Home > သတင်း > စစ်ရေး > စစ်ရေး > ယောဒေသ၊ ကဇွန်းထောင့်ရွာကို စစ်တပ်က ဗုံးကြဲလို့ အရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရ

ယောဒေသ၊ ကဇွန်းထောင့်ရွာကို စစ်တပ်က ဗုံးကြဲလို့ အရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရ

မကွေးတိုင်း၊ ယောဒေသ၊ ထီးလင်းမြို့နယ်၊ ကစွန်းထောင့်ကျေးရွာကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ မတ်လ ၂၆ ရက်နေ့၊ နေ့လယ် ၁ နာရီကျော်မှာ ဂျက်ဖိုက်တာတစ်စီးနဲ့ ဗုံးနှစ်လုံးကြဲချခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ ဗုံးကြဲမှုကြောင့် ကန်စွန်းထောင့်ရွာက သက်ကြီးရွယ်အို အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
“ဘာတိုက်ပွဲမှ မရှိပါဘူး။ ဘယ်လိုအကြောင်းကြောင့် ရွာကိုကြဲချလိုက်တယ်မသိဘူး။ ဟိုတနေ့ကမှ လာကြဲထားတာဆိုတော့ ခုလိုထပ်ကြဲမယ်လို့လည်း သိပ်မထင်ထားဘူး” လို့ ထီးလင်းမြို့နယ် ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ ဗုံးကြဲမှုကြောင့် ကန်စွန်းထောင့်ကျေးရွာက လူနေအိမ် ငါးလုံး မီးလောင်ပျက်စီးပြီး နွားနှစ်ကောင်နှင့် ဝက်သုံးကောင်လည်း ထိခိုက်မှန်ခဲ့တယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ မတ်လလယ်ကစလို့ ယောဒေသကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကြဲမှုတွေ လုပ်ဆောင်နေတာကို တွေ့ရပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ မတ်လ ၂၄ ရက်နေ့ မွန်းလွဲပိုင်းကလည်း ယောဒေသ၊ ထီးလင်းမြို့နယ်နဲ့ ဂန့်ဂေါမြို့နယ်အစပ်နေရာတွေကို ဂျက်ဖိုက်တာ ခြောက်စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။
မတ်လ ၁၆ ရက်နေ့ကလည်း ယောဒေသ၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်း၊ ကျောက်ဂူတောရဘိုးဘွားရိပ်သာ သာသနာ့နယ်မြေအနီးကို ဂျက်ဖိုက်တာတွေနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးနှစ်ဦး၊ အမျိုးသားတစ်ဦးသေဆုံးပြီး တစ်ဦး ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
Photo – ယောအလင်းတန်း။ ပုံစာ – ကဇွန်းထောင့်ရွာ ဗုံးကြဲခံရမှု မြင်ကွင်း။

error: Content is protected !!