Home > သတင်း > တရားဉပဒေစိုးမိုးရေး > ထီးချိုင့်မြို့နယ်က ထွေ/အုပ်ဝန်ထမ်းတစ်ဦး လိမ်လည်မှုနဲ့ အမှုဖွင့်ခံရပြီး ထွက်ပြေးတိမ်းရှောင်နေ

ထီးချိုင့်မြို့နယ်က ထွေ/အုပ်ဝန်ထမ်းတစ်ဦး လိမ်လည်မှုနဲ့ အမှုဖွင့်ခံရပြီး ထွက်ပြေးတိမ်းရှောင်နေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အောက်ခြေဝန်ထမ်း အမျိုးသမီးတစ်ဦး ဒီဇင်ဘာလ ၄ ရက်နေ့က ရဲစခန်းမှာ လိမ်လည်မှု၊ အတုပြုလုပ်မှုတွေနဲ့ အမှုဖွင့်ခံရပြီး ထွက်ပြေးတိမ်းရှောင်နေတယ်လို့ သိရပါတယ်။ အမှုဖွင့်ခံရသူအမျိုးသမီးက ထီးချိုင့်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ စာရင်းကိုင်-၄ အဆင့်ရှိ ဒေါ်ခင်သန္တာဦး ဆိုသူဖြစ်ပြီး ဝန်ထမ်းခန့်ထားမယ်လို့ ဒေသခံဘွဲ့ရလူငယ်တွေဆီကနေ ငွေကျပ် ၁၀ သိန်းစီတောင်းခံခဲ့တာပါ။ ဒါ့အပြင် ရုံးတံဆိပ်တုံးအတုပြုလုပ်တာ၊ လက်မှတ်အတုပြုလုပ်တာ၊ တွေလည်း ရှိခဲ့ပြီး လိမ်လည်ခံရသူတွေက ရဲစခန်းမှာ သွားရောက်အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။

“အမှုဖွင့်တာဟုတ်ပါတယ်။ စုစုပေါင်း ၂ မှုပါ။ ပထမအမှုကတော့ လိမ်လည်မှု ပုဒ်မ ၄၂၀ နှင့် လိမ်လည်ရန် စာရွက်စာတမ်းအတုပြုလုပ်မှု ပုဒ်မ ၄၆၈ တို့နဲ့ ကာယကံရှင်တွေက အမှုဖွင့်တာပါ။ နောက်တစ်မှုကတော့ လိမ်လည်မှုပုဒ်မ ၄၂၀ ပဲ။ ဒီအမှုကတော့ သူနဲ့အတူ ကြံရာပါ အမျိုးသမီး ၂ ဦးပါတယ်။ လောလောဆယ်တော့ အဓိက လိမ်လည်သူ ထွေအုပ်ဝန်ထမ်းအမျိုးသမီးကတော့ ထွက်ပြေးတိမ်းရှောင်နေတယ်။ ကျန်တဲ့နှစ်ယောက်ကိုတော့ အာမခံပေးထားပါတယ်။ ဖမ်းဆီးရမိရေးအတွက်လည်း လုပ်ဆောင်နေပါတယ်။ ပထမအမှုအတွက်က ကျပ်သိန်း ၁၃၀၊ နောက်အမှုကတော့ ကျပ်သိန်း ၁၂၀ လောက်ရှိမယ်။”လို့ ထီးချိုင့်မြို့မရဲစခန်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

လိမ်လည်ခဲ့သူအမျိုးသမီးက ဒေသခံ ၁၃ ယောက်ကို မြို့နယ်စီမံကိန်းဦးစီးဌာနက လက်ထောက်ညွှန်ကြားရေးမှုး ဒေါ်မြင့်မြင့်သန်း နာမည်နဲ့ Facebook အကောင့်တစ်ခုဖွင့်ကာ စီမံကိန်းရုံးမှာနေရာ ၁၅ နေရာအတွက် အလုပ်ခန့်မယ်ဆိုပြီး Messenger ကတဆင့် ယုံကြည်အောင်ပြောဆိုခဲ့တာပါ။ အလုပ်အတွက် လူတစ်ယောက်ကို ကျပ် ၁၀ သိန်းစီနဲ့ စုစုပေါင်း ငွေကျပ်သိန်းပေါင်း ၁၃၀ တောင်းယူခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် တခြားသော လိမ်လည်မှု၊ ရုံးတံဆိပ်၊ စာရွက်စာတမ်းအတုပြုလုပ်မှုတွေလည်း ရှိခဲ့ပြီး ဌာနတွင်း စစ်ဆေးမှုတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။ မျက်မှောက်ခေတ်က ရရှိထားတဲ့ သတင်းတွေအရ လိမ်လည်မှုအားလုံးအတွက် ငွေကျပ်သိန်းပေါင်း ၃၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ သီးခြားအတည်မပြုနိုင်သေးပါဘူး။ ဒီကိစ္စနဲ့ပတ်သက်လို့ မြို့နယ်အုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှုး ဦးစိုးလွင်ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် လမ်းခရီးသွားနေတဲ့အတွက် နောက်မှပြန်ဆက်မယ်ဆိုပြီး ပြောဆိုခဲ့ပါတယ်။

အခုလိုကိစ္စတွေကို သက်ဆိုင်ရာအစိုးရအနေနဲ့ ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ပေးစေချင်တယ်လို့လည်း ဒေသခံတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။

“ကျောက်အိုက်အုပ်စုတင် အလိမ်ခံရတာ ၅ ယောက်ရှိတယ်။ ဒီဖြစ်စဉ်က တို့မြို့နယ်အတွက် မကောင်းတဲ့လက္ခဏာပဲ။ ဒါတွေက လာဘ်ပေးလာဘ်ယူမှုဆိုတာက လက်ရှိ အစိုးရရဲ့ မူဝါဒနဲ့လည်း ကိုက်ညီမှုမရှိဘူး။ ဒါတွေကို အဂတိတိုက်ဖျက်ရေးကော်မရှင်တွေဖွဲ့ပြီး ထိထိရောက်ရောက်လုပ်နေတဲ့အချိန်မှာ ဒါတွေပေါ်ပေါက်ခဲ့တာကတော့ မှန်မှန်ကန်ကန်ဖော်ထုတ်ပေးဖို့ ပြောချင်တယ်။ ပြီးတော့ နောက်နောင် ဒါမျိုးတွေမဖြစ်အောင် ဌာနဆိုင်ရာအကြီးအမှုးတွေအနေနဲ့လည်းပဲ ကိုယ့်ဝန်ထမ်းတွေကို ကြပ်ကြပ်မတ်မတ် ကြီးကြပ်ပေးဖို့ သက်ဆိုင်ရာဦးစီးမှုးတွေမှာ လိုအပ်နေပြီလို့ ဒီလိုပဲမြင်တယ်။”လို့ ထီးချိုင့်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဟန်က ပြောပါတယ်။

အတည်မပြုနိုင်သေးတဲ့သတင်းတွေအရ သက်ကြီးဘိုးဘွားတွေအတွက် နိုင်ငံတော်က ထောက်ပံ့တဲ့ ငွေတွေထဲကလည်း ငွေကျပ်သိန်းပေါင်း ၁၁၀ လိမ်လည်ထားသေးတယ်လို့ သိရပါတယ်။ သက်ကြီးဘိုးဘွားတွေရဲ့ ငွေတွေလိမ်လည်တာနဲ့ပတ်သက်လို့ကတော့ ဌာနဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ အောက်ခြေက တင်ပြလာတဲ့ စားရင်းဇယားတွေက တိတိကျကျ စစ်ဆေးပြီး ဆောင်ရွက်ပေးစေချင်တယ်လို့လည်း ဦးသိန်းဟန်က ပြောပါတယ်။

နာမည်အလွဲသုံးစားမှုပြုလုပ်ခဲ့တာနဲ့ပတ်သက်လို့ကတော့ နာမည်အလွဲသုံးစားအပြုခံခဲ့ရသူ ထီးချိုင့်မြို့နယ် စီမံကိန်းရုံး လက်ထောက်ညွှန်ကြားရေးမှုး ဒေါ်မြင့်မြင့်သန်းကလည်း မြို့မရဲစခန်းမှာ တိုင်ကြားထားတယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လည်း တိုင်းအဆင့်က ကွင်းဆင်းစစ်ဆေးထားတယ်လို့ သိရပါတယ်။ စစ်ကိုင်းအတွင်း အခြားဒေသတွေမှာလည်း အဂတိနဲ့ အရေးယူခံထားရတဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းတွေလည်း ရှိနေပါတယ်။

လွင်မင်း (မျက်မှောက်ခေတ်)

error: Content is protected !!