Home > သတင်း > ကျန်းမာရေး > ကိုဗစ်စည်းကမ်းချက်တွေကြောင့် သွားလာရေးခက်ခဲပြီး လယ်ယာထွက်သီးနှံရောင်း၀ယ်မှု ရပ်တန့်နေ

ကိုဗစ်စည်းကမ်းချက်တွေကြောင့် သွားလာရေးခက်ခဲပြီး လယ်ယာထွက်သီးနှံရောင်း၀ယ်မှု ရပ်တန့်နေ

ကိုဗစ်ကပ်ရောဂါကြောင့် နိုင်ငံတွင်းမှာ ကိုဗစ်ပိုးတွေ့လူနာများလာပြီး တိုင်းနှင့် ပြည်နယ်တွေမှာ ၀င်ထွက်သွားလာခွင့် စည်းကမ်းတင်းကြပ်လာတဲ့အတွက် လယ်ယာထွက်သီးနှံ ရောင်း၀ယ်မှု ရပ်တန့်နေတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့မှာရှိတဲ့ ကုန်သည်၊ ပွဲစားတွေက ပြောပါတယ်။ မြန်မာနိုင်ငံက လယ်ယာထွက်သီးနှံတွေဖြစ်တဲ့ ကြက်သွန်နဲ့ ဆီထွက်သီးနှံတွေကို တစ်ဖက်နိုင်ငံတွေက ၀ယ်လိုအားရှိနေပေမယ့် ပြည်တွင်းသွားလာမှု ကန့်သတ်ချက်တွေ၊  ကုန်ကားယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေအတွက် ထုတ်ပြန်ထားတဲ့ ကျန်းမာရေး စည်းကမ်းချက်တွေကြောင့် ဈေးကွက်အပြင် သယ်ယူပို့ဆောင်ရေးတွေမှာပါ ထိခိုက်မှု ရှိနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ကြက်သွန်ဈေးနှုန်း မြင့်တက်လာပေမယ့် လက်ရှိ တရုတ်နိုင်ငံကိုတင်ပို့တဲ့ လမ်းကြောင်းမှာ ကုန်ကားတွေ

ပိတ်မိနေသလို ရန်ကုန်ကို တင်ပို့ဖို့အတွက်လည်း အခက်အခဲတွေရှိလာတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး ကြက်သွန်ဖြူ၊ ကြက်သွန်နီနှင့် စားဖိုချောင်သုံးသီးနှံဥက္ကဌ ဦးခင်မောင်စိုးက ပြောပါတယ်။

“လက်ရှိအနေအထားက ဒေသတွင်းရောင်း၀ယ်မှုမှာ သိပ်ပြဿနာမရှိသေးဘူး။ ဒါပေမယ့် ကုန်ပစ္စည်းတင်ပိုရတဲ့ လမ်းကြောင်းတွေမှာ ပိတ်မိနေတာ။ တရုတ်ဘက်ကိုတင်တဲ့ လမ်းမှာဆို လားရှိုးတို့၊ ကွတ်ခိုင်တို့မှာ ကုန်ကားတွေပိတ်မိနေတာ။ ရန်ကုန်ကိုသွားတဲ့လမ်းကလည်း မလွယ်တော့ အချိန်ကြာလာရင် ကြက်သွန်ဈေးထိခိုက် လာနိုင်တယ်။”လို့ ဦးခင်မောင်စိုး ကပြောပါတယ်။

လက်ရှိမှာတော့ ကြက်သွန်ဈေးနှုန်းကျဆင်းမှု မရှိသေးဘဲ ရေရှည်မှာ ထိခိုက်လာနိုင်တာ ဖြစ်ပါတယ်။ ဆီထွက်သီးနှံတွေဖြစ်တဲ့ မြေပဲ၊ နှမ်း၊ နေကြာ စတဲ့ ပို့ကုန်ဈေးကွက်မှာလည်း မုံရွာမြို့ပေါ်က ပွဲရုံတွေ ပိတ်လာကြတဲ့အတွက် အရောင်း၀ယ် (၅၀) ရာခိုင်နှုန်းခန့် ရပ်တန့်သွားတယ်လို့ မုံရွာကုန်စည်ဒိုင် အတွင်းရေးမှူး ဦးဇော်မိုး ကပြောပါတယ်။

“အရောင်း၀ယ်က ထက်၀က်လောက်ကျနေတယ်။ အဓိကတော့ ပိုးတွေ့လူနာနဲ့ ထိတွေ့မှုရှိရင် Q ၀င်ရတာဆိုတော့ စိုးရိမ်ပြီး နားကြတဲ့သဘောပေါ့။ Online အရောင်း၀ယ် လုပ်တယ်ဆိုပေမယ့် ပွဲရုံတစ်ချို့မှာ နယ်အ၀င်ပိတ်ထားတော့ အရောင်းအ၀ယ် မရှိကြတော့ဘူးလေ။ ပြီးတော့ ကုန်ကားဆရာ

တွေကြလည်း တို့ပတ်ယူပြီး ပိုးမတွေ့မှ ထွက်ခွင့်ရတာဆိုတော့ တစ်ချို့ကြလည်း ကြောက်လန့်ပြီးမထွက် ကြတော့ဘူး။ ဈေးကျတာတော့ မရှိဘူး။ တက်ရမယ့်အချိန် မတက်နိုင်ဘဲ ဖြစ်သွားတာပေါ့။”လို့ ဦးဇော်မိုး က ပြောပါတယ်။

လက်ရှိအချိန်မှာ လယ်ယာထွက်သီးနှံတွေဖြစ်တဲ့ ကြက်သွန်နီနဲ့ ဆီထွက်သီးနှံတွေကိုတဖက်နိုင်ငံတွေက ၀ယ်လိုအားရှိနေတဲ့အချိန်ဖြစ်ပါတယ်။ COVID-19 နဲ့ ပတ်သက်ပြီး တိုင်းနှင့် ပြည်နယ်အလိုက် ထုတ်ပြန်ထားတဲ့ ဖြတ်သန်းသွားလာခွင့် ကျန်းမာရေး လမ်းညွှန်ချက်တွေ၊ ကုန်စည်ကူးသန်းသွားလာခွင့် လမ်းကြောင်းတွေနဲ့ ကုန်တင်ယာဉ်မောင်းတွေနဲ့ပတ်သက်တဲ့ ကျန်းမာရေးစည်းကမ်းချက်တွေကို လိုအပ်သလို ချိန်ညှိကြပ်မတ်နိုင်မယ်ဆိုရင်တော့ လယ်ယာထွက်သီးနှံဈေးကွက်နဲ့ အရောင်းအ၀ယ် မြန်ဆန်လာပြီး တောင်သူတွေ၊ ကုန်သည်ပွဲစားတွေအနေနဲ့ ထိုက်သင့်တဲ့ အကျိုးခံစားခွင့် ရရှိနိုင်မှာဖြစ်တယ်လို့ မုံရွာမြို့မှာ ရှိတဲ့ ကုန်သည်ပွဲစားတွေက ပြောပါတယ်။ လက်ရှိမှာ  စစ်ကိုင်းတိုင်းအတွင်း မိုးသီးနှံတွေဖြစ်တဲ့ ပဲတီစိမ်း၊ ပြောင်း စတဲ့ သီးနှံတွေအပြင် မြေပဲ၊ နှမ်း စတဲ့ ဆီထွက်သီးနှံတွေ အများဆုံး ထွက်ရှိနေချိန်လည်း ဖြစ်ပါတယ်။

ကျော်ဇေယျ (မျက်မှောက်ခေတ်)

error: Content is protected !!