Home > သတင်း > တရားဉပဒေစိုးမိုးရေး > ဖလမ်းမြို့နယ်မှာ ဘိန်းစိုက်ပျိုးတာကို တားမြစ်ပြီး မလိုက်နာရင် အရေးယူမယ်လို့ CNO/ CNDF ထုတ်ပြန်

ဖလမ်းမြို့နယ်မှာ ဘိန်းစိုက်ပျိုးတာကို တားမြစ်ပြီး မလိုက်နာရင် အရေးယူမယ်လို့ CNO/ CNDF ထုတ်ပြန်

ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့နယ်မှာ ဘိန်းစိုက်ပျိုးမှုကို တားမြစ်ပြီး လိုက်နာမှုမရှိရင် အရေးယူမယ်လို့ CNO/ CNDF က ဒီကနေ့ မတ်လ ၂၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

မတ်လ ၂၁ ရက်နေ့က အိန္ဒိယနိုင်ငံ အခြေစိုက် The Quint မီဒီယာက CNO/CNDF ကို မူးယစ်ဆေးဝါးကွန်ယက်တွေနဲ့ ချိတ်ဆက်မှုရှိတယ်လို့ စွပ်စွဲခဲ့ပါတယ်။

အိန္ဒိယမီဒီယာတွေရဲ့ စွပ်စွဲချက်ကို မတ်လ ၂၄ ရက်နေ့မှာ CNO/ CNDF က ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပြီးနောက် အခုလို ဘိန်းစိုက်ပျိူးခွင့် တားမြစ်တဲ့ ထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့တာပါ။

ဖလမ်းမြို့နယ်မှာ လက်ရှိဘိန်းစိုက်ပျိုးနေသူတွေအနေနဲ့ ဘိန်းခင်းတွေကို ချက်ချင်းဖျက်ဆီးဖို့၊ ထပ်မံမစိုက်ပျိုးဖို့ သတိပေးထားပြီး လိုက်နာမှုမရှိရင် ငွေဒဏ်၊ ထောင်ဒဏ်တွေနဲ့ ထိရောက်စွာအရေးယူမယ်လို့ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ နှစ်ပိုင်းတွေကစ ဖလမ်းမြို့နယ်မှာ ဘိန်းစိုက်ပျိုးမှုတွေ ရှိခဲ့ပြီး ၂၀၂၆ ခုနှစ်၊ နှစ်ဦးပိုင်းမှာ ဘိန်းစေးတစ်ပိသာကို ကျပ်သိန်းတစ်ရာအထိ ပေါက်စျေးရှိခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ဘိန်းစိုက်ပျိုးသူတွေဟာ ဒေသတွင်း မတည်ငြိမ်မှုတွေကို အသုံးချပြီး ကိုယ်ကျိုးစီးပွားအတွက် လုပ်ဆောင်နေကြခြင်းဖြစ်တယ်လို့ CNO / CNDF က ဆိုပါတယ်။

စားဝတ်နေရေးအခက်အခဲကြောင့် ဘိန်းစိုက်ပျိုးနေရသူတွေအနေနဲ့လည်း အခြားအသက်မွေးဝမ်းကြောင်း လုပ်ငန်းတွေကို ပြောင်းလုပ်ကိုင်ကြဖို့ တိုက်တွန်းထားပါတယ်။ ဘိန်းစိုက်ပျိုးတာကို အရေးယူမယ့်ကိစ္စနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းရဲ့ကြားဝင်စွက်ဖက်မှုကိုမှ လက်ခံမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

Photo – လူမူကွန်ယက်

error: Content is protected !!