Home > သတင်း > စစ်ရေး > မေတ္တာတရားကို မေတ္တာတရားဖြင့် တုန့်ပြန်ရင် အသင့်ရှိကြောင်း AA ထုတ်ပြန်

မေတ္တာတရားကို မေတ္တာတရားဖြင့် တုန့်ပြန်ရင် အသင့်ရှိကြောင်း AA ထုတ်ပြန်

ရက္ခိုင့်တပ်တော် (AA) ရဲ့ နိုဝင်ဘာလ ၂၁ ရက်နေ့က စာမျက်နှာ နှစ်မျက်နှာပါ ထုတ်ပြန်ကြေငြာချက်မှာ ဖော်ပြထားတာပါ။ AA ကနေ အောက်တိုဘာလ ၁၄ ရက်နေ့က ဖမ်းဆီးထိန်းသိမ်းထားတဲ့ တောင်ကုတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ကိုယ်စားလှယ်လောင်း ၃ ဦးကို ညှဉ်းပန်းနှိပ်စက်မှု မရှိဘဲ ကောင်းကောင်းမွန်မွန် ထိန်းသိမ်းထားပြီး နှစ်ဦးနှစ်ဖက် ညှိနှိုင်းအဆင်ပြေပြီး အပြန်အလှန်နားလည်မှုရှိတဲ့ အခြေအနေမှာ အမြန်ဆုံး ပြန်လွှတ်ပေးသွားမယ်လို့ ဆိုပါတယ်။ NLD ပါတီအနေနဲ့ ပါတီရဲ့ ကိုယ်စားလှယ်လောင်း ၃ ဦးလွတ်မြောက်ရေးအတွက် နည်းလမ်းအမျိုးမျိုးနဲ့ တောင်းဆိုနေတာကို ကြားသိနေရပြီး အမျိုးသားရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးကို ထောက်ရှုကာ မေတ္တာတရားကို မေတ္တာတရားဖြင့် တုန့်ပြန်ရင် အသင့်ရှိကြောင်း AA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

            ဒါ့အပြင် ၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ ပြည်သူတွေရဲ့ ထောက်ခံအားပေးမှုနဲ့ အပြတ်အသတ် အနိုင်ရရှိခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကိုလည်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) အနေနဲ့ ချီးကျူးဂုဏ်ပြုကာ အစိုးရသစ်အနေနဲ့ တိုင်းရင်းသားပြည်သူတွေတောင့်တနေတဲ့ မှန်ကန်ပြည့်ဝသော ဒီမိုကရေစီအနှစ်သာရနှင့် တရားမျှတပြီး စစ်မှန်တဲ့ ပြည်ထောင်စုကို ပုံဖော်ထုဆစ်နိုင်မယ်လို့ ယုံကြည်မျှော်လင့်ကြောင်းလည်း ရေးသားထားပါတယ်။ ဒါ့အပြင် NLD အစိုးရအနေနဲ့ အစိုးရသစ်၊ လွှတ်တော်အခင်းအကျင်းသစ် မစတင်မှီကာလအတွင်း ရခိုင်ပြည်နယ်အပါအဝင် ကျန်ရှိနေသေးတဲ့ မဲဆန္ဒနယ်တွေမှာ ရွေးကောက်ပွဲအမြန်ဆုံး ကျင်းပပေးဖို့လည်း တောင်းဆိုထားပါတယ်။ အမျိုးသားရင်ကြားစေ့ရေးကို နှုတ်ကပြောနေယုံတင်မက လက်တွေ့အကောင်အထည်ဖော် သက်သေပြဖို့လည်း တိုက်တွန်းထားပါတယ်။

            NLD ပါတီအနေနဲ့ ကိုယ်စားလှယ်လောင်း ၃ ဦး ပြန်လည်လွတ်မြောက်ရေးတောင်းဆိုနေသလို ပုဒ်မအမျိုးမျိုးတပ်ဖမ်းဆီးထားတဲ့ ရခိုင်ပြည်သူတွေ၊ မရေရာတဲ့စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးထောင်ချခံနေရတဲ့ ရခိုင်နိုင်ငံရေးသမားတွေ၊ ပြည်သူတွေ၊ ULA အဖွဲ့ဝင်တွေရဲ့ ဆွေမျိုးတွေ၊ ငြိမ်းချမ်းရေးတောင်းဆိုလို့ ဖမ်းဆီးခံထားရတဲ့ တက္ကသိုလ်ကျောင်းသားတွေကိုလည်း လူသားချင်းစာနာစိတ်နဲ့ ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လည်လွှတ်ပေးရေး စတဲ့အချက် ၄ ချက်ကိုလည်း တောင်းဆိုကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

            ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ AA, TNLA, MNDAA တို့ကလည်း NLD ပါတီရဲ့ အပြတ်အသတ်အနိုင်ရရှိမှုကို အထူးကြိုဆိုကြောင်း သဘောထုတ်ပြန်ချက်ကိုလည်း နိုဝင်ဘာလ ၂၀ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။ ဒီထုတ်ပြန်ချက်မှာ မြန်မာ့တပ်မတော်ရဲ့ နိုဝင်ဘာလ ၉ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်ကိုလည်း အပြုသဘောဆောင်တဲ့ ခြေလှမ်းဖြစ်လို့ ကြိုဆိုကြောင်း ဖော်ပြထားသလို အစိုးရသစ်၊ တပ်မတော်တို့ဆွေးနွေးပြီး တစ်နိုင်ငံလုံးငြိမ်းချမ်းရေးကို မျှော်လင့်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

By – မျက်မှောက်ခေတ်

error: Content is protected !!