Home > သတင်း > တရားဉပဒေစိုးမိုးရေး > သတင်းမီဒီယာသမား ၂၇ ဦးအကျဥ်းထောင်တွေထဲမှာ အကျဥ်းကျခံနေရဆဲဖြစ်တယ်လို့ IPCM ထုတ်ပြန်

သတင်းမီဒီယာသမား ၂၇ ဦးအကျဥ်းထောင်တွေထဲမှာ အကျဥ်းကျခံနေရဆဲဖြစ်တယ်လို့ IPCM ထုတ်ပြန်

၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့ စာရင်းအရ သတင်းမီဒီယာသမား ၂၇ ဦးအကျဥ်းထောင်တွေထဲမှာ အကျဥ်းကျခံနေရဆဲဖြစ်ပြီး အဲ့ဒီထဲမှာအမျိုးသမီး ၅ ဦး ပါဝင်တယ်လို့ လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM)က ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

ထိုသို့အကျဉ်းချခံထားရဆဲ သတင်းမီဒီယာသမား‌ တွေထဲမှာ ထောင်တစ်သက်အပါအဝင် နှစ်ရှည်ထောင် ဒဏ်ကျခံနေရတဲ့ သတင်းမီဒီယာသမား ၁၄ ဦးပါဝင်တယ်လို့ လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီရဲ့ ထုတ်ပြန်ကြေညာချက်မှာ ပါရှိပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီး ၅ နှစ်နီးပါးကာလမှာ သတင်းသမားဦးရေ ၂၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး နိုင်ငံအနှံ့ အကျဥ်းထောင် အသီးသီးမှာလည်း သတင်းသမားအနည်းဆုံး ၃၀ ကျော်ကနေ အများဆုံး ၆၀ ဝန်းကျင်အထိ ထိန်းသိမ်းခံခဲ့ကြရတာဖြစ်တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံထားရသူတွေဟာ အမြင့်ပြစ်ဒဏ် ထောင်တစ်သက်နဲ့ အနိမ့်ဆုံးပြစ်ဒဏ် ထောင် (၁၀) နှစ် ကျခံထားရသူ တွေဖြစ်ပြီး ယင်းအနက် ကျန်ရှိသူတွေဟာ အနည်းဆုံး ထောင်ဒဏ် (၃) နှစ် ကနေ (၁၀) နှစ်အတွင်း ပြစ်ဒဏ်ကျခံနေကြရတာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အာဏာသိမ်းကာလ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း စစ်ကောင်စီရဲ့ ဖမ်းဆီးနှိပ်စက်မှုနဲ့ သတ်ဖြတ်မှုတွေကြောင့် သေဆုံးခဲ့ရတဲ့သတင်း မီဒီယာသမား စုစုပေါင်း ၇ ဦး ရှိခဲ့ပြီး ၎င်းတို့ဟာ သတင်းမီဒီယာလုပ်ငန်းကို လုပ်ကိုင်နေစဉ်အတွင်း အသက်ဆုံးရှုံးခဲ့ရသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း သတင်းမီဒီယာသမား(၁၈၀)နီးပါးကို စစ်ကောင်စီက မတရားဖမ်းဆီးအရေးယူခဲ့ပြီး ရာဇသတ်ကြီးပုဒ်မ – ၅၀၅ – က၊ ၅၀၅ – ခ၊ ပုဒ်မ – ၁၂၄ – က၊ မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ – ၁၇(၁)၊ ဆက်သွယ်ရေးဥပဒေပုဒ်မ – ၆၆(ဃ)၊ လူဝင်မှု ကြီးကြပ်ရေး အက်ဥပဒေ၊ ပို့ကုန်သွင်းကုန်ဥပဒေ၊ ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများပုဒ်မ – (၅)၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ – ၂၇ နှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မများ အစရှိတဲ့ ရာဇဝတ်မှုတွေနဲ့ အရေးယူခဲ့ပါတယ်။ယင်းတို့အနက် စစ်တပ်က အများဆုံး အသုံးပြုခဲ့တဲ့ ဥပဒေပုဒ်မ က တော့ ၅၀၅ – က၊ ၅၀၅ – ခ နှင့်အကြမ်း ဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မတွေ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ သတင်းမီဒီယာလုပ်ငန်း (၁၅) ခုရဲ့ လုပ်ငန်းလိုင်စင်တွေကို ရုပ်သိမ်းခဲ့ပြီး သတင်းမီဒီယာနဲ့ ဆက်စပ်နေတဲ့ မီဒီယာဆိုင်ရာဥပဒေ တွေကို တစ်ဖက်သတ် ပြုပြင်ပြဌာန်းခဲ့ပါတယ်။

၂၀၂၁ ခုနှစ်မှ ၂၀၂၆ ခုနှစ်၊ (၅) နှစ်တာကာလအတွင်း စစ်ကောင်စီရဲ့ မီဒီယာဖိနှိပ်မှုတွေဟာ လွန်စွာပြင်းထန်ပြီး သတင်းမီဒီယာလွတ်လပ်ခွင့်ကို တိုက်ရိုက်ထိပါးနေပါတယ်။ သတင်းမီဒီယာသမား‌ တွေနဲ့ သတင်းမီဒီယာ လုပ်ငန်းတွေဟာ သတင်းလွတ်လပ်ခွင့် အခြေခံပေးထားချက်တွေအရ ရပ်တည်နိုင်ခြင်းမရှိဘဲ ကမ္ဘာ့အဆိုးဆုံး သတင်းလွတ်လပ်ခွင့် ထိပါးဖိနှိပ်ခံရတဲ့ ထိပ်တန်းနိုင်ငံများစာရင်းမှာ ပါဝင်နေတဲ့အထိ အန္တရာယ်ကျရောက် နေပြီဖြစ်ပါတယ်။

သတင်းလွတ်လပ်ခွင့် နှင့် လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်တို့ဟာ သတင်းမီဒီယာနယ်ပယ် အတွက်သာ မကဘဲ အနာဂတ်မှာထူထောင်ရန် ရည်မှန်းတဲ့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံအတွက် အသက်တမျှ အရေးပါတဲ့အရာ ဖြစ်ပါတယ်။ သတင်းလွတ်လပ်ခွင့် နှင့် လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့် ကာကွယ်မြှင့်တင်ရေး အတွက် သော်လည်းကောင်း သတင်းမီဒီယာသမားများ သတင်းမီဒီယာအလုပ်ကို လွတ်လပ်စွာ လုပ်ကိုင်နိုင်ရေးအတွက် အဖွဲ့အစည်းအသီးသီးက အလေးထား လုပ်ဆောင်ပေးကြပါရန်နဲ့ သတင်းမီဒီယာသမားများ ဖမ်းဆီးထောင်ချခြင်း နှင့် နှိပ်စက်သတ်ဖြတ်ခြင်းတွေကို ဆန့်ကျင်ရှုတ်ချပြီး ကျူးလွန်မှုတွေအတွက် တာဝန်ခံမှုရှိစေရန် IPCM က တောင်းဆိုထားပါတယ်။

error: Content is protected !!