ပုလဲမြို့နယ်မှာ BNRAတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်နဂါး စစ်တပ်နဲ့ပူးပေါင်းသွားတဲ့နောက် မနေ့က ဖေဖော်ဝါရီ ၁၈ရက်ညပိုင်းအချိန်မှာ ၆ ကြိမ်ထက်မနည်း လေကြောင်းတိုက်ခိုက်သွားတယ်လို့ ဒေသခံက ပြောပါတယ်။
“သူပူးပေါင်းသွားတဲ့နောက် ညက စစ်တပ်က ၆ ကြိမ်ထက်မနည်း လေကြောင်းတိုက်ခိုက်သွားတာရှိတယ်”လို့ ပုလဲမြို့နယ် ဒေသခံတဦးက ပြောပါတယ်။
BNRAတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်နဂါး စစ်တပ်နဲ့ပူးပေါင်းသွားပြီးနောက်မှာ NUG ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဌာနကလည်း စစ်ကိုင်းတိုင်းထဲက ပုလဲ၊ယင်းမာပင်၊ဆားလင်းကြီး နယ်မြေတွေက တော်လှန်ရေးတပ်ဖွဲ့တွေကို ညွှန်ကြားချက် ထုတ်ပြန်ထားပါတယ်။
NUG ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖေဖော်ဝါရီ ၁၈ရက် ညနေပိုင်းက BNRAအဖွဲ့ခေါင်းဆောင်ဗိုလ်နဂါး(ခ)နိုင်လင်းဟာ မိသားစုဝင်တွေနဲ့အတူ လက်နက်ခဲယမ်းတွေ ယူဆောင်ကာ စစ်ကော်မရှင်ထံ ဘက်ပြောင်းသွားတယ်လို့ သိရပါတယ်။
ဗိုလ်နဂါးဟာ စစ်ကိုင်းတိုင်းထဲက ပုလဲ၊ယင်းမာပင်၊ဆားလင်းကြီး နယ်မြေတွေက တော်လှန်ရေးတပ်ဖွဲ့တွေ တပ်စွဲထားတဲ့ နေရာတွေ၊စခန်းချရာနေရာတွေ၊လက်နက်သိုလှောင်ရာ နေရာတွေ၊ထောက်ပံ့ရေးလမ်းကြောင်းနဲ့ လှုပ်ရှားမှုပုံစံတွေကို အတိုင်းအတာတခုအထိ သိထားတာဖြစ်တယ်။
ဒါကြောင့်မို့ စစ်ကောင်စီဘက်က ရထားတဲ့အချက်အလက်တွေကို အသုံးချပြီး လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊အလစ်အငိုက် ဝင်ရောက်စီးနင်းခြင်းတွေ ပြုလုပ်လာနိုင်တဲ့ အန္တရာယ် ရှိနေတာကြောင့် သက်ဆိုင်ရာ ပကဖ၊ပလဖ၊ပအဖ တပ်ရင်း၊တပ်ဖွဲ့တွေအနေနဲ့ (က) ဗိုလ်နဂါးနဲ့ ယခင်က ထိတွေ့ဆက်ဆံမှု ရှိခဲ့ဖူးတဲ့ ၎င်းသိရှိ လမ်းကြောင်းပေးဖူးတဲ့ စခန်းနေရာတွေ၊ယာယီတပ်စွဲထားတဲ့ နေရာတွေအားလုံးကို ဖေဖော်ဝါရီ ၁၈ရက်ညမှ စတင်ပြီး အမြန်ဆုံး ယာယီစွန့်ခွာ ရွှေ့ပြောင်းကြရန်၊(ခ)တပ်ရင်းတပ်ဖွဲ့တွေအလိုက် အသုံးပြုနေတဲ့ ဆက်သွယ်ရေးလှိုင်းနှုန်း(frequency)များ ၊လျှို့ဝှက်သင်္ကေတ (code)များ၊စကားဝှက်များကို ချက်ခြင်း ပြောင်းလဲ အသုံးပြုရန်၊ရှေ့တန်းကင်း၊ကင်းပုန်းနဲ့ လုံခြုံရေးအဆင့်ကို အမြင့်ဆုံး (red level)သို့ တိူမြှင့်ထားရှိရန်နဲ့ ရန်သူ့စစ်ကြောင်းလှုပ်ရှားမှုကို မျက်ခြည်မပြတ် စောင့်ကြည့်ရန်၊(ဃ)အရေးပေါ်အခြေအနေအရ လူစုလူဝေးနဲ့ စုဝေးနေထိုင်ခြင်းကို ရှောင်ရှားပြီး ဖြန့်ခွဲနေထိုင်တဲ့စနစ် (Dispersed Formation)သို့ ချက်ခြင်းပြောင်းလဲ ကျင့်သုံးရန်တို့ကို မဖြစ်မနေ လိုက်နာဆောင်ရွက်ရန် NUG ပြည်ထဲရေးနှင့်လူဝင်မှုကြီး ကြပ်ရေးဌာနက ညွှန်ကြားချက် ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် အဆိုပါ ညွှန်ကြားချက်ကိုရရှိတာနဲ့တပြိုင်နက် အချိန်မဆိုင်းဘဲ တိကျစွာလိုက်နာဆောင်ရွက်ရန်လည်း အသိပေးညွှန်ကြားထားပါတယ်။
ပုံစာ-စစ်တပ်နဲ့ပူးပေါင်းသွားတဲ့ BNRA တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်နဂါး(ခ)နိုင်လင်း။






