စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ စစ်ကော်မရှင်တပ်က ဖေဖော်ဝါရီ ၂၁ ရက်နေ့ကစလို့ ရာနဲ့ချီ စစ်ကြောင်းထိုးနေတာကြောင့် အရပ်သား ထောင်နဲ့ချီ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကော်မရှင်စစ်ကြောင်းဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ပုလဲမြို့အနီးက ရွာအချို့ကို စစ်ကြောင်းထိုးနေရာကနေ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ဒီကနေ့မှာတော့ ပုလဲမြို့ရဲ့ အနောက်တောင်ဘက်ကရွာအချို့ကို ထပ်မံစစ်ကြောင်းနေတာပါ။
“စစ်အင်အား ရာကျော်ပါတယ်။ မနေ့ကတော့ မြို့ပတ်ချာလည်က ရွာတွေလောက်ပဲ စစ်ကြောင်းပတ်ထိုးတာ။ ဒီနေ့တော့ မြို့နဲ့ ဝေးတဲ့ရွာတွေအထိပါ စစ်ကြောင်းထိုးတော့တာ။ ထွက်ပြေးရတဲ့ ဒေသခံထောင်ကျော်ရှိတယ်” လို့ ပုလဲမြို့နယ်ဒေသခံက ပြောပါတယ်။
ပုလဲမြို့နယ်အတွင်း နေရာအချို့ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်စစ်ကြောင်းဟာ အရပ်သားအချို့ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးတာတွေရှိခဲ့တယ်လို့ဆိုပါတယ်။
စစ်ကော်မရှင်စစ်ကြောင်းကြောင့် ပုလဲမြို့နယ်မှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ရွာတွေကတော့ မြကုန်း ၊ ကုက္ကိုလ်ကုန်း ၊ ဇောင်ကြမ်းကုန်း ၊ ကျွန်ဖိုကုန်း ၊ နှောကန် ၊ လက်ပုကန် ၊ သေတ္တရာ ၊ ကံပေါက် ၊ မန်ကြီးခွ ၊ ကံကြီး စတဲ့ရွာတွေဖြစ်ကြပြီး အရပ်သား ထောင်နဲ့ချီ ထွက်ပြေးနေရတယ်လို့ သိရပါတယ်။
ပုံစာ -ပုလဲမြို့နယ်မှာ မီးလောင်ပျက်စီးသွားတဲ့ လူနေအိမ်များ။ (ဓာတ်ပုံ – ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပုလဲမြို့နယ်-ပုံဟောင်း)






