Home > သတင်း > တရားဉပဒေစိုးမိုးရေး > မင်းကင်းတွင် NLD လွှတ်တော်ကိုယ်စားလှယ်လောင်း ဆိုင်ကယ်နဲ့ဝင်တိုက်ခံရ၊ ဘေးကကလေးနှစ်ယောက် ထိခိုက်ဒဏ်ရာရရှိ

မင်းကင်းတွင် NLD လွှတ်တော်ကိုယ်စားလှယ်လောင်း ဆိုင်ကယ်နဲ့ဝင်တိုက်ခံရ၊ ဘေးကကလေးနှစ်ယောက် ထိခိုက်ဒဏ်ရာရရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်တွင် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးဆင်းနေတဲ့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ခင်မွှေးလွင်ကို လင်းလုကျေးရွာတွင် ရွာသားတစ်ဦးက ဆိုင်ကယ်နဲ့ နောက်ကနေ ဝင်တိုက်မှု နိုဝင်ဘာလ ၃ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။ အခုလို ဆိုင်ကယ်နဲ့ ဝင်တိုက်တဲ့အတွက် ဒေါ်ခင်မွှေးလွင်ကိုတော့ ဘေးနားက တစ်ယောက်ဆွဲဖယ်လိုက်တာကြောင့် ထိခိုက်မှုမရှိခဲ့ပေမယ့် အနီးအနားက ကလေးနှစ်ဦးထိခိုက်ခဲ့ကာ တစ်ဦးကတော့ အရိုးကျိုးတာတွေ ဖြစ်ပေါ်ခဲ့လို့ ဆေးကုသမှု ခံယူနေရပါတယ်။

“နိုဝင်ဘာလ ၃ ရက်နေ့က ဖက်ထုပ်ကျေးရွာခရီးစဉ်အပြန်မှာ ဖက်ထုပ်ကနေ လင်းလုကျေးရွာကြားကို လမ်းလျှောက်ပြန်လာတာ။ လင်းလုကို လမ်းလျှောက်ဝင်လာခဲ့တော့ ရွာအထိပ်မှာ ထွက်ကြိုနေကြတဲ့အချိန်မှာ ကျွန်မတို့က လမ်းဘေးမှာရပ်ပြီး စကားပြောနေတာ။ ၅ မိနစ်လောက်အကြာမှာ ဆိုင်ကယ်တစ်စီးကနေ ပြီးတော့ ရုတ်တရက်ကြီး တအားဝင်တိုးလာပြီးတော့မှ တကယ်တော့ ကျွန်မကို ဦးတည်ပြီးလာတာ။ ကျွန်မဘေးကပါလာတဲ့ မိန်းကလေးတွေက ဆွဲလိုက်တော့ ကျွန်မကလွတ်သွားပြီး ကျွန်မနောက်ကပါလာတဲ့ ကလေးတွေကို ထိမိခိုက်မိသွားတယ်။ အခုလက်ရှိဆေးရုံမှာပါ။ ကျွန်မတို့လည်း သွားတော့ကြည့်တယ်။ ကလေးတစ်ယောက်ကတော့ ဆေးရုံမှာ နှစ်ရက်လောက်နေပြီး ဆင်းသွားတယ်။ တစ်ယောက်ကတော့ သုံးနေရာလောက် ကျိုးသွားတယ်လို့တော့ သိရတယ်။”လို့ မင်းကင်းမြိုနယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ မဲဆန္ဒနယ် ၁ မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ခင်မွှေးလွင်က ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မင်းကင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှာ တိုင်ကြားထားမှု မရှိသေးဘူးလို့လည်း မင်းကင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးတင်ဝင်းက ပြောပါတယ်။ မင်းကင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဉပဒေအထောက်အကူပြုကော်မတီကတော့ ဒီဖြစ်စဉ်အပေါ် အချက်အလက်စုဆောင်းတာ၊ ဉပဒေကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ဆွေးနွေးနေပြီး လိုအပ်သလို အမှုဖွင့်တိုင်တန်းတာတွေ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

“ဒီဖြစ်စဉ်ကို ဉပဒေပညာရှင်တွေနဲ့ တိုင်ပင်နေတုန်း။ ပြီးရင်တော့ ဉပဒေအရပဲ ဆောင်ရွက်သွားဖို့ရှိတယ်။ ရွေးကောက်ပွဲဉပဒေနဲ့ ငြိစွန်းခြင်းရှိမရှိလည်း စိစစ်နေတယ်။ ရွေးကောက်ပွဲဉပဒေပုဒ်မ ၅၇ နဲ့ ငြိစွန်းတာရှိမရှိ အဓိက စိစစ်နေတယ်။ ရည်ရွယ်ချက်ရှိရှိလုပ်တာဆိုရင်တော့ ငြိစွန်းနိုင်တယ်။ အထောက်အထားရှာဖွေနေတုန်း။ သက်သေတွေ စုဆောင်းနေတုန်း။ သေအောင်တိုက်မှာလို့ သူကိုယ်တိုင်ပါးစပ်ကနေပြောတာကို ကြားသူတွေလည်းရှိတယ်။ လောလောဆယ် ထိခိုက်နစ်နာတဲ့ ကလေးအတွက်ကတော့ အမှုဖွင့်ထားပြီးပြီ။ သာမန်ထိခိုက်နာကျင်စေမှု၊ ယာဉ်မဆင်မခြင်မောင်းနှင်မှုထက် ပိုမိုသလားဆိုတာကို ရှာဖွေနေဆဲဖြစ်တယ်။”လို့ မြို့နယ် NLD ဉပဒေအထောက်အကူပြုကော်မတီ ဉက္ကဌ ဦးကျော်မင်းထွဋ်က ပြောပါတယ်။

လက်ရှိမှာတော့ ထိခိုက်ဒဏ်ရာရရှိသွားတဲ့ ကလေးရဲ့ မိသားစုဝင်တွေက မင်းကင်းမြို့မရဲစခန်းမှာ ယာဉ်တိုက်ခံရမှုနဲ့ အမှုဖွင့်ထားပြီး ရဲစခန်းက တရားခံဖမ်းဆီးရမိရေး လုပ်ဆောင်နေပါတယ်။ အခုလို ကိုယ်စားလှယ်လောင်းကို အသက်အန္တရာယ်ခြိမ်းခြောက်ခံရတဲ့ဖြစ်စဉ်က မင်းကင်းမြို့နယ်မှာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့လည်း သိရပါတယ်။ မင်းကင်းမြို့နယ် NLD ပါတီအနေနဲ့ ရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားမှု ၃ မှု၊ ရွေးကောက်ပွဲဉပဒေနဲ့ တရားစွဲဆိုထားမှု ၁ မှု၊ ရွေးကောက်ပွဲနဲ့ဆက်စပ်လို့ NLD အစိုးရကို မလိုမုန်းထားအောင် အသံဖိုင်တွေ ဖွင့်တာနဲ့ပတ်သက်ပြီး မြို့နယ်စီခန့်ကိုတင်ပြတာ ၁၃ မှုရှိပြီး မြို့နယ်စီခန့်က နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ၁၂ မှုကို တရားစွဲဆိုထားပါတယ်။ ဒါ့အပြင် ကြိုတင်မဲကောက်ယူရာမှာလည်း တချို့ကျေးရွာတွေမှာ ပြဿနာဖြစ်တာတွေရှိပါတယ်။ ကော်မရှင်ဉက္ကဌ လက်မှတ်မပါတာ၊ ဓာတ်ပုံ၊ ဗွီဒီယိုရိုက်ကူးတာ၊ လူမှုကွန်ရက်မှာ တင်တာ စတာတွေနဲ့ပတ်သက်လို့ ဆက်သွယ်ရေးဉပဒေပုဒ်မ ၆၆ ဃ နဲ့ တရားစွဲဆိုတာတွေလည်း ရှိနေပါတယ်။ ကံကျေးရွာနှင့် ကျောက်ခဲတက်ကျေးရွာ ကြိုတင်မဲနဲ့ပတ်သက်လို့ မဲရုံမှုးတွေကို NLD ပါတီက သက်ဆိုင်ရာကော်မရှင်ထံ တိုင်ကြားခဲ့တဲ့အတွက် ကျောက်ခဲတက်ကျေးရွာ မဲရုံအမှတ် ၃ မဲရုံမှူးကိုတော့ ယာယီတာဝန်ကနေ ရပ်စဲခဲ့ပြီး ကံကျေးရွာမဲရုံမှူးကိုတော့ အရေးယူမှုမရှိသေးဘူးလို့လည်း သိရပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ပါတီစုံ အထွေထွေရွေးကောက်ပွဲမှာ မင်းကင်းမြို့နယ်အတွင်း နိုင်ငံရေးပါတီပေါင်း (၆) ပါတီက ကိုယ်စားလှယ်လောင်းတွေ ဝင်ရောက် ယှဥ်ပြိုင်မှာဖြစ်ပြီး တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း (၁) ဦးအပါဝင် လွှတ်တော်ကိုယ်စားလှယ်လောင်း (၂၂) ဦးရှိပါတယ်။ မြို့နယ်တွင်း မဲရုံပေါင်း (၁၃၃) ရုံနှင့် မဲပေးပိုင်ခွင့်ရှိသူ ကျား(၄၂၂၅၃) ဦးနှင့် မ (၄၅၁၅၀) ဦး စုစုပေါင်း (၈၇၄၀၃)ဦးရှိပါတယ်။ လက်ရှိအနေအထားမှာတော့ မင်းကင်းမြို့နယ်တွင် နိုင်ငံရေးပါတီတွေက အပြိုင်အဆိုင် မဲဆွယ်စည်းရုံးတာတွေ ရှိနေပြီး တချို့နေရာမှာတော့ တရားစွဲဆိုတာနှင့် ကော်မရှင်ကို တိုင်ကြားတာတွေရှိတယ်လို့ သိရပါတယ်။

လာမယ့်ရွေးကောက်ပွဲမှာ စစ်ကိုင်းတိုင်းအတွင်း မင်းကင်းမြို့နယ်က ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ မြို့နယ်ဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက လက်ရှိ ဆောက်လုပ်ရေးပြည်ထောင်စု ဒုဝန်ကြီး ဦးကျော်လင်း၊ ပြည်ခိုင်ဖြိုးပါတီဖက်က လက်ရှိလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်တို့ ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။

လွင်မင်း (မျက်မှောက်ခေတ်)၊ သူရိယထက်

error: Content is protected !!