စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်အတွင်းက ကြေးနီစီမံကိန်းတွေမှာ အလုပ်လုပ်နေတဲ့ ဒေသခံအလုပ်သမား ၄၀ ကျော်က နိုဝင်ဘာလ ၂၀ ရက်နေ့ မနက်ပိုင်းမှာ ကွာရင်တင်းဝင်ရောက်ရန်အတွက် မုံရွာမြို့၊ ဘုရားကြီးရပ်ကွက်ရှိ စိန်နန်းတော် ဟိုတယ်ကို ရောက်ရှိလာပါတယ်။
“တရုတ်နိုင်ငံသားတွေမဟုတ်ပါဘူးခင်ဗျ။ မြန်မာနိုင်ငံက လိုကယ်တွေပါခင်ဗျ။ ဒေသခံအလုပ်သမားတွေပါ။ ဆားလင်းကြီး၊ ယင်းမာပင်ဖက်က လူတွေများတယ်ဗျ။ စုစုပေါင်း ၄၆ ယောက်ရှိပါတယ်။ ရပ်ကွက်တာဝန်ရှိသူတွေကိုလည်း စာတင်အကြောင်းကြားထားပြီးဖြစ်ပါတယ်။”လို့ စိန်နန်းတော်ဟိုတယ် ဝန်ထမ်းတစ်ဦးက ပြောပါတယ်။
အလားတူ တခြားသောဟိုတယ်တွေမှာလည်း ဝင်ရောက်နေတာတွေ ရှိနေပြီး မုံရွာမြို့မှာ ကွာရင်တင်းဝင်ရောက်နေသူ စုစုပေါင်း လူဦးရေ ၂၀၀ ကျော်ရှိနေပါတယ်။
“ဆားလင်းကြီးနှင့် ယင်းမာပင်က လာတဲ့သူတွေ။ ကြေးနီစီမံကိန်းကလူတွေ။ ရောက်တာကတော့ ကြာပြီ။ နေရာတစ်ခုနှင့် တစ်ခုကူးဖို့ အတွက် ကွာရင်တင်းဝင်တာပေါ့။ ကျွန်တော်တို့ကို ကုမ္ပဏီကတော့ သီးခြားလာပြီးဆက်သွယ်တာ မရှိဘူး။ ဟိုတယ်တွေကပဲ ဆက်သွယ်တယ်။ စိန်နန်းတော်၊ ချင်းတွင်းဘုရင်မ၊ King&Queen တို့မှာလည်း ရှိတယ်။ မုံရွာမှာ စုစုပေါင်း ၂၂၂ ယောက် ကွာရင်တင်းဝင်ရောက်နေပါတယ်။”လို့ မုံရွာမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်စိုးက ပြောပါတယ်။
စက်တင်ဘာလကနေ နိုဝင်ဘာလ ၁၉ ရက်နေ့အထိ မုံရွာမြို့မှာ ပိုးတွေ့လူနာ ၃၆ ဦးရှိပါတယ်။ အခုလို လူအများကြီး ဟိုတယ်တွေမှာ လာရောက်နေထိုင်တဲ့အတွက် ရပ်ကွက်နေပြည်သူတချို့က စိုးရိမ်မှုတွေလည်း ရှိနေကြပါတယ်။ အခုလို ဟိုတယ်တွေမှာ ကွာရင်တင်းဝင်ဖို့ ခွင့်ပြုတာက တိုင်းအစိုးရရဲ့ ခွင့်ပြုချက်နဲ့လို့ သိရပါတယ်။ အစိုးရအဖွဲ့က တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းရာမှာတော့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။
“အခုလိုဝင်တာက ဝင်လို့ရတယ်။ ဒါပေမယ့် သူတို့အသုံးအဆောင်စွန့်ပစ်မှုတွေက စနစ်တကျရှိဖို့လည်း လိုတယ်။ PPE ပဲဖြစ်ဖြစ် စနစ်တကျ စွန့်ပစ်ရမယ့် နည်းလမ်းတွေရှိတယ်။ ဒါတွေ လိုက်နာဖို့လိုတယ်။ သူတို့က စနစ်တကျမလုပ်ရင် သူတို့ကတဆင့် ဟိုတယ်ဝန်ထမ်းတွေ၊ အဲဒီကတဆင့် စည်ပင်ဝန်ထမ်းတွေ စသဖြင့် ကူးစက်နိုင်တယ်။ တကယ်လို့ ကူးစက်ရောဂါပိုး ပါလာခဲ့မယ်ဆိုရင်ပေါ့။ ဒါတွေလည်း စနစ်တကျတော့ ကြပ်မတ်ဖို့ လိုမယ်။”လို့ Save Monywa အဖွဲ့ဦးဆောင်သူ ဦးအောင်နေမျိုးက ပြောပါတယ်။
လက်ရှိမှာ ကိုဗစ်ကူးစက်မှုက လျော့ကျမသွားဘဲ နေ့စဉ်တိုးနေဆဲဖြစ်သလို အနံ့ပျောက်သူတွေလည်း များပြားလာတာကို တွေ့နေရပါတယ်။ စစ်ကိုင်းတိုင်းမှာ ၂ လခွဲတာ ကာလအတွင်း ကိုဗစ်ရောဂါပိုးတွေ့ရှိသူ ၆၀၅ ယောက်ရှိပါတယ်။ အဲဒီထဲက ၄၆၀ ကတော့ ဆေးရုံက ဆင်းသွားပြီဖြစ်ကာ ၁၄၅ ယောက်ကတော့ ဆေးကုသမှု ခံယူနေဆဲဖြစ်ပါတယ်။ တိုင်းအတွင်း မြို့နယ်ပေါင်း ၃၇ မြို့နယ်ရှိတဲ့အထဲက ၂၈ မြို့နယ်မှာ ရောဂါပိုးတွေ့ရှိထားပြီး ကလေးမြို့နှင့် စစ်ကိုင်းမြို့တို့ကတော့ ရောဂါပိုးကူးစက်ခံရမှု အများဆုံးမြို့နယ်တွေ ဖြစ်ပါတယ်။
“အရင်ကထက်ပိုပြီး ကြပ်မတ်နေပါတယ်။ မြို့ဝင်ဂိတ်တွေကို ရွေးကောက်ပွဲပြီးကတည်းက ကြပ်မတ်နေပါတယ်။”လို့လည်း မုံရွာမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်စိုးက ပြောပါတယ်။
လက်ရှိမှာ ကိုဗစ်ကူးစက်မှုက များပြားနေဆဲဖြစ်လို့ ပြည်သူတွေအနေနဲ့ အတတ်နိုင်ဆုံး ခရီးသွားလာတာတွေ မလုပ်ကြဘဲ နေအိမ်မှာ နေကြဖို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ပန်ကြားစာ ထုတ်ပြန်ထားပါတယ်။ ဒါကိုလည်း မီဒီယာအချို့က လွဲမှားဖော်ပြတာတွေရှိခဲ့လို့ ပြည်သူတွေကြားမှာ စိုးရိမ်စိတ်တွေလည်း ဖြစ်ပေါ်နေကြပါတယ်။ ပြည်သူတွေအနေနဲ့ အစိုးရိမ်မလွန်ကြဖို့လည်း ဌာနဆိုင်ရာတွေက တိုက်တွန်းထားပါတယ်။ မြန်မာနိုင်ငံမှာ နိုဝင်ဘာလ ၁၉ ရက်နေ့ထိ ကိုဗစ်ရောဂါကူးစက်ခံရသူ ၇၄၈၈၂ ဦး၊ ပြန်လည်သက်သာကောင်းမွန်သူ ၅၅၆၃၃ ဦး၊ သေဆုံးသူ ၁၆၇၆ ဦးထိ ရှိနေတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
လွင်မင်း (မျက်မှောက်ခေတ်)