Home > သတင်း > ကျန်းမာရေး > ကိုဗစ်ကြောင့် ဒီမိုကရေစီစံနှုန်းတွေ လျော့ကျစေပြီး လူ့အခွင့်အရေး ဆုံးရှုံးနစ်နာမှုတွေ ကြုံတွေ့နေရ

ကိုဗစ်ကြောင့် ဒီမိုကရေစီစံနှုန်းတွေ လျော့ကျစေပြီး လူ့အခွင့်အရေး ဆုံးရှုံးနစ်နာမှုတွေ ကြုံတွေ့နေရ

ကမ္ဘာတဝှမ်း ကိုဗစ်ကပ်ရောဂါဖြစ်ပွားနေတာ ၁ နှစ်ဝန်းကျင်ရှိနေပြီဖြစ်ပါတယ်။ ကာကွယ်ဆေးရရှိရေးကိုလည်း တိုးတက်ပြီးနိုင်ငံတွေက အပြိုင်အဆိုင် စမ်းသပ်တီထွင်နေကြဆဲဖြစ်ပါတယ်။ WHO ရဲ့ နိုဝင်ဘာလ ၂၃ ရက်နေ့ထိ စာရင်းတွေအရ ကမ္ဘာတဝှမ်း နိုင်ငံပေါင်း ၂၂၀ မှာ ကိုဗစ်ကူးစက်ခံရသူ ၅၈ သန်းကျော်ရှိနေပြီး သေဆုံးသူ ၁ သန်းကျော်ပြီလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း ကိုဗစ်ကပ်ရောဂါကူးစက်ခံထားရသူ နိုဝင်ဘာ ၂၄ ရက်နေ့ထိ ၈ သောင်းကျော်ရှိလာနေပြီဖြစ်ပါတယ်။ ကိုဗစ်ကပ်ရောဂါကြောင့် အသွားအလာတွေလည်း ကန့်သတ်ထားသလို အစိုးရဌာနဆိုင်ရာတွေ၊ တရားရုံး၊ အကျဉ်းထောင်တွေ၊ အချုပ်ခန်းတွေကိုလည်း ဧည့်တွေ့ပိတ်ထားတာ အချိန်အတော်ကြာနေပြီဖြစ်ပါတယ်။ ဒီအတွက် တချို့နေရာတွေမှာ ဒီမိုကရေစီစံနှုန်းတွေ လျော့ကျလာရသလို လူ့အခွင့်အရေးအရ ဆုံးရှုံးနစ်နာတဲ့အဖြစ်မျိုးတွေလည်း ကြုံတွေ့လာနေကြရတာပါ။ ကိုဗစ်ကပ်ရောဂါက အုပ်ချုပ်သူတွေအတွက် အကာအကွယ်တွေ ဖြစ်နေစေပြီး ဒီမိုကရေစီစံနှုန်းတွေကို လျော့ကျစေတယ်လို့ လူငယ်ကဗျာဆရာတစ်ဦးက သုံးသပ်ပြောဆိုထားပါတယ်။ကိုဗစ်ကာလအတွင်း တရားရုံးတွေကို ပိတ်ထားပြီး ရက်ချိန်းတွေကိုတော့ အွန်လိုင်းကတဆင့် ကြော်ငြာတာ၊ ရုံးရှေ့မှာ ကြော်ငြာထားတာတွေတော့ ရှိပါတယ်။ အရေးကြီးအမှုတွေကလွဲပြီး ရုံးထုတ်တာမရှိတဲ့အကြောင်းကိုလည်း တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောပါတယ်။စစ်အစိုးရလက်ထက်ကတည်းကနေ ဒီမိုကရေစီအစိုးရလို့ သတ်မှတ်ခံထားရတဲ့ NLD အစိုးရလက်ထက်ထိ မြန်မာနိုင်ငံရဲ့တရားစီရင်ရေးစနစ်က ပြည်သူတွေကြားထဲမှာ ဝေဖန်ခံနေရဆဲဖြစ်ပါတယ်။ တရားစီရင်ရေးမဏ္ဍိုင်ကို ဉပေဒပြုရေး၊ အုပ်ချုပ်ရေး စတဲ့ မဏ္ဍိုင် တွေက ထိန်းကျောင်းဖို့လည်း ခက်ခဲနေဆဲပါ။ အထူးသဖြင့် လက်ရှိကိုဗစ်ကပ်ရောဂါဖြစ်ပွားနေတဲ့ ကာလအတွင်းမှာ မဏ္ဍိုင် ၃ ရပ် အပြန်အလှန်ထိန်းကျောင်းမှုက သိသိသာသာ လျော့နည်းလာတာကိုလည်း တွေ့မြင်နေရပါတယ်။ ကိုဗစ်ကြောင့် တရားရုံးတွေပိတ်ထားတဲ့အတွက် ဖမ်းဆီးချုပ်နှောင်ခံထားရသူတွေမှာ ရုံးထုတ်တာမရှိလို့ မိသားစု၊ ရှေ့နေတွေနဲ့ တွေ့ခွင့်မရသလို ထောင်ဝင်စာတွေ့ခွင့်လည်း မရကြပါဘူး။ တရားစီရင်ရေးစနစ်နှောင့်နှေးကြန့်ကြာလို့ ပြစ်မှုပြစ်ဒဏ်ထက် ကျော်လွန်ချုပ်နှောင်ခံရတဲ့ဖြစ်စဉ်တွေ အရင်ကလည်း ရှိခဲ့ဖူးပါတယ်။ ဒါကြောင့် လက်ရှိချုပ်နှောင်ခံထားရတဲ့ အချုပ်သားတွေကိုလည်း ပြစ်မှုပြစ်ဒဏ်ထက် ကျော်လွန်ချုပ်နှောင်ခံရမှာကို စိုးရိမ်မှုတွေ ရှိနေပါတယ်။ ဒီလိုကိစ္စတွေနဲ့ပတ်သက်လို့ ပြည်သူတွေက လွှတ်တော်ကိုယ်စားလှယ်ကိုပဲဖြစ်ဖြစ် ရေးရာကော်မတီကိုပဲဖြစ်ဖြစ် တင်ပြတိုင်ကြားလာတာတော့ မရှိသေးဘူးလို့ မုံရွာမြို့နယ်တိုင်းလွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။ကိုဗစ်က ဘယ်လောက်ထိရှည်ကြာနေဦးမယ်ဆိုတာ မခန့်မှန်းနိုင်ကြသေးပါဘူး။ ဒီအတွက် ရှိပြီးသား ဒီမိုကရေစီစံနှုန်းတွေ ပိုပြီးလျော့ကျမသွားအောင်၊ လူ့အခွင့်အရေးဆုံးရှုံးနစ်နာမှုတွေ မဖြစ်ရအောင် တရားစီရင်ရေးစနစ်ကို ပြောင်းလဲဖို့လည်း လိုအပ်နေပါတယ်။ တရားရေးဌာနက အဂတိလိုက်စားမှု၊ အကျင့်ပျက်ခြစားမှုတွေကြောင့် ပြည်သူတွေရဲ့ ယုံကြည်မှုလျော့ကျတာတွေ ဖြစ်ပေါ်နေဆဲပါ။ အဂတိတိုက်ဖျက်ရေးကော်မရှင်ရဲ့ သတင်းတွေအရ စစ်ကိုင်းတိုင်းမှာ အဂတိနဲ့ အမှုဖွင့်ခံထားရတဲ့ တရားရေးဝန်ထမ်းတွေလည်း ရှိနေတာပါ။ ဥပဒေအရဖြေလျော့ပြီး အာမခံပေးလိုက်ရင် ဒီပြဿနာတွေက အထိုက်အလျောက်ပြေလည်သွားနိုင်မယ်လို့လည်း တရားလွှတ်တော်ရှေ့နေက ပြောဆိုထားပါတယ်။ကိုဗစ်ကူးစက်မှာစိုးရိမ်လို့ လူတွေ့ခွင့်မပေးရင်တောင် နည်းပညာနဲ့ တွေ့ဆုံစကားပြောဆိုနိုင်ရေး စီစဉ်ပေးတာတွေလည်း လုပ်ပေးဖို့ လိုအပ်တယ်လို့ သုံးသပ်တာတွေရှိပါတယ်။ ဒီကိစ္စတွေအတွက် အစိုးရအနေနဲ့ ဆွေးနွေးဆောင်ရွက်သွားမှာဖြစ်ပြီး အမှုတွေ မြန်မြန်ဆန်ဆန်ပြီးစီးဖို့အတွက်လည်း တွန်းအားပေးသွားမယ်လို့ စစ်ကိုင်းတိုင်း တရားဥပဒေစိုးမိုးရေး၊ တရားမျှတမှုများဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင် လူ့စွမ်းအားရင်းအမြစ်ဝန်ကြီးက ပြောပါတယ်။ကိုဗစ်ကာလအတွင်း ပွင့်လင်းမြင်သာမှုအားနည်းတာ၊ လုပ်ငန်းကြန့်ကြာတာတွေက ကျန်းမာရေးကိစ္စကြောင့်သာဖြစ်ပြီး ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတာမဟုတ်ဘူးလို့လည်း ဝန်ကြီးက ပြောဆိုခဲ့ပါသေးတယ်။ စစ်ကိုင်းတိုင်းအတွင်းက တရားစီရင်ရေးအခြေအနေတွေနဲ့ပတ်သက်လို့ တိုင်းတရားသူကြီးချုပ်ကို တွေ့ဆုံမေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် တွေ့ဆုံမေးမြန်းခွင့်မရခဲ့ပါဘူး။ တရားစီရင်ရေးစနစ် မှန်ကန်မြန်ဆန်ရေးအတွက်ကိုတော့ ရှေ့ပြေးစီမံကိန်းတွေ၊ CMB စနစ်တွေကို စီစဉ်ကျင့်သုံးနေပြီလို့တော့ တရားရေးဌာန သတင်းတွေအရ သိရပါတယ်။

By-မျက်မှောက်ခေတ်

error: Content is protected !!