Home > သတင်း > ကျန်းမာရေး > စစ်ကိုင်းတိုင်း၀န်ကြီးချုပ် ကိုဗစ်စည်းကမ်းဖောက်လို့ဆိုပြီး ပြည်ခိုင်ဖြိုးပါတီက တိုင်ကြား

စစ်ကိုင်းတိုင်း၀န်ကြီးချုပ် ကိုဗစ်စည်းကမ်းဖောက်လို့ဆိုပြီး ပြည်ခိုင်ဖြိုးပါတီက တိုင်ကြား

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာမြင့်နိုင်ကို ကိုဗစ်-၁၉ ရောဂါ ကျန်းမာရေးစည်းကမ်းချက်

တွေကို ဆန့်ကျင်ပြီး မဲဆွယ်စည်းရုံးရေးပြုလုပ်ခဲ့လို့ဆိုပြီး ရွှေဘိုခရိုင်ပြည်ခိုင်ဖြိုးပါတီ (USDP) ဥက္ကဌက နို၀င်ဘာ (၃) ရက်နေ့က ရွှေဘိုခရိုင်စီမံခန့်ခွဲမှုကော်မတီကို တိုင်ကြားထားတယ်လို့ သိရပါတယ်။ လက်ရှိ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်ဒေါက်တာမြင့်နိုင်က လာမယ့်ရွေးကောက်ပွဲမှာ ရွှေဘိုမြို့နယ် အမှတ် (၂) မဲဆန္ဒနယ်ကနေ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း အဖြစ် ၀င်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး နိုဝင်ဘာလ (၁) ရက်နေ့ ညနေပိုင်းက ရွှေဘိုမြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ အမှတ် (၂) ကနေ အမှတ် (၈) ရပ်ကွက်အထိ ရပ်ကွက် (၇) ခုမှာ လူအင်အား (၃၀၀) ၀န်းကျင်နဲ့ လှည့်လည် မဲဆွယ်ခဲ့တဲ့အတွက် အခုလို တိုင်ကြားတာဖြစ်တယ်လို့ သိရပါတယ်။

တိုင်ကြားထားတဲ့ဖြစ်စဉ်ဟာ မှန်ကန်ပေမယ့် COVID-19 ရောဂါထိန်းချုပ်ရေးနဲ့ပတ်သက်တဲ့ ကိစ္စဖြစ်တဲ့အတွက် ခရိုင်ရွေးကော်အနေနဲ့ မိတ္တူသာလက်ခံရရှိထားတယ်လို့ ရွှေဘိုခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူက ပြောပါတယ်။

“ကျွန်တော်တို့ကို မိတ္တူပဲပေးထားတာပါ။ သူတို့ဖွင့်တဲ့အမှုက ကျွန်တော်တို့နဲ့ မသက်ဆိုင်ပါဘူး။ ကိုဗစ်ထိန်းချုပ်ရေးကော်မတီနဲ့ သာသက်ဆိုင်ပါတယ်။”လို့ ရွှေဘို ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးအောင်မင်းဦး ကပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တိုင်ကြားထားတဲ့ ရွှေဘိုခရိုင် ပြည်ခိုင်ဖြိုးပါတီ (USDP) က တာ၀န်ရှိသူတွေကို တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်း ပေမယ့် ဆက်သွယ်လို့မရခဲ့သလို ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌကလည်း ရဲစခန်းကိုသာ ဆက်သွယ်မေးမြန်းဖို့ ပြောကြားခဲ့ပါတယ်။

လက်ရှိစစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ်၊ ရွှေဘိုမဲဆန္ဒနယ်အမှတ် (၂) က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာမြင့်နိုင်အနေနဲ့ ရွှေဘိုမြိုပေါ်ရပ်ကွက်တွေမှာ လှည့်လည်မဲဆွယ်ခဲ့တာ

ဟာ ကျန်းမာရေးလမ်းညွှန်ချက်တွေနဲ့ ကိုက်ညီခဲ့သလို မြို့နယ် ရွေး/ကော်အဖွဲ့ခွဲ့ ကိုလည်း စာတင် အကြောင်းကြားခဲ့တယ်လို့သိရပါတယ်။ အခုလိုတိုင်ကြားတာဟာ နိုင်ငံရေးအရ ရိုးရိုးသားသားမယှဉ်ပြိုင်ဘဲ အောက်လမ်းနည်းသုံးပြီး တိုက်ခိုက် တိုင်တန်းတာဖြစ်တယ်လို့ ဒေါက်တာမြင့်နိုင်ရဲ့ ရွေးကောက်ပွဲကိုယ်စားလှယ် ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇေယျက ပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်အတွင်းမှာ လက်ရှိကြိုတင်မဲကောက်ယူနေတဲ့ကာလအတွင်း ခရိုင်ရွေးကော်ပွဲကော်မရှင်အဖွဲ့ခွဲကို တိုင်ကြားလာတဲ့အမှု (၃) မှုထက် မနည်းရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့လ ဒုတိယပတ်ထဲကလည်း ဒီပဲယင်းမြို့နယ်အတွင်းမှာ ကျန်းမာရေးစည်းကမ်းချက်တွေကို မလိုက်နာဘဲ လှည့်လည်မဲဆွယ်ခဲ့တဲ့ NLD ပါတီကို ပြည်ခိုင်ဖြိုးပါတီ၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီနှင့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ကိုယ်စားလှယ်လောင်းတွေက တိုင်ကြားမှုဖြစ်ပွားခဲ့သေးတယ်လို့ သိရပါတယ်။

ကျော်ဇေယျ (မျက်မှောက်ခေတ်)

error: Content is protected !!