးရှိခဲ့ပြီး ၂ ဦးသေဆုံးထားကာ ဆေးကုသဆဲလူဦးရေ ၂၇၉ ဦးရှိခဲ့တာပါ။ ခန္တီးမြို့ကတော့ အခုမှ ပထမဆုံးအကြိမ်တွေ့ရှိတာဖြစ်ပြီး စစ်ကိုင်းတိုင်းမှာ ပိုးတွေ့မြို့နယ် ၃၀ ထိ ရှိလာပြီဖြစ်ပါတယ်။

ခန္တီးမာန် (မျက်မှောက်ခေတ်)

error: Content is protected !!