Home > သတင်း > ကျန်းမာရေး > မုံရွာနှင့် တန့်ဆည်တွင် ကိုဗစ်အတည်ပြုလူနာ ၅ ဦးထပ်တိုး

မုံရွာနှင့် တန့်ဆည်တွင် ကိုဗစ်အတည်ပြုလူနာ ၅ ဦးထပ်တိုး

စစ်ကိုင်းတိုင်းဒေသကြီးမှာ ကိုဗစ်အတည်ပြုလူနာ ၅ ဦး ထပ်တိုးခဲ့တယ်လို့ စစ်ကိုင်းတိုင်း COVID – 19 ထိန်းချုပ်ရေးနှင့် တုန့်ပြန်ရေးကော်မတီရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ထပ်တိုးလူနာတွေက တန့်ဆည်မြို့နယ်မှာ ပိုးတွေ့လူနာ ၄ ဦးနှင့် မုံရွာမြို့နယ်က ၁ ဦးတို့ဖြစ်ပါတယ်။ ပိုးတွေ့လူနာအားလုံးက  ရန်ကုန်တိုင်းဒေသကြီးကနေ ပြန်လာသူတွေဖြစ်ပြီး အသွားအလာကန့်သတ်ထားသူတွေ ဖြစ်ပါတယ်။

“ပိုးတွေ့လူနာတွေက ကျန်းမာရေးကောင်းပါတယ်။ သူတို့ ၄ ယောက်က ပြန်လာတဲ့မြိုနယ်ကမတူဘူး။ ဒါပေမယ့် နေရပ်ပြန်ရောက်တာ တူတယ်။ ၄ ယောက်ထဲက ၃ ယောက်က ဒဂုံအရှေ့ကနေ ပြန်လာတာ။ ကျန်တစ်ယာက်ကတော့ မြောက်ဥက္ကလာကနေ ပြန်လာတာပါ။ ၃ ယောက်က တန့်ဆည်မြို့ မေတ္တာမြိုင်ရပ်ကွက် အထက ၂ ကျောင်း Facility Quarantine စင်တာမှာ ထားတယ်။ ကျန်တစ်ယောက်က ရွာမကျေးရွာ အထကကျောင်းမှာ Quarantine ထားခဲ့တာ။”လို့ တန့်ဆည်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စွာမင်းက ပြောပါတယ်။

ပိုးတွေ့လူနာ ၄ ဦးထဲက အသက် ၁၉ နှစ်အရွယ် အမျိုးသား ၃ ဦးမှာ တန့်ဆည်မြို့ မေတ္တာမြိုင်ရပ်ကွက်နှင့် ကျန်အသက် ၂၈ နှစ်အရွယ်အမျိုးသား ၁ ဦးမှာ ဆူးပါကုန်းကျေးရွာက ဖြစ်ကာ တန့်ဆည်မြို့ ပြည်သူ့ဆေးရုံမှာ ပို့ဆောင်ထားပြီး ဆေးကုသမှုပေးသွားမှာလည်း ဖြစ်ပါတယ်။

မုံရွာမြို့နယ်က ပိုးတွေ့လူနာက အသက် ၄၅ နှစ်အရွယ် အမျိုးသမီးဖြစ်ကာ ကျွန်းသစ်ကျေးရွာက ဖြစ်ပါတယ်။

“ရောဂါပိုးတွေ့တဲ့သူက အမျိုးသမီးပါ။ သူက မင်္ဂလာဒုံမြို့နယ်ကနေ ပြန်လာသူပါ။ သူ့ရဲ့ကျန်းမာရေးအခြေအနေ ကောင်းမွန်တယ်။” လို့ မုံရွာမြို့နယ် ဒုအုပ်ချုပ်ရေးမှူး ဦးအာကာမြင့်က ပြောပါတယ်။

ယခုလက်ရှိ စစ်ကိုင်းတိုင်းဒေသကြီးမှာ မြို့နယ်ပေါင်း ၃၇ မြို့နယ်ရှိတဲ့အထဲက ၂၂ မြို့နယ်မှာ ကိုဗစ်အတည်ပြုလူနာ ၁၀၂ ဦးရှိပြီး အဲဒီထဲက ၁၆ ဦးမှာ ရောဂါပျောက်ကင်းသွားလို့ ဆေးရုံကနေ ဆင်းခွင့်ပြုထားတယ်လို့လည်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ Facebook Page ကနေ ထုတ်ပြန်ချက်အရ သိရပါတယ်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ အောက်တိုဘာလ ၃ ရက်နေ့ ည ၈ နာရီထုတ်ပြန်ချက်အရ ရောဂါပိုးတွေ့ရှိသူ လူနာသစ် ၉၇၈ ဦး၊ ရောဂါပျောက်ကင်းသူ ၄၁၇ ဦးနှင့် သေဆုံးသူ ၁၈ ဦးရှိပါတယ်။

သူရိယထက်

error: Content is protected !!