Home > သတင်း > ဒေသတွင်းသတင်း > ဖမ်းခေါ်သွားတဲ့ လူငယ်တွေကို ပြန်လွှတ်ပေးဖို့ လွိုင်တီးရွာခံတွေ ဆန္ဒပြ

ဖမ်းခေါ်သွားတဲ့ လူငယ်တွေကို ပြန်လွှတ်ပေးဖို့ လွိုင်တီးရွာခံတွေ ဆန္ဒပြ

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ လိုင်တွီးရွာမှာ PDF-Zoland က စစ်မှုထမ်းဖို့ ဖမ်းခေါ်သွားတဲ့ လူငယ်တွေကို ပြန်လွတ်ပေးဖို့ မတ်လ ၂၅ ရက်နေ့ နေ့လယ်ပိုင်းမှာ လိုင်တွီးရွာခံတွေက ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
လူမှုကွန်ယက်ပေါ် ပျံ့နှံ့လာတဲ့ ဆန္ဒပြရုပ်သံဖိုင်မှာ လိုင်တွီးရွာက ဒေသခံ လမ်းကြီးပေါ် လူရာဂဏန်းစုဝေးပြီး ဆန္ဒထုတ်ဖော်နေတာကို တွေ့မြင်ရပါတယ်။
ဗီဒီယိုရုပ်သံထဲမှာ ရွာသားတွေဟာ သူတို့ရဲ့ ဒေသိယချင်းဘာသာစကားနဲ့ ” ဖမ်းထားတဲ့ လိုင်တွီးရွာသားတွေကို အမြန်ဆုံး ပြန်လွှတ်ပေးပါ” လို့ PDF – Zoland ကို တောင်းဆိုခဲ့ကြပါတယ်။
ဖမ်းဆီးခံရသူတွေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး မတ်လ ၂၆ ရက်နေ့အထိတော့ PDF-Zoland ဘက်က တစုံတရာ တုန့်ပြန်တာမျိုးမရှိသေးကြောင်း ဒေသတွင်း သတင်းရင်းမြစ်တွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၄ ရက်နေ့က အရွယ်ရောက်ပြီးသူတိုင်း အနည်းဆုံး ၃ နှစ် စစ်မှုထမ်းရမယ်လို့ ZFU/PDF – Zoland က ထုတ်ပြန်ခဲ့ပြီး စစ်မှုထမ်းဖို့ ထုတ်ပြန်တဲ့ရက်မှာပဲ PDF – Zoalnd တပ်ဖွဲ့ဝင်တွေဟာ လိုင်တွီးကျေးရွာက လူငယ် ၁၂ ဦးနှင့် မွီဇောလ်ကျေးရွာက လူငယ် ၃ ဦးကို ဖမ်းဆည်းခေါ်ဆောင်သွားကြခဲ့တာဖြစ်ပါတယ်။
လိုင်တွီးရွာဟာ တီးတိန်-ရိဒ် နယ်စပ်ကုန်သွယ်ရေး လမ်းမကြီးပေါ်က အိမ်ခြေ ရှစ်ရာကျော်ရှိတဲ့ ရွာကြီးတစ်ရွာဖြစ်ပါတယ်။
နွေဦးတော်လှန်ရေးကာလ ကြာလာတာနဲ့အမျှ တော်လှန်ရေးအင်အားစုဘက်တွေမှာလည်း လူအင်အား လိုအပ်ချက်တွေ ရှိလာတယ်လို့ ချင်းပြည်နယ်စပ် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။ တော်လှန်ရေးအတွက် စစ်မှုထမ်းဖို့ ဆောင်ရွက်သင့် ၊ မဆောင်ရွက်သင့်ကိစ္စနှင့်ပတ်သက်ပြီး တော်လှန်ရေးအင်အားစုတွေဘက်မှာလည်း သဘောထားကွဲလွဲမှုတွေရှိကြောင်း သူကဆိုပါတယ်။
ရုပ်သံ – လူမှုကွန်ယက်

error: Content is protected !!