ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြိုနယ်မှာ အာဏာသိမ်းစစ်တပ်စစ်ကြောင်းနဲ့ ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ မေ ၃၀ ရက်နေ့ကစ တိုက်ပွဲဖြစ်ပွားနေပြီး အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်မှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။
ချင်းတောင်ပိုင်းနဲ့ နယ်မြေချင်းထိစပ်နေတဲ့ ယောဒေသ၊ ကျောက်ထုမြို့ကနေ မင်းတပ်မြို့နယ်ထဲကို မေ ၂၉ ရက်နေ့က အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးခဲ့ပြီး မေ ၃၀ ရက်နေ့ကစ မင်းတပ်နဲ့ယောနယ်စပ်မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
“ အခုချင်းတောင်ကို ထိုးနေတဲ့ စစ်ကြောင်းက မင်းတပ်ဘက်ကို ဆက်မတိုးနိုင်သေးပါဘူး။ လေကြောင်းကနေတော့ ဗုံးကြဲတာတွေ လုပ်နေတယ်။ ခဲယမ်းရိက္ခာ ဖြည့်တာတွေလုပ်တယ်။ ဒီနေ့မနက် ကျောက်ထုကို ခဲယမ်းရိက္ခာတွေ လေယာဉ်နဲ့ချပေးတယ်” လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။
အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဟာ မင်းတပ်မြို့နဲ့ ဆယ်မိုင်ဝန်းကျင်အကွာမှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားနေတာလို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။ အာဏာသိမ်းစစ်တပ်စစ်ကြောင်းက မင်းတပ်မြို့နယ်ထဲက ထင်ချောင်းကျေးရွာကို မေ ၃၀ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့ပြီး ပျက်စီးမှုအခြေအနေ အသေးစိတ်ကို သိရှိရခြင်းမရှိသေးပါ။
အာဏာသိမ်းစစ်တပ်က မင်းတပ်မြို့နဲ့ ဆယ့်နှစ်မိုင်ဝန်းကျင်အကွာက ယောဒေသ၊ ကျောက်ထုမြို့တပ်ထဲကို ဒီကနေ့ မနက်ကိုးနာရီခွဲမှာ Y8 လေယာဉ်နဲ့ ခဲယမ်းရိက္ခာ အထုပ် ၁၁ ထုပ်ချပေးခဲ့တယ် ကျောက်ထု ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။ ဇွန် ၁ ရက်နေ့ကလည်း ယောဒေသ ဆောမြို့ပေါ်က စစ်တပ်ကို ခဲယမ်းရိက္ခာထုပ်တွေ ချပေးခဲ့တယ်လို့ သိရပါတယ်။
အာဏာသိမ်းစစ်တပ်က မေလကတည်းကနေ ဒီကနေ့ထိ ချင်းတောင်ပိုင်း မင်းတပ်၊ ကန်ပက်လက်၊ မတူပီမြို့တွေကို လေကြာင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတာကို သတင်းမှတ်တမ်းတွေ အရသိရပါတယ်။
ဒီကနေ့ ဇွန် ၃ ရက်နေ့ မနက် ၁ နာရီခန့်မှာ မင်းတပ်မြို့နယ်ထဲကို ဂျက်ဖိုက်တာနဲ့ ဗုံးနှစ်လုံးကြဲချ တိုက်ခိုက်ခဲ့သလို ဇွန် ၂ ရက်နေ့ကလည်း မင်းတပ်မြို့နယ်ထဲကို ဂျက်ဖိုက်တာ သုံးစီးနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့မေလက ချင်းတောင်ပိုင်းကို စစ်တပ်က အကြိမ် ၇၀ ကျော် ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ သတင်းမှတ်တမ်းတွေ အရ သိရပါတယ်။
မင်းတပ်မြို့နယ်ထဲမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် မင်းတပ်မြို့နယ်က ဒေသခံ ၁၇၀၀၀ ဝန်းကျင်ဟာ စစ်ဘေးရှောင်နေကြရပြီး ရေရှည်စစ်ဘေးရှောင်ရမယ့် အနေအထားဖြစ်လို့ အကူအညီ အထောက်အပံ့တွေ လိုအပ်နေတယ်လို့ မင်းတပ်မြိုနယ် စစ်ဘေးရှောင်ကော်မတီက ဇွန် ၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်နဲ့ ကန်ပက်လက်မြို့ကို ချင်းညီနောင်ဦးဆောင်တဲ့ မဟာမိတ်တပ်ဖွဲ့တွေက ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၂ ရက်နေ့မှာ စစ်ကောင်စီထံကနေ တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ မင်းတပ်နဲ့ ကန်ပက်လက်ကို လက်လွတ်ရပြီးနောက် တစ်နှစ်ခွဲအကြာမှာ အာဏာသိမ်းစစ်တပ်က မင်းတပ်နဲ့ ကန်ပက်လက်ကို ထိုးစစ်ပြန်ဆင်လာတာဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်က ချင်းပြည်တောင်ပိုင်းကို ထိုးစစ်ဆင်လာတာကြောင့် နိုင်ငံတကာရောက် ချင်းပြည်သူတွေ အနေနဲ့ ချင်းပြည်အရေးပေါ် ကာကွယ်ရေး ရန်ပုံငွေ ထည့်ဝင်ပေးကြဖို့ ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့ တပ်မတော် (CPU/CPA) က မေလယ်ကတည်းက တိုက်တွန်းနိုးဆော်ခဲ့တယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာ အာဏာသိမ်းစစ်တပ်က ယောဒေသ၊ ဆောမြို့နဲ့ ကျောက်ထုမြို့မှာ အထိုင်ချပြီး ချင်းတောင်ပိုင်းကို စစ်ကြောင်းထိုးနေတာပါ။ ယောဒေသမှာလည်း အာဏာသိမ်းစစ်တပ်နဲ့ ယောတပ်တော် YA အပါအဝင် မဟာမိတ် တပ်ပေါင်းစုတို့ မေ ၁၃ ရက်နေ့က စတင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က ၈၀ ကျော်သေဆုံးကာ ၁၀၀ ကျော်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ YA က မေ ၃၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
Photo – Mindat Township IDPs Camp Management Committee နှင့် လူမှုကွန်ယက်






