Home > သတင်း > ကျန်းမာရေး > ကျောက္ကာထန်းဇလုပ် ရေတံခွန် အပန်းဖြေစခန်းမှာ နေ့စဉ်လာရောက် အပန်းဖြေနားနေသူတွေနဲ့ စည်ကားနေ

ကျောက္ကာထန်းဇလုပ် ရေတံခွန် အပန်းဖြေစခန်းမှာ နေ့စဉ်လာရောက် အပန်းဖြေနားနေသူတွေနဲ့ စည်ကားနေ

ထန်းဇလုပ်အပန်းဖြေစခန်းတွေ လာရောက်ရေစိမ်နေကြပုံ

ကိုဗစ်ကပ်ရောဂါကြောင့် လူစုလူဝေးဖြစ်ပေါ်စေနိုင်တဲ့နေရာတွေ၊ အများပြည်သူအပန်းဖြေနားနေတဲ့ နေရာတွေ၊ အခွန်ထမ်း အပန်းဖြေလုပ်ငန်းတွေကို ပိတ်ထားဖို့ အစိုးရက ညွှန်ကြားထားတာပါ။ ဒါပေမယ့် တချို့ အပန်းဖြေလုပ်ငန်းတွေ၊ ကာရာအိုကေတွေကလည်း ခိုးဖွင့်တာတွေရှိသလို မုံရွာမြို့ရဲ့အရှေ့တောင်ဘက် ၁၀ မိုင်အကွာမှာရှိတဲ့ ကျောက္ကာ ထန်းဇလုတ် ရေတံခွန် အပန်းဖြေစခန်းမှာလည်း လာရောက် ရေချိုး အပန်းဖြေသူတွေနဲ့ စည်ကားနေပါတယ်။ စည်းကမ်းမဲ့ မူးယစ်သောက်စားသူတွေကြောင့် အုပ်စုဖွဲ့ ခိုက်ရန်ဖြစ်ပွားမှုတွေ မကြာခဏ ဖြစ်ပွားနေတယ်လို့လည်း သိရပါတယ်။

“ဘုရားတွေ၊ ကျောင်းတွေ၊ အပန်းဖြေ လုပ်ငန်းတွေက ပြန်ဖွင့်ခွင့်ပေးတာ မရှိသေးဘူး။ ထန်းဇလုပ်မှာက နေ့တိုင်း ရေချိုးလာတဲ့သူ လေးငါးရာနီးပါးရှိတယ်။ သောက်စားမူးရူးသူတွေနဲ့ အရမ်းကို စည်ကားနေတာဖြစ်တယ်။ ထိန်းချုပ် ကန့်သတ်တာမျိုး အခုထိ မရှိသေးဘူး။”လို့ ကျောက္ကာ ရွှေဂူနီ ဘုရားဂေါပက အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

မုံရွာမြို့ အနီးဝန်းကျင်က အထင်ကရ တန်ခိုးကြီး ဘုရားတွေဖြစ်တဲ့ ဆုတောင်းပြည့် ၊ ရွှေစည်းခုံ ၊မိုးညှင်း သမ္ဗုဒ္ဓေ ၊ ဗောဓိတစ်ထောင်၊ ကျောက္ကာရွှေဂူနီ၊ ရွှေတောင်ဦးနှင့် ဖိုလ်ဝင်တောင် ဘုရားတွေဟာ ကမ္ဘာ့ကူးစက်မြန် ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်ကာကွယ်တဲ့ အနေနဲ့ ဝင်ရောက်ဖူးမျှော်ခွင့်ကို ပိတ်ထားခဲ့တာ ဖြစ်ပါတယ်။ ဝါတွင်းကာလ ဥပုသ် သီတင်း ဆောက်တည်ရာမှာလဲ ကျန်းမာရေး ဝန်ကြီး ဌာနက ထုတ်ပြန်ထားတဲ့ လမ်းညွှန်ချက်တွေနဲ့ အညီ ဘုန်းကြီးကျောင်းတွေက သီလပေးနေရတယ်လို့ သိရပါတယ်။

ဒါ့အပြင် မုံရွာမြို့ပေါ်မှာ အခွန်ထမ်း အပန်းဖြေလုပ်ငန်း ၄၀ ကျော်နဲ့ ကလေးကစားကွင်းတွေလဲ ပိတ်ထားရတာ နှစ်တဝက် အချိန်ကိုကျော်လာပြီး အဲ့ဒီ လုပ်ငန်းက ထောင်နဲ့ချီတဲ့ အလုပ်သမားတွေဟာလဲ အလုပ်လက်မဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ ကျောက္ကာ ထန်းဇလုပ် ရေတံခွန် အပန်းဖြေ စခန်း ပိတ်ထားတာမရှိပဲ နေ့စဥ် ရေချိုး အပန်းဖြေသူတွေ လာရောက်နေတာနဲ့ ပတ်သက်လို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက “ကိုဗစ်စဖြစ်တဲ့ အချိန်က ပိတ်ထားဖို့ တားမြစ်ခဲ့တယ်။ အမိန့် ညွှန်ကြားချက်တွေကို လိုက်နာဖို့ ပျက်ကွက်တယ်ဆိုတာ တွေ့ရရင် ထိရောက်စွာ အရေးယူမယ်။” လို့ပြောပါတယ်။

လက်ရှိမှာ ကိုဗစ်ကပ်ရောဂါက မြန်မာနိုင်ငံမှာ ဒုတိယလှိုင်းအဖြစ် ကူးစက်မှုလျင်လျင်မြန်မြန်နဲ့ ပျံ့နှံ့နေတာလည်းဖြစ်ပါတယ်။ တိုင်းအတွင်းက မြို့နယ်တော်တော်များများမှာလည်း Mask ကပ်ပိန်းတွေကို ပြုလုပ်နေကြသလို ခွင့်ပြုချက်မရှိဘဲ အပန်းဖြေလုပ်ငန်းလုပ်ကိုင်နေတာတွေကိုလည်း ဖမ်းဆီးအရေးယူတာတွေ ရှိနေပါတယ်။

error: Content is protected !!