Home > သတင်း > တရားဉပဒေစိုးမိုးရေး > မင်းကင်းမြို့နယ်တွင် ရွေးကောက်ပွဲမှာ ငွေပေးမဲဆွယ်ခဲ့လို့ဆိုကာ NLD ပါတီကို ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်းက ရဲစခန်းမှာ အမှုဖွင့်

မင်းကင်းမြို့နယ်တွင် ရွေးကောက်ပွဲမှာ ငွေပေးမဲဆွယ်ခဲ့လို့ဆိုကာ NLD ပါတီကို ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်းက ရဲစခန်းမှာ အမှုဖွင့်

၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလမှာ ရွေးကောက်ပွဲဉပဒေပါ ပြဌာန်းချက်တွေကို ချိုးဖောက်ပြီး ငွေကြေးပေးကာ စည်းရုံးခဲ့တယ်ဆိုကာ မင်းကင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီး ကိုယ်စားလှယ်လောင်း ဦးဇော်မိုးလွင်က NLD ပါတီကို နိုဝင်ဘာလ ၂၂ ရက်နေ့က မောက္ကတော်နယ်မြေရဲစခန်းမှာ အမှု ၃ မှုဖွင့်ကာ တိုင်ကြားခဲ့ပါတယ်။

“လောလောဆယ်တော့ သက်သေတွေ ခေါ်ယူစစ်ဆေးနေတုန်းပါ။ အကုန်မစစ်ဆေးရသေးပါဘူး။ အားလုံး ၃ မှုပါ။ သင်တောရွာမှာဖြစ်တဲ့ ကိစ္စတွေပါ။ ရွေးကောက်ပွဲဉပဒေပုဒ်မ ၅၈ (က) နဲ့ အမှုဖွင့်ထားပါတယ်။”လို့ မောက္ကတော် နယ်မြေရဲတပ်ဖွဲ့ စခန်းမှူး ရဲအုပ် ဝင်းရွှင်က ပြောပါတယ်။

မောက္ကတော်ရဲစခန်းအပိုင်နယ်မြေအတွင်း ရွေးကောက်ပွဲနဲ့ပတ်သက်လို့ တိုင်တန်းမှု ၇ မှုရှိပါတယ်။ လက်ရှိ ၃ မှုအပြင် ကြိုတင်မဲကာလက ကျောက်ခဲတက်ကျေးရွာမှာ မဲရုံမှုးက မဲဆန္ဒရှင်တွေကိုယ်စား ကိုယ်တိုင်တံဆိပ်တုံးထုပြီး မဲလက်မှတ်ပြန်မပြဘဲ မဲပုံးထဲ ထည့်ခဲ့လို့ တိုင်တန်းမှု ၄ မှုရှိခဲ့ပါတယ်။

မင်းကင်းမြို့နယ်တွင်း ရွေးကောက်ပွဲကာလမှာ ပြည်ခိုင်ဖြိုးပါတီကနေ NLD ပါတီကို တရားစွဲဆိုမှု ၃ မှုသာရှိတယ်လို့ သိရပါတယ်။ အခုလို တိုင်တန်းတဲ့ကိစ္စနဲ့ပတ်သက်ပြီး မင်းကင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဒေါက်တာဆန်းဝင်းကို မျက်မှောက်ခေတ်က ဆက်သွယ်မေးမြန်းရာမှာတော့ ခရီးသွားနေတဲ့အတွက် ရုံးကို မေးမြန်းဖို့သာ ပြောဆိုခဲ့ပြီး ရုံးကိုဆက်သွယ်မေးမြန်းရာမှာလည်း အမှုဖွင့်တာတော့ ဟုတ်မှန်ပေမယ့် အသေးစိပ်တော့ မသိရသေးဘူးလို့ ဖုန်းလက်ခံဖြေကြားသူက ပြောပါတယ်။

အမှု ၃ မှုစလုံးက မင်းကင်းမြို့နယ်၊ သင်တောကျေးရွာမှာပဲ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ ရွေးကောက်ပွဲကာလအတွင်း သင်တောကျေးရွာတွင် နိုဝင်ဘာလ ၇ ရက်နေ့ NLD ဝန်းရံသူတစ်ဦးက တခြားတစ်ဦးကို NLD ပါတီကို မဲပေးရင် စာသင်ကျောင်းအတွက် ခွဲတမ်းကြေး ၅ သောင်းကို NLD က ပေးမှာဖြစ်တယ်လို့ မဲဆွယ်မှုတစ်မှု၊ အဲဒီနေ့မှာပဲ NLD ပါတီဝင် တစ်ဦးက တခြားတစ်ဦးကို NLD ကိုမဲပေးရင် ငွေ ၁ သောင်းပေးမယ်လို့ မဲဆွယ်စည်းရုံးမှုတစ်မှုနှင့် အဲဒီနေ့မှာပဲ NLD ပါတီဝင်တစ်ဦးက နှင်းဆီပါတီ (UDP) ပါတီဝင်တစ်ဦးကို ငွေ ၃ သောင်းပေးကာ NLD ကို မဲထည့်ဖို့ စည်းရုံးခဲ့မှု စတဲ့ အမှု ၃ မှုနဲ့ တရားစွဲဆိုခဲ့တာလို့ သိရပါတယ်။

အခုလို တိုင်တန်းတဲ့အပေါ်မှာတော့ ဉပဒေအရပဲ ဖြေရှင်းသွားမှာဖြစ်ပြီး လီဆယ်တိုင်တန်းရင်တော့ ဉပဒေအရ ပြန်လည်တရားစွဲဆိုသွားမယ်လို့ မင်းကင်းမြို့နယ် NLD ပါတီ ဥပဒေအထောက်အကူပြုကော်မတီ တာဝန်ရှိသူက ပြောပါတယ်။

“ဒီကိစ္စကို အတိုင်ခံရတဲ့ သူတွေကို ဆက်သွယ်မေးမြန်းတော့ မဟုတ်ဘူးလို့သိရတယ်။ လီဆယ်တိုင်တန်းတယ်ဆိုရင်တော့ ပြန်ပြီးတော့ ဥပဒေကြောင်းအရပဲ တရားစွဲဆိုသွားဖို့ ရှိပါတယ်။ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ အခန်း ၁၃၊ ပုဒ်မ ၆၄ အရ လိမ်လည်စွပ်စွဲတိုင်တန်းတာပေါ်ပေါက်ရင် ပြန်ပြီး တရားစွဲဆိုသွားမှာပါ။”လို့ မင်းကင်းမြို့နယ် NLD ပါတီ ဥပဒေအထောက်အကူပြုကော်မတီ ဥက္ကဌ ဦးကျော်မင်းထွဋ်က ပြောပါတယ်။

ရွေးကောက်ပွဲနဲ့ပတ်သက်လို့ မင်းကင်းမြို့နယ်မှာ NLD ပါတီက ပြည်ခိုင်ဖြိုးပါတီကို တိုင်ကြားခဲ့မှုပေါင်း ၈ မှု၊ ရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားထားမှု ၄ မှု၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲဆိုမှု ၁၄ မှု ရှိပြီး ၂ မှုကိုတော့ ဉပဒေအကြံတောင်းခံနေဆဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲအတွင်း မင်းကင်းမြို့နယ်မှာ NLD ပါတီက နေရာအားလုံး အနိုင်ရရှိထားပါတယ်။

မျက်မှောက်ခေတ်

error: Content is protected !!