ဟန်နီကို
(မျက်မှောက်ခေတ် ပညာရေး)
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကျွန်တော် မြန်မာလိုရေးထားသည့် “အက်ဆေး” တစ်ပုဒ်ကို အင်္ဂလိပ်လို ပြန်ဆိုတင်ဆက်ထားသည်ကို ပြည်ပအခြေစိုက် မီဒီယာတစ်ခုမှာ တွေ့ရပါသည်။ ဝမ်းမြောက်ဝမ်းသာခံစားမှုနှင့်အတူ ကျွန်တော့်ကို ပညာရေးလမ်းကြောင်း၊ စာပေလမ်းကြောင်းပေါ်ရောက်အောင် တွန်းအားပေးခဲ့သော ဆရာကြီးကို သတိရနေမိပါသည်။
ဆရာကြီးသည် ကျွန်တော်၏ ငယ်ဆရာမဟုတ်ပါ။ ကျွန်တော်ဘွဲ့ရပြီး ဆယ်တန်းအင်္ဂလိပ်စာ စသင်သည့် ဆရာပေါက်စဘဝတွင် တွေ့ဆုံခဲ့ရသော ဆရာကြီး ဖြစ်ပါသည်။ အသက်နှစ်ဆယ့်နှစ်နှစ်အရွယ် ဆယ်တန်းအင်္ဂလိပ်စာသင်သည့် လူငယ်ဆရာတစ်ယောက်အနေဖြင့် မြောက်ကြွကြွဖြစ်နေချိန် စာအုပ်ဆိုင်ကြီးတစ်ဆိုင်တွင် အင်္ဂလိပ် ဝတ္ထုတိုစုစည်းမှု စာအုပ်တစ်အုပ်ကို တွေ့ပါသည်။
ကောက်ဖတ်ကြည့်တော့ ဘာမျှသိပ်နားမလည်ပါ။ “ငါကလေးတွေကို အင်္ဂလိပ်စာသင်နေပေမယ့် ဘာမှမတတ်ပါလား” ဟု ထိတ်လန့်ပြီး အင်္ဂလိပ်စာသင်ယူဖို့ ဆရာကြီးထံ ရောက်ရှိခဲ့ခြင်းဖြစ်ပါသည်။
ဆရာကြီးသည် မန္တလေးတက္ကသိုလ်တွင် နာမည်ကျော် ကဗျာဆရာကြီးဖြစ်သည့် ဆရာတင်မိုး၊ ဂုဏ်ထူးဦးသိန်းနိုင်တို့နှင့် တက္ကသိုလ်တက်ဖက်ဖြစ်သည်။ ဆရာကြီးသည် တက္ကသိုလ်ကို ပြီးဆုံးအောင်မတက်ခဲ့ရသော်လည်း အင်္ဂလိပ်စာကို ကောင်းကောင်း ရေးနိုင်၊ ဖတ်နိုင်၊ ပြောနိုင်ပြီး အင်္ဂလိပ်စာဖတ် မပျက်သူတစ်ဦးဖြစ်ပါသည်။
ဆရာကြီးထံတွင် အင်္ဂလိပ်စာကို ညပိုင်း တစ်နာရီစီ တစ်နှစ်လောက်သင်ရပါသည်။ ဆရာကြီးမှာ ကျောင်းဆရာဟောင်းကြီးဖြစ်ရာ ဆရာတစ်ယောက်၏ သဘောထားအယူအဆများ၊ ပညာရေးအတွေ့အကြုံများကိုပါ သင်ယူခွင့်ရခဲ့ပါသည်။ ကျွန်တော်စာဖတ်အားကောင်းသည်ကို ဆရာကြီးက သဘောကျပါသည်။
တစ်ရက်တော့ ဆရာကြီးသည် အမေရိကန်အင်္ဂလိပ်ဖြင့် ရေးသားထားသော ကျန်းမာရေး ဆောင်းပါးတစ်စောင်ကို သင်ပါသည်။ ထို့နောက် ကျွန်တော့်အား မြန်မာလိုပြန်ရေးခဲ့ဖို့ အိမ်စာပေးပါသည်။ နောက်တစ်နေ့ စာသင်ချိန်တွင် ဆရာကြီးက ကျွန်တော်၏ မြန်မာဘာသာပြန် ဆောင်းပါးကိုဖတ်ပြီး ” မင့် စာရေးဆရာဖြစ်မယ့်ကောင်ပဲ။ စာရေးတော့”ဟု ပြောပါသည်။
ကျွန်တော်စာစရေးပြီး မဂ္ဂဇင်းတွေကိုပို့တော့ စာမူတွေဖော်ပြခံရပါသည်။ ဆရာကြီးက ဖတ်ပြီး တပြုံးပြုံးဖြစ်နေပါသည်။ ကျွန်တော်ရေးသားသည့် စာမူတွေက ဝတ္တုတို၊ အက်ဆေး တွေဖြစ်ပါသည်။ အမေရိကန်စာရေးဆရာမကြီး ပါလ်း(စ)ဘတ်၏ ဝတ္ထုတိုတစ်ပုဒ်ကို ဘာသာပြန်ပြီး ပို့ရာတွင်လည်း စာပေသမားများကြား နာမည်ရှိသည့် မဂ္ဂဇင်းတစ်စောင်တွင် ဖော်ပြခြင်းခံခဲ့ရပါသည်။ အင်္ဂလိပ်စာ လေ့လာလိုက်စားသူများအတွက် ထုတ်သည့် စာစောင်တွင်လည်း အင်္ဂလိပ်ကဗျာလေးတချို့ကြိုးစားရေးပြီးပို့ကြည့်ရာ ဝါသနာရှင်အဆင့် အတွင်းစာမျက်နှာများတွင် အမြဲဖော်ပြခံရပါသည်။
နောက်ပိုင်း ဘာသာပြန်နှင့် အင်္ဂလိပ်လိုမရေးဖြစ်တော့သော်လည်း ကျွန်တော်သည် အက်ဆေး၊ ဆောင်းပါး၊ ဝတ္ထုတို စာပေတွေ ဆက်လက်ရေးသားခဲ့ပြီး ကိုယ့်နိုင်ငံရှိ စာပေသမားများကြားတွင်တော့ ကျွန်တော့်ကလောင်ကို အသိအမှတ်ပြုမှုတွေ ခံရပါသည်။.( မှတ်ချက် – မဂ္ဂဇင်းများတွင်ရေးသားခဲ့သော ကျွန်တော့်ကလောင် အမည်မှာ ယခု ကလောင် ဟန်နီကို မဟုတ်ပါ)
ဆရာကြီးထံတွင် အင်္ဂလိပ်စာသင်ရစဥ်က ကျွန်တော်သည် ညပိုင်း ခုနစ်နာရီကနေ ရှစ်နာရီအထိ ပုံမှန်သင်ခဲ့ရပါသည်။ ပျက်ကွက်လျှင် ကြိုတင်ခွင့်တိုင်ရပါသည်။ ဆရာကြီးထံတွင် အင်္ဂလိပ်စာသင်ကြသည့် လူငယ်တွေ ခြောက်ဦးလောက်ရှိသော်လည်း အစဥ်တစိုက် မသင်ယူနိုင်ကြသူတွေက များပါသည်။
ကျွန်တော်တစ်ယောက်သာ အစဥ်တစိုက် သင်ယူခဲ့ပါသည်။ ဆရာကြီးသည် တစ်ဦးတည်းသော သူ့ပည့်ဖြစ်သူကို မပျက်မကွက် စေတနာဖြင့် အခမဲ့သင်ပေးခဲ့သည်။ တစ်ဦးချင်းဖြစ်သော်လည်း အချိန်တိကျရသည်။ ပျက်ကွက်လျှင် ခွင့်တိုင်ရသည်။ အိမ်စာလုပ်ရသည်။ မှားလျှင် အဆူခံရသည်။ ကျောင်းစာသင်ခန်းစည်းကမ်းအတိုင်းသာ ဆရာကြီး ကျင့်သုံးခဲ့ခြင်းဖြစ်သည်။
ဆရာကြီး၏ သင်ကြားမှု၊ အားပေးတိုက်တွန်းမှုတွေကြောင့် ကျွန်တော်သည် အထိုက်အလျောက်အောင်မြင်မှုရှိသည့် သင်ကြားရေးဆရာဘဝကို ရောက်ရှိခဲ့သည်။ စာပေတွေရေးသားပြီး စာရေးဆရာဘဝကို ရောက်ရှိခဲ့သည်။ ကိုယ်ရောက်သည့်နေရာမှာ နာမည်တစ်ခုကို တည်ဆောက်နိုင်ခဲ့သည်။
ကျွန်တော်သည် တော်လှန်နယ်မြေတွင် ပညာသင်ကြားရေးကို ကိုယ်ရောက်သည့်နေရာတွင် အကောင်းဆုံးကြိုးစားပြီး သင်ကြားနေပါသည်။ စစ်အာဏာမသိမ်းခင်ကလို ပညာသင်ကြားရေးဖြင့် အသက်မွှေးဝမ်းကျောင်းဖို့ မလုံလောက်လောက်သည့်အတွက် စာပေရေးသားခြင်းဖြင့် စားဝတ်နေရေးကို ထောက်မပြီး သင်ကြားရေးကို အားစိုက်နိုင်ပါသည်။ ဤအရာတွေအားလုံးသည် ဆရာကြီးနှင့် ကျွန်တော် နှစ်ယောက်တည်းသာရှိသည့် စာသင်ခန်းမှ အခြေတည်ခဲ့ခြင်းဖြစ်သည်။ ဆရာကြီး၏ ကျေးဇူးတရားဖြစ်သည်။
လက်ရှိ ကျွန်တော်သင်ကြားပေးနေသော တော်လှန်နယ်မြေက တပည့်များ၊ ကျွန်တော်ဆက်စပ်ကူညီပေးနေသော ကျောင်းများမှ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများသည် ကျွန်တော့် ဆရာကြီး၏ ကျေးဇူးကြောင့်သာ ကျွန်တော်နှင့်ပတ်သက်သည့် ပညာအခွင့်အလမ်းတွေကို ရရှိနေကြခြင်းဖြစ်ပါသည်။ ဆရာကြီး ကျွန်တော့်ကို ပညာသင်ကြားပေးခဲ့သည့် ကျေးဇူးဂယက်တွေဖြစ်ပါသည်။
ယခုအချိန်သည် ၂၀၂၅ – ၂၀၂၆ ပညာသင်နှစ် ပြီးဆုံးချိန်ဖြစ်ပါသည်။ ပညာကို တစ်နှစ်တာ ကောင်းကောင်းသင်ကြားခဲ့ကြသည့် ဆရာ၊ဆရာမတွေအဖို့တော့ ကျေးဇူးတရားတွေ အပြန်အလှန်ရရှိကြမည်ဖြစ်ပြီး ထိုကျေးဇူးတရား၏ ဂယက်တွေသည် ဆက်လက်ပျံ့နှံ့နေမည်မှာ သေချာပါသည်။ ကျွန်တော်ဆိုလိုသည့် ” ကျေးဇူးတရား” ဆိုသည်မှာ ဘာသာရေး၊ ဓလေ့ထုံးစံအရ တပည့်က ဆရာအပေါ်ရှိသည်ဟု ယူဆသည် ” ဘာသာဓလေ့ခံယူချက် ကျေးဇူးတရား” မျိုးကို ဆိုလိုသည်မဟုတ်ပါ။.လက်တွေ့ဘဝတွေကို လက်တွေ့ အကျိုးပြုသည့် “ကျေးဇူးတရား” ကို သာ ဆိုလိုခြင်းဖြစ်ပါသည်။
ယခုစာရေးနေသောအချိန်တွင် ကျွန်တော့်ဆရာကြီးမရှိတော့ပါ။ ဆရာကြီး၏ နာမည်ရော၊ ကျွန်တော့်စာပေ ကလောင်နာမည်ရော စစ်တပ်၏ ဘေးအန္တရာယ်ကြောင့် ဖော်ပြခွင့်မသာပါ။ အာဏာသိမ်းစစ်တပ်၏ လေကြောင်း အန္တရာယ်၊ ဆင်းရဲမပြည့်စုံမှုတွေကြားမှာပင် ဆရာကြီး၏ ကျေးဇူးဂယက်တွေသည် ကျွန်တော်မှတဆင့် မျိုးဆက်သစ်တွေအပေါ် ကျေးဇူးပြုနေဆဲဖြစ်ပါသည်။ ဆရာ့ကျေးဇူးသည် ဆုံးသည်မရှိပါ။ တိတိကျကျဆိုရလျှင် ဝါသနာ၊ စေတနာနှင့် ကြိုးကြိုးစားစားသင်ကြားပေးသည့် ဆရာတွေ၏ ကျေးဇူးတရားသည် ဆုံးသည်မရှိ။ သူတို့ကွယ်လွန်သည့်တိုင်အောင် မပျောက်ပျက် အကျိုးပြုနေမည်ဖြစ်ပါသည်။






