Home > သတင်း > ပြည်တွင်း > လက်ရှိ ဆီပေါက်စျေးအတိုင်းဆိုပါက တောင်သူလုပ်ငန်းကို ထိခိုက်နိုင်တယ်လို့ ယောဒေသတောင်သူတွေပြော

လက်ရှိ ဆီပေါက်စျေးအတိုင်းဆိုပါက တောင်သူလုပ်ငန်းကို ထိခိုက်နိုင်တယ်လို့ ယောဒေသတောင်သူတွေပြော

လက်ရှိဆီပေါက်စျေးအတိုင်း ဆိုပါက လာမယ့် စိုက်ပျိုးရာသီမှာ တောင်သူ လုပ်ငန်းတွေကိုပါ ထိခိုက်နိုင်တယ်လို့ မကွေးတိုင်း၊ ယောဒေသခံ တောင်သူတွေက ပြောပါတယ်။

လက်ရှိအချိန်မှာ အရှေ့အလယ်ပိုင်း စစ်ပွဲဂယက်ကြောင့် အခြားဒေသတွေနည်းတူ ယောဒေသမှာ ဓာတ်ဆီ၊ ဒီဇယ်စျေးတွေ မြင့်တက်နေပြီး ထွက်ယက်ခနဲ့ ဓာတ်မြေသြဇာတွေလည်း စျေးတက်နေကြတယ်လို့ ဒေသခံတောင်သူတွေဆီက နေသိရပါတယ်။

လက်ရှိအချိန်မှာ ဒီဇယ်ရော၊ ဓာတ်ဆီပါ တစ်ဂါလံ ငါးသောင်းဝန်းကျင် စျေးပေါက်နေတယ်လို့ သိရပါတယ်။

“ဆီစျေးတွေကလည်း တက်နေတယ်။ မနှစ်က ထွန်စက်အကြီးငှားရင် တစ်နာရီ တစ်သိန်းနှစ်သောင်း တောင်းပါတယ်။ အခု တစ်နာရီကို အနည်းဆုံး တစ်သိန်းခွဲမရရင် မလိုက်နိုင်ဘူး။ ပြင်ဆင်စရိတ်လည်း မလွယ်ဘူး” လို့ ထီးလင်းမြို့နယ်က ထွန်စက်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။

ယောဒေသ ဂန့်ဂေါမြို့နယ်မှာတော့ ပြီးခဲ့တဲ့နှစ်က အခင်းတစ်ဧကကို ထွန်စက်ထွက်ယက်ခ ခုနစ်သောင်းကနေ ရှစ်သောင်းထိရှိခဲ့ရာကနေ ဒီနှစ်မှာတော့ ထွက်ယက်ခ တစ်ဧကကို တစ်သိန်းအနည်းဆုံးရှိလာတယ်လို့ ဂန့်ဂေါဒေသခံတောင်သူတစ်ဦးကပြောပါတယ်။

“စက်နဲ့ခုတ်မယ်ဆို အနည်းဆုံးနှစ်သတ်(နှစ်ကြိမ်) တော့ ခုတ်ရတယ်။ တစ်ခါခုတ်ရင် တစ်သိန်းပဲထားဦး။ ခုတ်ကပဲကို နှစ်သိန်းကုန်နေပြီ။ သီးနှံစျေးနဲ့ မလွယ်ဘူး”လို့ ယောဒေသ၊ တောင်သူလုပ်ငန်းလုပ်ကိုင်တဲ့ အမျိုးသမီး ပြောပါတယ်။

အဆိုပါတောင်သူ အမျိုးသမီးဟာ ပြီးခဲ့တဲ့ ဆောင်းရာသီက ပဲယင်းတစ်ဧက စိုက်ပျိုးခဲ့ရာမှာ ပဲယင်းတင်းနှစ်ဆယ်ကျော်ရရှိခဲ့ပြီး စိုက်ပျိုးစရိတ်၊ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးစရိတ်တွေကို တွက်ချက်လိုက်ရင် သူတို့မိသားစုအတွက် ပဲစိုက်တဲ့ လေးလတာအတွင်း ဝင်ငွေဟာ တစ်လကို တစ်သိန်းခွဲမပြည့်ချင်ဘူးလို့ ရှင်းပြပါတယ်။ လက်ရှိထွက်ယက်ခတွေစျေးတက်နေပေမယ့် သူ့မှာကျွဲနွားမရှိတဲ့အတွက် ထွန်စက်ကိုပဲ ငှားရမ်းရဦးမှာဖြစ်တယ်လို့ လည်း ဆိုပါတယ်။

ထွက်ယက်ခ စျေးကြီးလို့ ကျွဲနွားတွေနဲ့ ထွန်ယက်မယ်ဆိုရင်လည်း စက်ကိုအားကိုးပြီး လုပ်ဆောင်ခဲ့ကြတာ ကြာပြီဖြစ်တဲ့အတွက် အခင်းကွက်တွေအားလုံးကို ထွန်ယက်နိုင်ဖို့ ကျွဲနွား အလုံအလောက်မရှိတော့ဘူးလို့ ယောဒေသအရေး တက်ကြွလှုပ်ရှားသူ လူငယ်တစ်ဦးက ဆိုပါတယ်။

“ဒီနှစ်မိုးရာသီ ကျွန်တော်လယ်ထဲကို ဆင်းရမယ်။ အဖေကပြောတယ်။ ဒီနှစ်မိုးစပါးစိုက်ဖို့ အိမ်ကနွားနဲ့ လယ်ထွန်ရမယ်ပေါ့။ လယ်ထွန်ချိန်ကျွန်တော်ရွာပြန်ပြီး လယ်ထွန်ရမှာပါ။ နွားမရှိ၊ ကျွဲမရှိတဲ့သူတွေကတော့ မလွယ်ဘူး။ ဒေသမှာရှိတဲ့ လယ်ယာတွေကို ရှိနေတဲ့ ကျွဲနွားတွေအကုန်လုံးနဲ့ ထွန်ယက်နေရင်လည်း စိုက်ပျိုးချိန်မမီပါဘူး။ ကျနော်တို့တွေ လယ်တွေအကုန်မစိုက်နိုင်လောက်ဘူး”လို့ ယောဒေသ၊ ထီးလင်းမြို့နယ်ဒေသခံ လူငယ်တစ်ဦးက ပြောပါတယ်။

သယ်ယူစရိတ်မြင့်တက်လာတာကြောင့် ဓာတ်မြေသြဇာစျေးတွေလည်း အခုချိန်ကစ စျေးစတက်နေပြီး တောင်သူတွေအနေနဲ့ ဓာတ်မြေသြဇာသုံးပြီး စိုက်ဖို့ ခက်ခဲလာတယ်လို့ ဆိုပါတယ်။

“မနှစ်က ပုလဲဓာမြေသြဇာ တစ်အိတ်ကို တစ်သိန်းလေးသောင်းပေးရတာ။ အခုတစ်သိန်းရှစ်သောင်း။ ပိုးသတ်ဆေးစျေးက မမေးရသေးဘူး။ သီးနှံပေါ်လို့ ရောင်းရတဲ့ငွေနဲ့ စိုက်ပျိုးစရိတ်နဲ့တွက်လိုက်ရင် စိုက်ချင်စိတ်တောင်ပျောက်တယ်” လို့ ယောဒေသ တောင်သူတစ်ဦးက ပြောပါတယ်။

လက်ရှိဓာတ်မြေသြဇာအတိုင်းဆိုပါကလယ်တစ်ဧကကို ဓာမြေသြဇာဖိုး တစ်သိန်းကျော်ကုန်ကျနိုင်ပြီး လယ်ယာမြေတွေဟာ ဓာတ်မြေသြဇာကျွေးလာတာ နှစ်ချီကြာခဲ့ပြီဖြစ်လို့ ဓာတ်မြေသြဇာ မကျွေးပဲ စိုက်ပျိူးလို့ အဆင်မပြေဘူးလို့ ဒေသခံတောင်သူတစ်ဦးက ပြောပါတယ်။

ယောဒေသတောင်သူတွေဟာ သူတို့ထွန်ယက်ချိန်၊ ဓာတ်မြေသြဇာ ထည့်ချိန်မှာ ပေါက်တဲ့စျေးအတိုင်းပေးရပြီး လုပ်ငန်းလုပ်ကိုင်ကြရပေမယ့် သီးနှံပေါ်ချိန်မှာတော့ သီးနှံစျေးမရ ဖြစ်ပြီး လက်ထဲမှာ သီးနှံပြတ်ခါမှာ စျေးတွေတက်တာက ထုံးစံလို ဖြစ်နေတယ်လို့ တောင်သူတွေက ပြောပါတယ်။

“ကျန်တာတွေမပြောနဲ့ဦး။ နှမ်းတစ်ခုပဲ ပြောမယ်။ နှမ်းပေါ်ချိန်က တစ်တင်းကို ရှစ်သောင်းဝန်းကျင်။ အခု နှမ်းက တစ်တင်းကို တစ်သိန်းခြောက်သောင်းပေါက်နေတာ။ ကျနော်တို့လက်ထဲမှာတော့ ဘာနှမ်းမှမရှိတော့ဘူး” လို့ ယောဒေသ တောင်သူလုပ်ငန်းလုပ်ကိုင်တဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။

ဓာတ်ပုံ – MMK

error: Content is protected !!