Home > သတင်း > တရားဉပဒေစိုးမိုးရေး > တပ်မတော်အရာရှိတစ်ဦးက ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို ဆင့်ခေါ်ကာ အစိမ်းကို မဲပေးရမယ်ဆိုပြီးပြောဆို

တပ်မတော်အရာရှိတစ်ဦးက ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို ဆင့်ခေါ်ကာ အစိမ်းကို မဲပေးရမယ်ဆိုပြီးပြောဆို

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ကျောမြို့တွင် တပ်မတော်ကာကွယ်ရေးစစ်လက်နက်ပစ္စည်းစက်ရုံ ကပစ (၂၃) ရှိ တပ်မတော်အရာရှိတစ်ဦးက ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို ဆင့်ခေါ်ကာ ရွေးကောက်ပွဲမှာ အစိမ်းကိုသာ မဲပေးရမယ်ဆိုပြီး ပြောဆိုမှု နိုဝင်ဘာလ ၃ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။ ယူနီဖောင်းဝတ်ဆင်ထားတဲ့ ဒုတိယဗိုလ်မှူးကြီး ရဲရန်ပိုင်က ကန့်သက်ကျေးရွာအုပ်ချုပ်ရေးမှူးအိမ်ကို သွားရောက်ကာ တခြား စက်ရုံဧရိယာအတွင်းမှာ ပါဝင်တဲ့ ကန့်သက်၊ နုံးကြီး၊ ကျဲ စတဲ့ ကျေးရွာက အုပ်ချုပ်ရေးမှူးတွေကို ခေါ်ယူပြီး ရွေးကောက်ပွဲမှာ အစိမ်းကိုသာ မဲပေးကြဖို့၊ မဲမပေးရင် ကျေးရွာပြောင်းရွှေ့တဲ့ကိစ္စတွေအတွက် အာမ မခံနိုင်ဘူး။ ကိုယ့်ကံကြမ္မာ ကိုယ် ဖန်တီးကြရမှာ၊ အစိမ်းနိုင်မှ အဆင်ပြေမှာ အနီနိုင်ရင်အဆင်မပြေဘူး။ ဒီလိုပြောတာတွေကို တိုင်ချင်ရာတိုင် စတဲ့စကားလုံးတွေ သုံးစွဲပြောဆိုခဲ့တာလို့ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးက ပြောပါတယ်။

“ကျွန်တော့်အိမ်ကို ၉ နာရီအချိန်က စက်ရုံက ဗိုလ်မှူးကြီး ရဲရန်ပိုင်က ယူနီဖောင်းဝတ်နဲ့ တစ်ယောက်ထဲလာတယ်။ တပ်တွင်း ၃ ရွာက အုပ်ချုပ်ရေးမှူး ၃ ယောက်ကို ခေါ်ပြောတာ။ ကျွန်တော်ရယ်၊ နုံးကြီးအုပ်ချုပ်ရေးမှူးရယ်၊ ကျဲကတော့ အုပ်ချုပ်ရေးမှူးမရှိလို့ ကိုယ်စားလှယ်လွှတ်တယ်။ နာရီဝက်လောက်ကြာတယ်။ ကိုယ့်ရဲ့ နေထိုင်ရေးက ကိုယ့်ရဲ့စဉ်းစားမှုအပေါ်မှာ မူတည်တယ်။ စဉ်းစားပြီးသာ လုပ်ကြ။ တပ်တွင်းထဲမှာ နေရင်တော့ အစိမ်းပဲကောင်းတယ်။ နီသွားရင်မကောင်းဘူးပေါ့။ ကိုယ်က ရင်းနှီးလို့ပြောတာပေါ့။ နောက်ခါကျရင် သွားရေးလာရေး နေရေး ထိုင်ရေးကအစ အကျဉ်းကြပ်တွေဖြစ်မှာစိုးလို့တဲ့။ အစိမ်းနိုင်ထားတယ်ဆိုရင်တော့ ဘာမှမဖြစ်ဘူးပေါ့။ ရွာထဲကို အကုန်သိအောင် ပြောထား။ အားလုံးသိအောင် လာပြောတာ။ ကျွန်တော်ခရီးသွားစရာရှိလို့ပါတဲ့။ နာရီဝက်လောက်ကြာတယ် ပြောသွားတာ။”လို့ ကန့်သက်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးညိုဝင်းက ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ကျဲကျေးရွာအုပ်ချုပ်ရေးမှူးကိုတော့ ဖုန်းဆက်သွယ်လို့ မရရှိခဲ့ပါဘူး။ အစောပိုင်းရက်တွေကလည်း စက်ရုံမှုး ဗိုလ်မှူးကြီး တိုးလွင်အပါအဝင် ဘုန်းကြီးကျောင်းတွေကို ဆန်ဆီတွေလှုဒါန်းပြီး ကျေးရွာပြည်သူတွေကို ဘယ်ပါတီကို မဲထည့်မှာလည်းဆိုတာတွေလည်း မေးခဲ့သေးတယ်လို့ သိရပါတယ်။

“စိမ်းစေချင်တဲ့သဘောတွေပြောတာပေါ့။ မစိမ်းရင် တပ်တွင်းထဲနေတဲ့ရွာတွေ အကုန် မောင်းထုတ်မယ်တို့ ဘာတို့ အဲဒီစကားတွေလည်း ပါတာပေါ့။ ကိုယ်ပြောချိန်မရဘူး။ သူချည်းပဲ ပြောသွားတာပါ။ တပ်တွင်းထဲရှိတဲ့ရွာတွေကို သူတို့ ကြံ့ခိုင်ရေးပဲ ထည့်စေချင်တဲ့ ပုံစံမျိုးနဲ့ တအားတိုက်တွန်းပြောတာပေါ့။ မထည့်ရင် အထက်က အမိန့်ကျလာရင် မောင်းထုတ်မှာဆိုတဲ့စကားတွေပြောတယ်။ ရွာထဲကို တစ်အိမ်တစ်ယောက်ခေါ်ပြီးမှ ဒီဟာအတွက် စည်းရုံးဖို့ပေါ့။ ပါတီနာမည်တွေတော့ မပြောပါဘူး။ စိမ်းတာတို့ နီတာတို့ဆိုတာနဲ့ပဲ ပြောသွားတာ။ သူပြောတဲ့စကားတွေ သဘောမကျလို့ တိုင်မယ်ဆိုရင် ကြိုက်တဲ့ဆီတိုင်လို့လည်း ပြောတယ်။ ကျွန်တော်တို့ကတော့ သိပ်နားမလည်တော့ တင်ပြတာတွေ ဘာတွေတော့ လုပ်ဖို့မရှိပါဘူး။ ကျွန်တော်ကတော့ ရွာထဲက ဆယ်အိမ်ခေါင်းတွေ၊ နားလည်မယ့်သူတွေကို ခေါ်ပြောလိုက်တယ်။ ကျွန်တော်တို့ရွာကလူတွေကတော့ သူတို့ဘယ်လိုခြောက်ခြောက် ကိုယ်ထည့်ချင်တာကို ထည့်မှာဆိုတဲ့စကားကို ပြောတယ်။ သီတင်းကျွတ်မတိုင်ခင်ကလည်း စက်ရုံမှူး၊ ဒုစက်ရုံမှူးတို့လာပြီး ဘုန်းကြီးကျောင်းမှာ သကြားတို့၊ နို့ဆီတို့၊ ပဲဆန်တို့၊ ပိုက်ဆံတို့ကပ်ရင်းနဲ့ ခင်ဗျားတို့ နီမလား၊ စိမ်းမလားဆိုတဲ့ဟာတွေကတော့ ခဏခဏမေးနေတာ။ ရွာသားတွေကတော့ သူ့တို့ကြိုက်တာ အနီဆိုအနီထည့်မှာပေါ့။ ဘယ်လိုခြောက်ခြောက် ဘာတွေဖြစ်နေနေဆိုတဲ့ပုံစံမျိုးပဲ။”လို့ နုံးကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးငသိုင်းက ပြောပါတယ်။

ကန့်သက်ကျေးရွာမှာ အိမ်ခြေ ၂၀၀ ကျော်ရှိပြီး မဲပေးနိုင်သူဦးရေ ၉၀၂ ဦး၊ နုံးကြီးကျေးရွာမှာ အိမ်ခြေ ၇၀ ကျော်၊ မဲပေးနိုင်သူဦးရေ ၂၅၂ ဦးနှင့် ကျဲကျေးရွာမှာ အိမ်ခြေ ၈၀ ကျော်၊ မဲပေးနိုင်သူ ၃၁၄ ဦးရှိတယ်လို့ သိရပါတယ်။ အခုဖြစ်စဉ်အပေါ်မှာတော့ ကန့်သက်ကျေးရွာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က ရွေးကောက်ပွဲကော်မရှင်ကို အကြောင်းကြားသွားမှာဖြစ်သလို ပါတီအောင်နိုင်ရေးကော်မတီကိုလည်း တင်ပြသွားမယ်လို့ ဦးအောင်မင်းလွင်က ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ဂန့်ဂေါမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အောင်နိုင်ရေးကော်မတီတာဝန်ရှိသူကို ဆက်သွယ်ရာမှာတော့ သက်ဆိုင်ရာစက်ရုံမှူးကိုလည်း ဒီကိစ္စကို ကြပ်မတ်ပေးဖို့ အကြောင်းကြားထားပြီး လောလောဆယ်တော့ ဘာပြဿနာမှ မတက်ချင်ဘူးလို့ဆိုပါတယ်။

ဂန့်ဂေါမြို့နယ်အတွင်း ကြိုတင်မဲကောက်ယူရာမှာ တချို့ကျေးရွာတွေမှာ မဲရုံတွေကို တာဝန်မရှိသူဝင်တာတွေရှိနေပြီး ဓာတ်ပုံရိုက်ယူတာ စတဲ့ကိစ္စတွေလည်း ရှိသလို ကျေးရွာတစ်ရွာမှာတော့ ဖျက်သိမ်းခံလိုက်ရတဲ့ ညီညွတ်သောဒီမိုကရက်တစ်ပါတီ ဆိုင်းဘုတ်တင်ထားတဲ့အိမ်မှာ ကြိုတင်မဲကောက်ခံတဲ့အတွက် ကန့်ကွက်ရတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

ကပစ ၂၃ က ဂန့်ဂေါမြို့နယ်၊ ကျောမြို့၊ ပုံတောင်နှင့် ပုံညာတောင်တန်းနှစ်ခုအကြားမှာ တည်ဆောက်ထားတာပါ။ စက်ရုံဧရိယာအတွင်းက ကန့်သက်၊ နုံးကြီး၊ ကျဲ စတဲ့ ကျေးရွာတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက မဲဆွယ်စည်းရုံးခွင့်ရဖို့ စက်ရုံးမှူးကို ပါတီတာဝန်ရှိသူတွေက ဆက်သွယ်ခွင့်ပြုချက်တောင်းခံပေမယ့် မရခဲ့ဘူးလို့လည်း သိရပါတယ်။

“ကျွန်တော်တို့ ၁၀ လပိုင်း ၈ရက်နေ့က စက်ရုံမှူးဆီကို တိုက်ရိုက်ဖုန်းဆက်ပြီး ဝင်ခွင့်တောင်းတယ်။ ကိုဗစ်ညွှန်ကြားချက်နဲ့အညီ မဲဆွယ်မယ်ဆိုတာကိုပြောတယ်။ အဝင်မခံဘူး။ ဒါပေမယ့် တခြားပါတီတွေဖြစ်တဲ့ ကြံ့ခိုင်ရေးတို့၊ ဦးရွှေမန်းတို့ပါတီတွေကျတော့ အဝင်ခံတယ်။ ကြံ့ခိုင်ရေးဆိုရင် အနည်းဆုံး ၃ ခေါက်လောက်ရှိပြီ။”လို့လည်း ဂန့်ဂေါမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင် ဦးအောင်ကျော်ဝင်းက ပြောပါတယ်။

လက်ရှိမှာတော့ ဒေသတွင်းမှာ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ တခြားကြီးမားတဲ့ပြဿနာ မရှိသေးပါဘူး။ ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲမှာတော့ မကွေးတိုင်းအတွင်း မြို့နယ်အားလုံးက မဲဆန္ဒနယ်အားလုံးမှာ NLD ပါတီက အနိုင်ရရှိခဲ့ပါတယ်။

မျက်မှောက်ခေတ်

error: Content is protected !!