တမူးဒေသ အခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA) ဟာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ တပ်ရင်းတွေအဖြစ်ကူးပြောင်းပြီး အမှတ် (၁) စစ်ဒေသ ကွပ်ကဲမှုကို ၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့မှာ ခံယူခဲ့တယ်လို့ အမှတ် (၁) စစ်ဒေသက ဒီကနေ့ မတ်လ၂၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
စစ်ကိုင်းတိုင်း၊ တမူးဒေသအခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA) ဟာ SRA အဖွဲ့ဝင်ဖြစ်ခဲ့ပြီး မတ်လ ၂၀ ရက်နေ့မှာ NUG လက်အောက်ခံ တပ်ရင်းအဖြစ် ကူးပြောင်းခဲ့တာဖြစ်ပါတယ်။
NLA တပ်ဖွဲ့က NUG လက်အောက်ကို ကူးပြောင်းခဲ့တဲ့အတွက် တမူးဒေသအခြေစိုက် LPDF မရှိတော့ဘူးလို့ တမူးဒေသခံတစ်ဦးက ဆိုပါတယ်။
NUG တပ်ရင်းအဖြစ် မကူးပြောင်းခင် မတ်လ ၆ ရက်နေ့က NLA က အရာရှိတစ်ဦးအပါအဝင် ငါးဦးကို ဖမ်းဆီးခဲ့တယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဖမ်းဆီးမှုဆိုပြီး ထွက်ပေါ်ခဲ့တဲ့သတင်းနဲ့ပတ်သက်ပြီး ကွပ်ကဲမှုဆိုင်ရာ ကိစ္စတွေအတွက် ခေါ်ယူဆွေးနွေးခဲ့ခြင်းသာဖြစ်တယ်လို့ NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က Myanmar Now ကို ဖြေကြားထားတာ တွေ့ရပါတယ်။
မတ် ၂၀ ရက်နေ့မှာ ကျင်းပခဲ့တဲ့ NUG တပ်ရင်းအဖြစ် ကွပ်ကဲမှုခံယူခြင်း အခမ်းအနားမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် အလံတော်ကို အလေးပြုခြင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဘက်တံဆိပ်များ အပ်နှင်းတပ်ဆင်ခြင်းစတဲ့ အခမ်းအနားအစီစဥ်တွေကို ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
NLA ဟာ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၂၃) ရက်နေ့မှာ Myanmar Federal Army (MFA) အမည်နဲ့ ပထမဆုံး တိုက်ပွဲကို တိုက်ခိုက်ခဲ့ပြီး အမျိုးသားလွတ်မြောက်ရေးတပ်တော် (National Liberation Army-NLA) အဖြစ် ၂၀၂၃ ခုနှစ်၊ မတ်လ (၅) ရက်နေ့မှာ ပြောင်းလဲဖွဲ့စည်းခဲ့တယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာတော့ အမှတ် (၁)စစ်ဒေသအောက်က တပ်ရင်းတွေအဖြစ် တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ကွပ်ကဲမှုအောက် မရောက်ရှိသေးတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကို ကွပ်ကဲမှုအောက် တာဝန်ထမ်းဆောင်ဖို့ ဖြစ်စေ၊ ကွပ်ကဲမှုအောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့တွေနဲ့ စစ်ရေး ပူးပေါင်းဆောင်ရွက်နိုင်ဖို့ဖြစ်စေ အစဉ်အမြဲ ကြိုဆိုတယ်လို့ လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Photo – အမှတ် – ၁ စစ်ဒေသ






