Home > သတင်း > စစ်ရေး > စစ်ရေး > ယောဒေသက ယော – ချင်း- ရခိုင် ဆက်သွယ်ရေးလမ်းပေါ်က ကံကြီးရွာ လမ်းဆုံကို စစ်တပ်က အထိုင်ချဖို့ ပြင်ဆင်နေ

ယောဒေသက ယော – ချင်း- ရခိုင် ဆက်သွယ်ရေးလမ်းပေါ်က ကံကြီးရွာ လမ်းဆုံကို စစ်တပ်က အထိုင်ချဖို့ ပြင်ဆင်နေ

မကွေးတိုင်း၊ ယောဒေသ၊ ဆောမြို့နယ်၊ ကံကြီးမြိုကျေးရွာကို အာဏာသိမ်းစစ်တပ်က ဧပြီ ၂၅ ရက်နေ့ညပိုင်းမှာ ဝင်ရောက်ခဲ့ပြီး လက်ရှိအချိန်ထိ ကံကြီးကျေးရွာမှာ နေရာယူထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“ကျောက်ထုအမြောက်တပ် ၂၃၆ က လာပြီး နေရာယူထားတာ။ အခုဆိုနှစ်ရက်ရှိပြီ။ အင်အား ၁၈၀ လောက်ရှိတယ်” လို့ ကျောက်ထုဒေသခံတဦးက ပြောပါတယ်။
ကံကြီးရွာဟာ ယောဒေသ၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့ကိုဆက်သွယ်ပေးထားတဲ့ လမ်းဆုံရှိနေတဲ့ကျေးရွာဖြစ်ပြီး အထူးသဖြင့် ယောဒေသကနေ ချင်းပြည်နယ်ကိုဖြတ်ပြီး ရခိုင်ဘက်ကိုသွားတဲ့ အဓိက လမ်းကြောင်းတစ်ခုဖြစ်ပါတယ်။
ကံကြီးကျေးရွာမှာ စစ်တပ်က တပ်ဖြန့်ထားပြီး အထိုင်ချဖို့ကြိုးစားနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ကံကြီးကျေးရွာဟာ ကျောက်ထုအမြောက်တပ်ရဲ့ ဧရိယာအစပ်မှာရှိပြီး တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားခဲ့တဲ့ ကျေးရွာဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါကံကြီး ကျေးရွာကို စစ်တပ်က အထိုင်ချ ထိန်းချုပ်ခဲ့ရင် လမ်းပန်းဆက် သွယ်ရေးအခက်အခဲတွေ ရင်ဆိုင်ရနိုင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“ဒီလမ်းဆုံမှာ စစ်တပ်က ထိုင်မယ်ဆိုရင်တော့ လမ်းတွေက ကွင်းသွားရတော့မယ်။ အခုနေခါ ပြသနာမရှိပေမယ့် မိုးရာသီမှာ ကွင်းလမ်းက ချောင်းတွေဖြတ်ရမှာမို့ အများကြီးခက်ခဲနိုင်တယ်”လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ တော်လှန်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ နယ်မြေတွေကို ကုန်စည်စီးဆင်းမှုခက်ခဲအောင် အဓိကလမ်းဆုံနေရာတွေကို ပိတ်ဆို့ဖို့ကြိုးစားနေတာဖြစ်ပါတယ်။
ကံကြီးကျေးရွာမှာ စစ်တပ်က အထိုင်ချဖို့ကြိုးစားတာဟာ ချင်းပြည်နယ်တောင်ပိုင်းနဲ့ ရခိုက်ပြည်နယ်ကို ကုန်စည်စီးဆင်းမှုခက်ခဲအောင် ပိတ်ဆို့မှုတစ်ခုဖြစ်တယ်လို့ ကုန်သည်တစ်ဦးက ပြောပါတယ်။
အာဏာသိမ်းစစ်တပ် အဖွဲ့ဝင်တွေဟာ ကံကြီးကျေးရွာတွင်း လမ်းဆုံ၊လမ်းခွတွေမှာ ကင်းပုန်း၀ပ်နေရာယူထားကြပြီး ဖြတ်သန်းလာသူတွေကို တားဆီးစစ်ဆေးတာကြောင့် ကံကြီးကျေးရွာကို ဖြတ်သန်းသွားလာတာတွေမလုပ်ကြဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထားတယ်လို့ သိရပါတယ်။
အာဏာသိမ်းစစ်တပ်က ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ၊ မတ်လ ၁၈ ရက်နေ့ကလည်း ဂန့်ဂေါမြို့နယ် ရှောက်ပင် (အောင်မြင်)ရွာလမ်းဆုံကို ဝင်ရောက်တပ်ထိုင်ခဲ့ပါတယ်။
ရှောက်ပင်ကျေးရွာလမ်းဆုံကို ဂန့်ဂေါ ခ.လ.ရ (၅၀) စစ်တပ်က တပ်ထိုင်ထားတာကြောင့် ယောဒေသ၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းနှင့် ချင်းပြည်နယ်မြောက်ပိုင်းကို မိုးရာသီမှာ သွားလာရခက်ခဲပြီး ကုန်စျေးနှုန်းတွေလည်း မြင့်တက်လေ့ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

error: Content is protected !!