Home > သတင်း > စစ်ရေး > စစ်ရေး > ထီးချိုင့်မြို့နယ်မှာ သုံးရက်ဆက်တိုက်လေကြောင်းတိုက်ခိုက်ခံရ ၊ အရပ်သား ၁၃ ဦးထက်မနည်းသေဆုံး

ထီးချိုင့်မြို့နယ်မှာ သုံးရက်ဆက်တိုက်လေကြောင်းတိုက်ခိုက်ခံရ ၊ အရပ်သား ၁၃ ဦးထက်မနည်းသေဆုံး

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်အတွင်းက ရွာအချို့ကို စစ်ကော်မရှင်တပ်က သုံးရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၁၃ ဦးထက်မနည်းသေဆုံးခဲ့ရပြီး ၁၈ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရတာတွေ ရှိခဲ့တယ်လို့ Tigyaing Revolution – TR က သတင်းထုတ်ပြန်လိုက်တာပါ။

စစ်ကော်မရှင်တပ်ဟာ မတ်လ ၈ ရက်နေ့က ထီးချိုင့်မြို့နယ် အလယ်တောရွာ တိုက်နယ်ဆေးရုံအနီးကို ဟုမ္မလင်းတက် JF(ဂျက်ဖိုက်တာ)နဲ့ နှစ်ကြိမ် လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူနှစ်ဦး ထိခိုက်မှုရှိခဲ့တယ်လို့ ဖော်ပြထားတာပါ။

ဒါ့အပြင် မတ်လ ၉ ရက်နေ့က ထီးချိုင့်မြို့နယ် အောင်သာကုန်းရွာကို တံတားဦးတက် ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်ခဲ့သလို ညနေပိုင်းမှာတော့ တံတားဦးတက် ဂျက်ဖိုက်တာနှစ်စီးနဲ့ စပ်စားရွာအပါအဝင် နီတာရွာအနီးကို လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၅ ဦးထက်မနည်း သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

မတ်လ ၁၀ ရက် ဒီကနေ့မှာတော့ ထီးချိုင့်မြို့နယ် ဇီးကုန်းကျေးရွာ လေကြောင်းတိုက်ခိုက်မှုမှာ အရပ်သားပြည်သူ ၈ ဦးထက်မနည်း သေဆုံးသွားခဲ့ရသလို ၁၈ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကော်မရှင်တပ်ဟာ အခုရက်ပိုင်း စစ်ကိုင်းတိုင်းထဲက မြို့နယ်အချို့ကို လေကြောင်းတိုက်ခိုက်မှုတွေ မကြာခဏ လုပ်ဆောင်နေတာကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေ မြင့်တက်လာနေတာပါ။

ဒါ့အပြင် စစ်ကိုင်းတိုင်းထဲက မြို့နယ်အချို့ကို စစ်ကော်မရှင်တပ်က မြေပြင်ထိုးစစ်တွေ လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

error: Content is protected !!