Home > သတင်း > စစ်ရေး > ယောဒေသ၊ ဂန့်ဂေါ အမြောက်တပ်က တပ်သား ၁ ဦး လက်နက်နဲ့အတူ YRA တပ်ရင်းထံ အလင်းဝင်

ယောဒေသ၊ ဂန့်ဂေါ အမြောက်တပ်က တပ်သား ၁ ဦး လက်နက်နဲ့အတူ YRA တပ်ရင်းထံ အလင်းဝင်

မကွေးတိုင်း၊ ယောဒေသ၊ ဂန့်ဂေါမြို့မြောက်ဘက်၊ ပြည်ဝ(ပစ်မ) ကျေးရွာအနီး အမှတ် ၃၇၁ အမြောက်တပ်က တပ်သားတစ်ဦးဟာ ဂန့်ဂေါခရိုင်တပ်ရင်း(15/16/17)-YRA ထီးလင်းထံ အလင်းဝင်ခဲ့တယ်လို့ YRA ပြန်ကြားရေးတာဝန်ခံ ကိုကောင်းက ပြောပါတယ်။

“လမ်းမှာ ငါးရက်ကြာခဲ့တာ။ လမ်းတွေမှားတာပေါ့။ အစာရေစာတွေလည်း သူပြတ်ခဲ့တယ်” လို့ အလင်းဝင်လာတဲ့ တပ်သားနဲ့ ပတ်သက်ပြီး YRA ပြန်ကြားရေးတာဝန်ခံ ကိုကောင်းက မျက်မှောက်ခေတ်ကို ပြောပါတယ်။

ဂန့်ဂေါမြို့မြောက်ဘက်၊ ဒေသအခေါ် ပြည့်ဝ (ပစ်မ) အမြောက်တပ်က တပ်သားသန့်စင်အောင်ဟာ ဖေဖော်ဝါရီ ၁၂ ရက်နေ့က တပ်ကထွက်လာပြီး ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ YRA စခန်းတစ်ခုထံ ရောက်ရှိအလင်းဝင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အခုလို လမ်းမှာရက်ကြာမြင့်ခဲ့ရတာဟာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ကြိုတင်ချိတ်ဆက်မှု မရခဲ့တာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။

အလင်းဝင်လာတဲ့ တပ်သား သန့်စင်အောင်ဟာ သူနဲ့အတူ MA 1 သေနတ် ၁ လက်၊ ကျည်ဘောက် ၃ ခု၊ ကျည် ၇၀ တို့ကို ယူဆောင်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ၊ နိုဝင်ဘာလတုန်းကလည်း ဂန့်ဂေါ၊ ပြည့်ဝအမြောက်တပ်က တပ်သားတစ်ဦးဟာ လက်နက်နဲ့အတူ ဂန့်ဂေါတောင်ပိုင်း တိုက်နယ် ပ.က.ဖ ထံ အလင်းဝင်ခဲ့တယ်လို့ သိရပါတယ်။

Photo – ယောအလင်းတန်း

error: Content is protected !!