Home > သတင်း > ဒေသတွင်းသတင်း > တိုင်းအစိုးရကတိတွေထဲက တစ်ခုဖြစ်တဲ့ မုံရွာကားကြီးကွင်းတည်ဆောက်မှု အခုလကုန်အပြီးဆောက်မည်လို့ စည်ပင်တာဝန်ရှိသူပြော

တိုင်းအစိုးရကတိတွေထဲက တစ်ခုဖြစ်တဲ့ မုံရွာကားကြီးကွင်းတည်ဆောက်မှု အခုလကုန်အပြီးဆောက်မည်လို့ စည်ပင်တာဝန်ရှိသူပြော

မုံရွာမြို့ သန့်ရှင်းသာယာလှပရေးနှင့် ရေရှည်တည်တံ့ရေးအတွက်ဆိုပြီး အချက် ၉ ချက်ထဲက တစ်ခုဖြစ်တဲ့ မုံရွာမြို့ ကားကြီးကွင်း တိုးချဲ့ရေးနဲ့ပတ်သက်လို့ နိုဝင်ဘာလအကုန်မှာ အပြီးတည်ဆောက်သွားမယ်လို့ တိုင်းစည်ပင်တာဝန်ရှိသူက ပြောပါတယ်။ လက်ရှိမှာ ၉၅ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကာ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလက စတင်တည်ဆောက်ခဲ့တာပါ။

“အဝေးပြေးကားကြီးကွင်း တည်ဆောက်မှုက ၉၅ ရာခိုင်နှုန်းပြီးပြီ။ နည်းနည်းအချောသတ်လေးပဲ ကျန်တော့တာ။ အဝင်ဂိတ်တံခါးတပ်ဖို့ကျန်တယ်။ အသစ်ဆောက်တဲ့ ဆိုင်ခန်း ၁၂ ခန်းကတော့ မီးလိုင်း၊ ရေလိုင်းပဲ ကျန်တော့တာ။ ကျွန်တော်တို့က ဒီလအကုန်ဆိုရင် ရာနှုန်းပြည့်ပြီးပြီ။ ဖွင့်ပွဲက အဝေးပြေဂိတ်တွေက လောလောဆယ်က ဖွင့်ပွဲလုပ်မရသေးဘူး။ ယာဉ်လိုင်းတွေက ပိတ်ထားတယ်။ ကိုဗစ်ပြီးမှ ပြန်စီစဉ်ရမှာပေါ့။”လို့ စစ်ကိုင်းတိုင်းစည်ပင်သာယာရေး ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်က ပြောပါတယ်။

မုံရွာမြို့ကနေ အခြေစိုက်ပြေးဆွဲနေတဲ့ ကားဂိတ်အနေနဲ့ ဂိတ်ပေါင်း ၅၀ ဝန်းကျင်ရှိပါတယ်။ အခုတည်ဆောက်နေတဲ့ ကားကြီးကွင်းထဲမှာ ကားဂိတ်အနေနဲ့ (၆) ခန်းတွဲ (၂) ထပ်အဆောက်အဦး (၄) လုံး၊ (၅) ခန်းတွဲ (၂) ထပ် အဆောက်အဦး (၁) လုံး၊ (၁) ခန်းတွဲ (၂) ထပ် အဆောက် အဦး (၁) လုံး စုစုပေါင်း ဂိတ် (၃၀)၊ ဈေးဆိုင်ခန်းအနေနဲ့ (၅) ခန်းတွဲ (၂) ထပ် အဆောက်အဦး (၂) လုံး၊ (၃) ခန်းတွဲ (၂) ထပ် အဆောက်အဦး (၂) လုံး စုစုပေါင်း အခန်း (၁၆) ခန်းနဲ့ ကားဝပ်ရှော့ (၁) ခုတို့ ပါဝင်မှာဖြစ်ပါတယ်။ အဝေးပြေးကားကြီးကွင်းကို ULTRA Company Limited က တာဝန်ယူ တည်ဆောက်နေတာပါ။

“ကားကွင်းကွင်းကို တင်ဒါခေါ်ပြီးမှ တည်ဆောက်တာပါ၊ အစိုးရဘက်ဂျက်နဲ့ တည်ဆောက်တာမဟုတ်ပါဘူး။ ကုမ္ပဏီရင်းနှီးမြုပ်နှံပြီး တည်ဆောက်တာပါ။ အခန်းတွေကို ရောင်းတာကတော့ စည်ပင်ကဘဲ ရောင်းပေးတာပါ။ အဓိကတော့ မြို့ထဲမှာကားတွေကြပ်နေတဲ့အတွက် ရွှေ့ပြောင်းပေးဖို့ ဂိတ်လုပ်လိုက်တာပါ။ ဂိတ်လုပ်လိုက်တဲ့အတွက် မြို့ထဲမှာ ကားအဝင်အထွက်တွေ သက်သာသွားမှာ ဖြစ်ပါတယ်။ မုံရွာမှာ အဝေးပြေးကားဂိတ်မရှိဘူး။ အရင်က ၁၉၉၄ ခုနှစ်လောက်က ဖော်ထားတဲ့ကားလေးကွင်းပဲရှိတာ။ အဲတုန်းက ကားတွေအသေးတွေပဲ။ အခုနောက်ပိုင်းကျ ခေတ်မီလာတော့ ခရီးသည်တင်ကားကြီးတွေနဲ့ဆိုတော့ ကျပ်နေတယ်။ ဒီကားတွေထိုးဖို့နေရာလဲမရှိဘူး။ ကားတွေက လမ်းပေါ်မှာလဲ ခရီးသည်အတင်အချတွေလုပ်တော့ ဒါကြောင့် အဝေးပြေးကားကြီးကွင်းတည်ဆောက်ပေးတာ။”လို့ ညွှန်ကြားရေးမှုး ဦးသစ်ထူးမြင့် ကပြောပါတယ်။

မုံရွာမြို့ သန့်ရှင်းသာယာလှပရေးနှင့် ရေရှည်တည်တံ့ရေးအတွက်ဆိုပြီး အချက် ၉ ချက်ပါ စီမံချက်တွေကို ၂၀၁၇ ခုနှစ်၊ ဇွန်လက စတင်ကာ ဆောင်ရွက်ခဲ့တာပါ။ ဒီစီမံချက်တွေထဲက ညဈေးတန်းပြောင်းရွှေ့တာ၊ အိုးဘိုတောင်သင်္ချုင်းပြောင်းရွှေ့တာ၊ ကန်သာယာ အဆင့်မြှင့်တင်တာတွေကိုတော့ လုပ်ဆောင်နေပြီးဖြစ်ကာ အမှိုက်သိမ်းစနစ်ကောင်းမွန်စေရေး၊ ကားကြီးကွင်းတိုးချဲ့တာတွေကိုတော့ ဆောင်ရွက်နေဆဲဖြစ်ပြီး ကျန်တာတွေကိုတော့ အစိုးရသက်တမ်းကုန်ခါနီးတဲ့တိုင်အောင် ပီပီပြင်ပြင်ဆောင်ရွက်နိုင်ခြင်း မရှိသေးပါဘူး။

“ဒီသက်တမ်းငါးနှစ်သာ ကုန်သွားတယ်။ ပြောရရင်တော့ အမြီးမြှောက်လိုက် အီးပေါက်လိုက်နဲ့ သိပ်ပီပီပြင်ပြင်ပေါ်ထင်လာတဲ့ဟာဆိုလို့ လက်ဆုပ်လက်ကိုင်ပြနိုင်တာဆိုလို့ ကန်သာယာပဲတစ်ခုလောက်ပဲ ရှိတာပေါ့နော်။ ကျန်တဲ့ဟာတွေကတော့ ဝေဝေဝါးဝါးနဲ့ ပြီးသွားတာတွေပဲ များနေတယ်။ ညဈေးတန်းကလည်း တကယ်တမ်း အောင်မြင်တယ်လို့ ပြောမရဘူး။ ရှိရင်းစွဲထက် ပိုပြီးစည်ကားရမယ့်ကိစ္စဖြစ်ရမှာ။ အခုက ရှိရင်းစွဲလောက်ကို မရှိဘူး။ နေရာပြောင်းတာပဲရှိတာ။ တချို့ဟာတွေဆို စတောင်မစနိုင်သေးဘူး။ တချို့ဟာတွေကျတော့ တဝက်တပျက်နဲ့ပဲ ပြီးသွားတယ်။”လို့ မုံရွာမြို့အရေးဆောင်ရွက်နေသူ Save Monywa အဖွဲ့မှ ဦးအောင်နေမျိုးက ပြောပါတယ်။

စစ်ကိုင်းတိုင်းဝန်ကြီးချုပ်အနေနဲ့ ရွှေဘိုမြို့ကိုပဲ တိုးတက်အောင်လုပ်နေတယ်ဆိုတဲ့ ပြောဆို ဝေဖန်ချက်တွေကြောင့် အခုလို စီမံကိန်းတွေကို စနစ်တကျရေးဆွဲထားတာမရှိဘဲ၊ ပြည်သူတွေရဲ့ သဘောထား စုံစမ်းတာမရှိဘဲ ရုတ်တရက်စီစဉ်ခဲ့တာလို့လည်း  ဦးအောင်နေမျိုးက ပြောပါတယ်။

မုံရွာမြို့ သန့်ရှင်းသာယာလှပရေးနှင့် ရေရှည်တည်တံ့ရေးအတွက်ဆိုပြီး အချက် ၉ ချက်ထဲက မြို့ဝင်ဆီဆိုင်တန်းပြောင်းရွှေ့တာ၊ ညောင်ကိုင်းအင်း တူးဖော်တာ၊ ကမ်းနားလမ်းကျူးရှင်းတာ၊ စိမ်းစိုဝင်းကို ပြည်သူ့ဉယျာဉ်တည်ဆောက်တာ စတာတွေနဲ့ပတ်သက်လို့ အကောင်အထည်ပေါ်လာတာမျိုး မရှိသေးပါဘူး။ အဲဒီကိစ္စတွေရဲ့ နောက်မှစီစဉ်တာဖြစ်တဲ့ စီစီတီဗွီတပ်ဆင်တာ၊ လမ်းလယ်မီးတိုင်တွေ စိုက်ထူတာတွေကိုတော့ ဆောင်ရွက်ထားပါတယ်။

မြို့သန့်ရှင်းသာယာလှပရေး၊ ရှေရည်တည်တံ့ရေးနဲ့ပတ်သက်လို့ အစိုးရရဲ့ ငွေကြေးသုံးစွဲမှုကိစ္စတွေမှာလည်းပြည်သူတွေကြားမှာ ဝေဖန်တာတွေလည်း ရှိနေပါတယ်။

ပိုတေး၊ လွင်မင်း (မျက်မှောက်ခေတ်)

error: Content is protected !!