စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ စစ်ဘေးရှောင်တွေကြောင့် စစ်တပ်လက်အောက်ခံစာသင်ကျောင်းတွေမှာ ကျောင်းအပ်မယ့် ကျောင်းသူကျောင်းသား ၃၀၀၀ ဝန်းကျင်ထိ ရှိတယ်လို့ ပညာရေး အသိုင်းအဝိုင်းနဲ့ နီးစပ်တဲ့ မြို့ခံတွေဆီက သိရပါတယ်။
“ချင်းတောင်မှာက ပြီးခဲ့တဲ့နှစ် တိုက်ပွဲတွေဖြစ်တော့ ကလေးမြို့ပေါ်ကို အများကြီး စစ်လာရှောင်ကြတာ။ ဒီနှစ်မှာ စစ်တပ်က စစ်ဆေးပြီး အသက်နဲ့ညီတဲ့ အတန်းကို တက်ခွင့်ပြုလိုက်တော့ ကျောင်းအပ်မယ့်သူတွေ များလာတာပါ။ တတ်နိုင်တဲ့သူတွေက ကိုယ်ပိုင်ကျောင်း၊ မတတ်နိုင်တဲ့သူတွေက စစ်ကောင်စီကျောင်းပေါ့” လို့ ကလေးမြို့ ဒေသခံ အမျိုးသားတစ်ဉီးက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလကနေ လက်ရှိအချိန်ထိ ချင်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေဖြစ်ပွားနေဆဲဖြစ်ပြီး ဖလမ်းမြို့နဲ့ တွန်းဇန်မြို့ကို ၂၀၂၆ ခုနှစ် ဧပြီလနဲ့ မေလထဲမှာ စစ်တပ်က ပြန်လည်ထိန်းချုပ်ခဲ့ပါတယ်။ ဖလမ်းမြို့ကို ပြန်လည် ထိန်းချုပ်ပြီးနောက် စစ်တပ်က သူတို့နဲ့ပူးပေါင်းနေတဲ့ ဘာသာရေးဆိုင်ရာအဖွဲ့အစည်းတွေကို တဆင့်ခံ အသုံးချပြီး ဖလမ်းမြို့မှာ အုပ်ချုပ်ရေး၊ ကျန်းမာရေး၊ ပညာရေး လည်ပတ်ဖို့ ကြိုးစားနေပေမယ့် နေရပ်မပြန်ဘဲ ဆက်လက်စစ်ဘေးရှောင်နေကြသူတွေ များစွာရှိသေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကလေးမြို့ပေါ်က စစ်တပ်လက်အောင်ခံကျောင်းတွေကို ကျောင်းအပ်သူတွေ ပိုမိုများပြားလာတာဟာ စစ်တပ်က အသက်အရွယ်နဲ့လိုက်ဖက်တဲ့ အတန်းကို စမ်းသပ်ဖြေဆိုပြီး တက်ခွင့်ပေးတဲ့ မူဝါဒကြောင့်လည်း ဖြစ်တယ်လို့ ကလေးမြို့နယ် ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
“ရွာတွေမှာလည်း တတ်နိုင်တဲ့သူအချို့၊ မြို့နဲ့ အဆက်သွယ်ရှိတဲ့သူအချို့ ဒီနှစ်ပြောင်းပြီး ထားကြတယ်။ လေကြောင်း၊ စစ်ကြောင်း ကြောက်ကြရတာတွေလည်း ပါတာပေါ့ဗျာ” လို့ ကလေးမြို့နယ်တွင်း ကျေးရွာ တစ်ရွာက ဒေသခံ အမျိုးသား တစ်ဦးက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်က ကလေးမြို့နယ်ကို အောက်တိုဘာလကုန်ပိုင်းကစ စစ်ကြောင်းထိုးပြီး ကျေးရွာတွေမှာ တပ်ထိုင်ထားတာကြောင့် ကလေးမြို့နယ်က ဒေသခံသောင်းဂဏန်းဟာ လက်ရှိအချိန်ထိ ဘေးလွတ်ရာ တောတော်တွေထဲမှာ စစ်ဘေးရှောင်နေကြရတာပါ။
ကလေးမြို့ပေါ် စစ်တပ်လက်အောက်ခံကျောင်းတွေမှာ ကျောင်းသားဦးရေ များပြားလာတဲ့အတွက် ကျောင်းသားအချိုးနဲ့ ဆရာ၊ဆရာမ အချိုး မနိုင်မနင်းဖြစ်ပြီး ကလေးတွေ လေလွင့်ပျက်စီးမှု ဖြစ်ပေါ်မှာနှင့် အရွယ်ရောက်ပြီးသား ကျောင်းသူကျောင်းသားတွေကို စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးမှာကို ဒေသခံတွေက စိုးရိမ်တယ်လို့လည်း ဆိုပါတယ်။
“မြို့ပေါ်မှာက စိုးရိမ်စရာတွေက များပါတယ်။ မူးယစ်ဆေးဝါးကလည်းပေါတယ်။ ပေါ်တာကလဲ မထင်ရင် မထင်သလို ဆွဲတာ။ ပါသွားပြီးရင် ပိုက်ဆံမပေးဘဲ ပြန်မလွတ်ဘူး။ မြို့ပေါ်မှာ နေထိုင်စရိတ်ကလည်း ကြီးတော့ မလွယ်ဘူး” လို့ နောက်ဒေသခံတစ်ဦးက ပြောပါတယ်။
ကလေးမြို့ဟာ ချင်းပြည်နည်နဲ့ နယ်မြေချင်းထိစပ်နေပြီး စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး၊ စစ်ရေးအရ အချက်အချာကျကာ စစ်တပ်ရဲ့ ဒေသကွပ်ကဲရေးစစ်ဌာနချုပ် အခြေစိုက်ရာ မြို့ဖြစ်ပါတယ်။ အာဏာသိမ်း စစ်တပ်က ချင်းပြည်နယ်မြောက်ပိုင်းကို စစ်ကြောင်းထိုးရာမှာ ကလေးမြို့ကနေတဆင့် စစ်ကြောင်းထိုးခဲ့တာဖြစ်ပြီး မြို့ပေါ်မှာလည်း ပေါ်တာဆွဲဖမ်းဆီးမှုတွေကို ဆက်တိုက်ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
(Photo – Chin World)ပုံစာ – ကလေးမြို့၊ စုပေါင်းရုံးမှာ စမ်းသပ်စာမေးပွဲဖြေခွင့်ရဖို့ စာရင်းပေးနေကြသူများ။






