ချင်းပြည်နယ်မြို့တော် ဟားခါးမှာ အာဏာသိမ်းစစ်တပ်က ပြုလုပ်မယ့် ဖေဖော်ဝါရီ ၂၀ ရက်နေ့ ချင်းအမျိုးသားနေ့ အခမ်းအနားမှာ ပူးပေါင်းပါဝင်တာ မလုပ်ဖို့ ဟားခါးဒေသအခြေစိုက် ချင်းတော်လှန်ရေးတပ်ဖွဲ့ CDF – Hakha က ဖေဖော်ဝါရီ ၁၇ ရက်နေ့ ညပိုင်းမှာ အသိပေး ထုတ်ပြန်ပါတယ်။
“အကြမ်းဖက် အာဏာသိမ်း အုပ်စုမှ စီစဥ်ကျင်းပသည့် ချင်းအမျိုးသားနေ့ အခမ်းအနားများသို့ မည်သည့်ပုံစံဖြင့်မျှ မသွားရောက်ကြရန်နှင့် မည်သည့်အဖွဲ့အစည်း ၊ လူပုဂ္ဂိုလ်မျှ မပူးပေါင်း မပါဝင်ကြရန် အလေးအနက် တိုက်တွန်းကြေညာပါသည်” လို့ ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။
ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ ကျရောက်မယ့် (၇၈) နှစ်မြောက် ချင်းအမျိုးသားနေ့ ကို ဟားခါးမြို့မှာ ကျင်းပဖို့ အာဏာသိမ်းစစ်အုပ်စုက ပြင်ဆင်နေပြီး CDF – Hakha ကတော့ စစ်အုပ်စုက ကျင်းပမယ့် ချင်းအမျိုးသားနေ့ အခမ်းအနားဟာ အတုအယောင် အခမ်းအနားသာဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။
ချင်းလူမျိုးတို့ရဲ့ စည်းလုံးညီညွတ်မှုနှင့် ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကို အထိန်းအမှတ်ပြုတဲ့ သမိုင်းဝင်နေ့ ဖြစ်တဲ့ ချင်းအမျိုးသားနေ့ကို အာဏာသိမ်းစစ်အုပ်စုက ကျင်းပတာဟာ ချင်းပြည်သူလူထုရဲ့ သမိုင်းဂုဏ်သိက္ခာနှင့် ကိုယ်ပိုင်အခွင့်အရေးတွေကို ဖျက်ဆီးချိုးဖောက်နေတဲ့ လုပ်ရပ်ဖြစ်တယ်လို့ CDF – Hakha က ထုတ်ပြန်ပါတယ်။
ချင်းအမျိုးသားနေ့ကို စစ်အုပ်စုက နိုင်ငံရေးရည်ရွယ်ချက်အတွက် အသုံးချတာကို လက်မခံဘူးလို့လည်း CDF – Hakha ကဆိုပါတယ်။
CDF – Hakha အနေနဲ့ ချင်းပြည်သူတွေရဲ့ သမိုင်းဂုဏ်သိက္ခာနှင့် ကိုယ်ပိုင်အခွင့်အရေးတွေကို ကာကွယ်ထိန်းသိမ်းသွားမှာဖြစ်ပြီး အကြမ်းဖက်အာဏာရှူးတွေရဲ့ လုပ်ရပ်ကို မည်သည့်အခါမျှ လက်ခံမှာမဟုတ်ဘူးလို့ အသိပေးထားပါတယ်။ချင်းပြည်သူလူထုအားလုံး လုံခြုံရေးကို ဦးစားပေးပြီး ညီညွတ်စွာရပ်တည်ကြဖို့လည်း CDF – Hakha က တိုက်တွန်းထားပါတယ်။
ချင်းပြည်နယ်၊ ဟားခါးမြို့နယ် အခြေစိုက် CDF – Hakha ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့၊ ပြည်ထောင်စုနေ့မှာ ဟားခါးမြို့တွင်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် အာဏာသိမ်းစစ်တပ်လက်အောက်ခံ ရဲအရာရှိအပါအဝင် ရဲတပ်သား ၃ ဦးသေဆုံးပြီး ၅ ဦးပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ CDF – Hakha Support Team of North America ထုတ်ပြန်ချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်နေ့ကလည်း ဟားခါးမြို့၊ အာဏာသိမ်းစစ်တပ် အခြေစိုက်ရာ ရုန်းတောင်ကိုဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ စစ်တပ်အဖွဲ့ဝင် ၁၅ ဦးသေဆုံးခဲ့ပြီး သေနတ် ၈ လက်သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
ပုံစာ – ဟားခါးမြို့၊ ပြီးခဲ့တဲ့ ၇၇ ကြိမ်မြောက် ချင်းအမျိုးသားနေ့ပြင်ဆင်နေမှုမြင်ကွင်း။ (Photo Internet)






