စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့မှာ နှာခေါင်းစည်း (Mask) ကမ်ပိန်းကို ဒီကနေ့ နံနက် ၉ နာရီအချိန်က ပြုလုပ်ခဲ့တယ်လို့ မင်းကင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းဗိုလ်က ပြောပါတယ်။ Mask ကမ်ပိန်းကို မင်းကင်းမြို့နယ် စီမံခန့်ခွဲမှုကော်မတီ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးကော်မတီ၊ မီးသတ်၊ ကျန်းမာရေးနှင့် ဌာနဆိုင်တာဝန်ရှိသူတွေ၊ စေတနာ့ဝန်ထမ်းတွေ ပူးပေါင်း ဆောင်ရွက်ခဲ့ကြတာပါ။
“ပြင်ပမှာတင် ရောဂါကူးစက်မှုက များလာတာမဟုတ်ဘဲ ပြည်တွင်းမှာလည်း ရောဂါကူးစက်မှုနှုန်းကလည်း များလာတယ်။ မင်းကင်းမြို့နယ် ဧရိယာဟာ ရောဂါကူးစက်မှုမရှိသေးတဲ့အတွက် Negative ဧရိယာဖြစ်တယ်။ အဓိကတော့ Mask တပ်ကာကွယ်မယ်။ လက်ဆေးကာကွယ်မယ်။ အဲလိုကာကွယ်နိုင်မှ ထိန်းချုပ်နိုင်မှာဖြစ်တယ်။ အဲ့တာကြောင့် Mask တပ်ဆင်မှုကို မဖြစ်မနေ လိုက်နာရမယ်ဆိုတာကို ပြည်သူတွေအချို့ မသိသေးဘူး။ ကျယ်ကျယ်ပြန့်ပြန့်နဲ့ သိရှိအောင်တောင်ရွက်တာ။ မင်းကင်းမြို့နယ် တစ်မြို့နယ်လုံး ကိုဗစ်ကပ်ရောဂါပိုး ကူးစက်မှူကင်းဝေစေရန် ရည်ရွယ်ပြီး ဆောင်ရွက်တာဖြစ်တယ်။”လို့ မြို့နယ်အုပ်ချုပ်ရေးမှုး ဦးဆန်းဗိုလ်က ပြောပါတယ်။
Mask ကမ်ပိန်းကို အဖွဲ ၄ ဖွဲ့ ဖွဲ့ပြီး ၁ ဖွဲ့ကို Mask အခုရေ ၅၀၀ နဲ့ မင်းကင်းမြို့ရဲ့ စည်ပင်ရုံးအရှေ့၊ ဆေးရုံအရှေ့၊ စျေးလမ်း၊ မြို့အဝင်လမ်းဆုံ၊ မြို့အဝင် သလဘာလမ်းဆုံ စတဲ့ နေရာ ၅ နေရာတွေမှာ နှာခေါင်းစည်း (Mask) ၂၀၀၀ အခမဲ့ ပေးဝေခဲ့တာဖြစ်ပါတယ်။
နှာခေါင်းစည်း (Mask) ကမ်းပိန်းကို စက်တင်ဘာ ၅ ရက်နေ့ကနေ ၇ ရက်နေ့အထိ ၃ ရက်ဆက်တိုက် ပြုလုပ်သွားမယ်လို့လည်း သိရပါတယ်။
“Mask တွေလည်း ဝေရင်း၊ ပြည်သူတွေလည်း သဘောပေါက် နားလည်သွားအောင်လို့ပါ။ ကိုဗစ်၁၉ရဲ့ အန္တရာယ်ကို သေသေချာချာ ညီညီညာညာနဲ့ပြန်ပြီး တုံ့ပြန်နိုင်မှ ကာကွယ်နိုင်မှဖြစ်မယ်ဆိုတဲ့ဟာကို အသိရအောင် လုပ်ပေးတဲ့သဘောပါပဲ။”လို့ မင်းကင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆန်းကပြောပါတယ်။
ပညာပေးကာလပြီးဆုံးပါက စက်တင်ဘာ ၉ ရက်နေ့ကနေ Mask မပါသူတွေကို ၁ခု ၁၀၀ ကျပ်နှုန်းနဲ့ ၅ ခု ဝယ်ယူတပ်ဆင်ရမှာဖြစ်ပါတယ်။
“ဗုဒ္ဓဟူးနေ့ကစပြီး Mask မတပ်သူတွေကို အရေးယူမှုတွေလုပ်မယ်။ အရေးယူမှုတွေလုပ်တဲ့အခါမှာ မင်းကင်းမြို့နယ်ရဲ့စီးပွားရေးအခြေအနေရ ပြည်သူတွေလဲလိုက်နာအောင်၊ ထိခိုက်မှုလဲနည်းအောင် Mask ၅ခုဝယ်၊ ၁ ခုတပ်ခိုင်းမယ့်ပုံစံနဲ့အရေးယူမယ်။ အဲလိုလုပ်လို့မှ လိုက်နာမှုအားနည်းလာရင်တော့ ဥပဒေအတိုင်းအရေးယူသွားမယ်။”လို့ ဦးဆန်းဗိုလ်ကပြောပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရရဲ့ ထုတ်ပြန်ချက်တွေအရ တိုင်းအတွင်းမှာ Mask မတပ်လို့ အရေးယူမှုအနေနဲ့ မေလ ၂၅ ရက်နေ့ကနေ စက်တင်ဘာလ ၂ ရက်နေ့ထိ ၃၇၂၂ မှု၊ လူဉီးရေ ၄ ထောင်ကျော်ကို အရေးယူထားတယ်လို့သိရပါတယ်။
သူရိယထက်