Home > သတင်း > စစ်ရေး > ဗန်းမောက်မြို့နယ်တွင် ရှမ်းနီအမျိုးသားတပ်မတော် (SNA) တပ်ဖွဲ့ဝင်တွေအပါအဝင် လူ ၅ ဦး လက်နက်ခဲယမ်းတွေနဲ့ ဖမ်းဆီးခံရ

ဗန်းမောက်မြို့နယ်တွင် ရှမ်းနီအမျိုးသားတပ်မတော် (SNA) တပ်ဖွဲ့ဝင်တွေအပါအဝင် လူ ၅ ဦး လက်နက်ခဲယမ်းတွေနဲ့ ဖမ်းဆီးခံရ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်တွင် ရှမ်းနီအမျိုးသားတပ်မတော် (SNA) တပ်ဖွဲ့ဝင်အပါအဝင် လူ ၅ ဦးကို လက်နက်ခဲယမ်းတွေနဲ့အတူ နိုဝင်ဘာလ ၂ ရက်နေ့က ဖမ်းဆီးရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့သတင်းတွေအရ သိရပါတယ်။ သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဗန်းမောက်-အင်းတော်ကားလမ်းဘေးရှိ ARGI စားသောက်ဆိုင်မှာ ဆက်ကြေးပေးမယ့်အသွင်နဲ့ သွားရောက်ဖမ်းဆီးရာမှာ ရှမ်းနီအမျိုးသားတပ်မတော် (SNA) မှ ဒုဗိုလ်အဆင့်ရှိ မိုးကြိုး (၄၈ နှစ်) နှင့် တပ်ဖွဲ့ဝင်တွေဖြစ်တဲ့ ဝင်းအောင် (၃၄ နှစ်)၊ ဝင်းကိုကို (ခ) ကျောက်ခဲ (၄၂ နှစ်)၊ အောင်ဇော်ထွန်း(ခ) ထန်ကောင်း (၅၁ နှစ်)၊ နန်းချောရီ(ခ) နန်းအိဖြူ (၄၄ နှစ်) တို့ကို ဖမ်းဆီးရမိခဲ့တာလို့ သိရပါတယ်။ ဖမ်းဆီးရမိမှုတွေထဲမှာ သက်သေခံပစ္စည်းတွေအဖြစ် ပစ္စတိုသေနတ်မျိုးစုံ ၄ လက်၊ ဆက်စပ်ကျည် ၈၆ တောင့်၊ လက်ပစ်ဗုံး ၂ လုံး၊ ဖုန်းမျိုးစုံ ၄ လုံး၊ စကားပြောစက်မျိုးစုံ ၅ လုံး၊ ရှမ်းနီအမျိုးသားတပ်မတော်တံဆိပ်ပါ ဘောင်ချာစာအုပ် ၃ အုပ်၊ ကျပ် ၁ သောင်းတန် ၇၀၀ ရွက် (ကျပ်သိန်း ၇၀) တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့သတင်းတွေမှာ ဖော်ပြထားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို ဗန်းမောက်မြို့မရဲစခန်း တာဝန်ရှိသူကို ဆက်သွယ်မေးမြန်းရာမှာတော့ မသိရှိသေးဘူးလို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

“ကျွန်တော်ကလည်း ခရီးသွားနေတာဗျ။ အခုမှပြန်ရောက်တာ။ ကျွန်တော်တို့ကိုတော့ ဘာမှ လာမလွှဲသေးဘူးဗျ။ လွှဲပြီးရင်တော့ အခြေအနေသိရမှာပေါ့နော်။”လို့ ဗန်းမောက်မြို့မရဲတပ်ဖွဲ့စခန်း စခန်းမှုး ဒုရဲမှူး ခိုင်စိုးထွန်းက ပြောပါတယ်။

မျက်မှောက်ခေတ်က ရရှိထားတဲ့ သတင်းတွေအရ ဒီကိစ္စနဲ့ပတ်သက်လို့ ဗန်းမောက်မြို့မရဲစခန်းမှာ (ပ) ၅၀/၂၀၂၀၊ မတရားအသင်းအက်ဉပဒေပုဒ်မ ၁၇(၁)/၁၇(၂) ၊ အမှုကြီးအမှတ်စဉ် ၃/၂၀၂၀ နဲ့ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့က တရားလိုပြုလုပ်တိုင်တန်းထားတာပါ။

ပြီးခဲ့တဲ့ ဧပြီလ အတွင်းကလည်း ဗန်းမောက်မြို့နယ်မှာ ရှမ်းနီအမျိုးသားတပ်မတော် (SNA) တပ်ဖွဲ့ဝင်တွေနဲ့ နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေတဲ့ အစိုးရတပ်မတော်တို့ မသင်္ကာလို့ ခေါ်ယူရာကနေ ပစ်ခတ်မှုဖြစ်ပွားခဲ့ပါသေးတယ်။ အဲဒီအချိန်တုန်းကလည်း ရှမ်းနီအမျိုးသားတပ်မတော် တပ်ဖွဲ့ဝင်တစ်ယောက် သေဆုံးခဲ့ပြီး တစ်ယောက်ဖမ်းဆီးခံခဲ့ရပါသေးတယ်။ ဒါ့အပြင် ဇူလိုင်လအတွင်းကလည်း ဟုမ္မလင်းမြို့နယ်၊ စေတီဆိပ်ကျေးရွာက ဒေသခံတစ်ဦးကို  ရှမ်းနီအမျိုးသားတပ်မတော်နဲ့ ဆက်သွယ်မှုရှိလို့ဆိုပြီး နယ်မြေခံရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါသေးတယ်။ စက်တင်ဘာလကုန်ပိုင်းကလည်း ဟုမ္မလင်းမြို့နယ်မှာ အစိုးရတပ်မတော်နှင့် ရှမ်းနီအမျိုးသားတပ်မတော်တို့အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။ အဲဒီစက်တင်ဘာလအတွင်းမှာပဲ ဟုမ္မလင်းမြို့နယ်၊ ဖာနိုင်းတိုက်ကျေးရွာက ရွာသားတစ်ဦးကို  ရှမ်းနီအမျိုးသားတပ်မတော်နဲ့ အဆက်အသွယ်ရှိလို့ဆိုပြီး လက်နက်တွေအပါအဝင် ငွေကျပ်သိန်းပေါင်း ၄ ထောင်ကျော်နဲ့ ဖမ်းဆီးရမိခဲ့ပါသေးတယ်။ အောက်တိုဘာလအတွင်းကလည်း ဟုမ္မလင်းမြို့နယ်က ဒေသခံတစ်ဦးကို ဟုမ္မလင်းအခြေစိုက် ခလ၇ ၂၂၂ တပ်က ဖမ်းဆီးခဲ့သေးတယ်လို့ သိရပါတယ်။

ရှမ်းနီအမျိုးသားတပ်မတော် (SNA) နဲ့ပတ်သက်ပြီး တပ်မတော်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ ရှမ်းနီအမျိုးသားတပ်မတော် (SNA) က ၂၀၁၉ ခုနှစ်ကစတင်ကာ ဆက်ကြေးကောက်ခံတာ၊ လူသစ်စုဆောင်းတာ စတဲ့ကိစ္စတွေကြောင့် ပြည်သူတွေကြားထဲမှာ သိသိသာသာ သတိထားမိလာတာလည်း ဖြစ်ပါတယ်။

ဒီကိစ္စတွေနဲ့ပတ်သက်ပြီး ရှမ်းနီအမျိုးသားတပ်မတော် (SNA) ကိုတော့ ထုတ်ပြန်ထားတဲ့ တည်ဆဲဉပဒေတွေအရ မျက်မှောက်ခေတ်သတင်းဌာနအနေနဲ့ ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိပါဘူး။

မျက်မှောက်ခေတ်

error: Content is protected !!