စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၊ အုတ်ဖိုအိုင်ကျေးရွာတွင် အောက်တိုဘာလ ၂၉ ရက်နေ့က ကြိုတင်ဆန္ဒမဲပေးရာမှာ အသုံးပြုတဲ့ UEC တံဆိပ်ပါ ဆန္ဒပြုတံဆိပ်တုံး နှစ်ခု ပျောက်ဆုံးမှုဖြစ်ပွားခဲ့ပြီး ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံက သိရပါတယ်။
“တံဆိပ်တုံးပျောက်တဲ့အကြောင်းကို မနေ့က ရဲစခန်းမှာ အမှုဖွင့်ထားတယ်။ အောက်တိုဘာလ ၂၈ ရက်နေ့က တံဆိပ်တုံးကို ထုတ်ပေးလိုက်တယ်။ အောက်တိုဘာလ ၂၉ ရက်နေ့မှာ ကြိုတင်မဲယူတယ်။ အဲဒီနေ့ ညနေမှာ မဲပေးပြီးလို့ သိမ်းတော့ တံဆိပ်တုံးမရှိဘူးဆိုတာ သိတာ။ ပစ္စည်းပျောက်တာကို အမှုမဖွင့်ထားရင် ရွေးကောက်ပွဲပြီးလို့ ပစ္စည်းတွေ ပြန်အပ်တဲ့အခါကြရင် လိုနေတာတွေဖြစ်မယ်။ ပျောက်သွားတယ် ဆိုတဲ့အကြောင်းကို ရပ်/ကျေးကော်မရှင်က ရဲစခန်းကို တိုင်ထားတဲ့ သဘောပါ။ တန့်ဆည်မြို့နယ် အုတ်ဖိုအိုင်ကျေးရွာမှာြဖစ်ခဲ့တာပါ။”လို့ တန့်ဆည်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဉက္ကဌ ဦးဝင်းမောင်က ပြောပါတယ်။
အခုလို တံဆိပ်တုံးပျောက်သွားတာမှန်ပေမယ့် ကြိုတင်မဲကောက်ယူတဲ့ကိစ္စမှာတော့ ထိခိုက်မှုမရှိဘဲ ပုံမှန်အတိုင်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ တံဆိပ်တုံးပျောက်တဲ့ကိစ္စကိုတော့ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူက တန့်ဆည်မြို့မရဲစခန်းမှာ တရားလိုပြုလုပ်တိုင်တန်းထားတာပါ။
“အခု လောလောဆယ်မှာတော့ တန့်ဆည်မြို့မရဲစခန်းမှာ ကျမတို့ အမှုဖွင့်ထားပါတယ်။ တန့်ဆည်မြို့နယ် အုတ်ဖိုအိုင်ကျေးရွာက ရပ်/ကျေးကော်မရှင်ဉက္ကဌက ရဲစခန်းကို သွားပြီးတော့ အမှုဖွင့်ထားတယ်။ တန့်ဆည်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဉက္ကဌကိုယ်တိုင် အဲဒီရွာကို သွားပြီးတော့ ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေတယ်။ ရဲစခန်းမှာ အမှုဖွင့်ထားတဲ့ ပုဒ်မကတော့ (ပ)၂၄၈/၂၀၂၀၊ ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေးဉပဒေပုဒ်မ ၆၁ အရ နိုဝင်ဘာလ ၂ ရက်နေ့က အမှုဖွင့်ထားပါတယ်။”လို့ တန့်ဆည်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အတွင်းရေးမှုး ဒေါ်သန္တာစိုးက ပြောပါတယ်။
တန့်ဆည်မြို့နယ်မှာ အသက် ၆၀ နှစ်အထက် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်သူ လူဦးရေ ၂၃၁၅၉ ဦး အထိရှိတယ်လို့ သိရပါတယ်။ ရွေးကောက်ပွဲအတွင်း nld, ubp, usdp စတဲ့ နိုင်ငံရေးပါတီက ကိုယ်စားလှယ်လောင်းတွေ ဝင်ရောက်ယှဉ်ပြိုင်ကြမှာလည်းဖြစ်ပါတယ်။