သွေးဆေးမိုးဝေလင်းလက်(မျက်မှောက်ခေတ် ရသစာတန်း)“သွေးညှီနံ့တွေပျောက်အောင်ဆေးတဲ့နေရာမှာ မိုးရေကအကောင်းဆုံးပဲ” ညီငယ်တစ်ဦးကဆိုသည်။ ချင်း၊ မကွေး၊ စစ်ကိုင်းမှာ၊ မြန်မာနိုင်ငံအညာဒေသမှာ မိုးတွေရွာနေသည်။ သွေးညှိနံ့တွေကို ဆေးပေတော့။ခုရက်ပိုင်းအတွင်း စစ်ကောင်စီက နေရာဒေသအနှံ့လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေသည်။ တိုက်ပွဲဖြစ်ပွားရာနယ်မြေတွေရော၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ နေရာတွေရော ဗုံးကြဲတိုက်ခိုက်ခဲ့ကြသည်။ဘုတလင်နယ်မှာဆိုလျှင် ကြည့်သူတွေပင် ကြည့်ရက်၊ ကြည့်ရဲစရာမရှိအောင် ပြည်သူတွေကို ရက်ရက်စက်စက်သတ်ဖြတ်ပြီး ကိုယ်ခန္ဓာတွေကို အပိုင်းပိုင်းဖြတ်တောက်ဖြန့်ကြဲ ချိတ်ဆွဲခဲ့ကြသည်။သွေးဆေးမိုးတွေရွာနေသည်။ ရာသီဥတုဖောက်ပြန်မှုကြောင့်ရွာတဲ့ မိုးမို့ သီးနှံစိုက်ခင်းတွေကိုဖျက်ဆီး သည်။ပဲစိုက်တောင်သူတွေ ပဲခင်းတွေပျက်ကြသည်။ တချို့ဆိုလျှင် စိုက်လိုက်၊ မိုးရွာလိုက်နဲ့ ပဲခင်းကို သုံးကြိမ်အထိ ပြန်လည်စိုက်ပျိုးကြရသည်။ မိုးသည် တောင်သူတွေအတွက် ဆင်းရဲမှုကိုယူဆောင်လာသည့် ဆင်းရဲခြင်းမိုးဖြစ်သည်။မိုးတွေရွာနေသည်။ ကျွန်တော်ဆို့နင့်ကြေကွဲနေသည်။ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားရသည့် ပြည်သူ့မျက်နှာများ၊ ကျန်ရစ်သူမိသားစုတွေရဲ့ မျက်နှာများကို အတွေးနဲ့ မြင်ယောင်ခံစားနေရသည်။စစ်ကောင်စီစစ်ကြောင်းက ရက်ရက်စက်စက် ပြုလုပ်သွားသော ဘုတလင်နယ်က ပြည်သူတွေအတွက် ဆို့နင့်နေမိသည်။ ပြည်သူတော်တော်များများ ကျနော့်လိုပင် ခံစားကြရပေမည်။မိုးတွေရွာနေသည့်ကြားက အုံ့ဆိုင်းနေသောကောင်းကင်မှာ စစ်ကောင်စီ၏ လူသတ်လေယာဥ်တွေသည် မရဏသံပေးလျက် ပျံသန်းနေကြသည်။ပြည်သူတွေမှာ ထိုအသံကြားလျှင် အိမ်တွေမှာမနေရဲ။ ရွာထဲမှာမနေရဲ။ မိုးထဲလေထဲ ပြေးကြ၊ လွှားကြရသည်။ မိုးသည် ကံဆိုးမသွားရာ လိုက်ရွာနေသည့် မိုးဖြစ်သည်။ဘုတလင်နယ်မှာ ရက်ရက်စက်စက်သတ်ဖြတ်ခံရတဲ့သတင်းထက် Miss ပြိုင်ပွဲဝင် မိန်းကလေးတစ်ယောက်ကို ပိုစိတ်ဝင်စားသော မိမိတိုင်းပြည်အတွက် ယူကြိုးမရဖြစ်ရသည်။ ခေတ်အဆက် ဆက် အသိပညာမဲ့မှုသည် ဘူးပေါ်သလို ပေါ်ခဲ့သည်။စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု၊ စစ်ကောင်စီရဲ့ သတ်ဖြတ်မှုတွေကြောင့် သေဆုံးခဲ့ရသော ပြည်သူတွေအတွက် သွေးဆေးမိုးသည်ရွာခဲ့ပြီ။ မိုးရေနဲ့အတူ သွေးညီနံ့တွေ ပျောက်ကုန်ပေလိမ့်မည်။ သို့သော် ကျနော်တို့ ရင်ထဲက ဒဏ်ရာတွေကို ဘယ်မိုးနဲ့ဆေးလို့မှမရ။#ဝေလင်းလက်#မျက်မှောက်ခေတ် Post Views: 89 Share