Home > သတင်း > နိုင်ငံရေး > သွေးသစ္စာသီချင်းနဲ့ ဆန္ဒထုတ်ဖော်တဲ့ ကလေးအကျဥ်းထောင်က အကျဥ်းသား ၁၅ ဦးတိုက်ပိတ်ခံရ

သွေးသစ္စာသီချင်းနဲ့ ဆန္ဒထုတ်ဖော်တဲ့ ကလေးအကျဥ်းထောင်က အကျဥ်းသား ၁၅ ဦးတိုက်ပိတ်ခံရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မော်လိုက်ကလေး အကျဥ်းထောင်က အကျဥ်းသား ၂၀၀ ဝန်းကျင်ခန့်ဟာ အာဏာသိမ်း ငါးနှစ်ပြည့်တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ “သွေးသစ္စာ”သီချင်းအား သံပြိုင်သီဆိုပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ သိရပါတယ်။

ကလေးမြို့နယ်မြောက်ပိုင်း မော်လိုက်ကလေးရွာမှာ တည်ရှိတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ အကျဥ်းထောင်ထဲကနေ စစ်တပ်အာဏာသိမ်း ငါးနှစ်ပြည့်တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ “သွေးသစ္စာ” သီချင်း သံပြိုင်သီဆိုသံကို ထောင်အနီးဝန်ကျင်ကလူတွေက ကြားခဲ့ကြရတာဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကလေးအကျဥ်းထောင်မှာ အကျဥ်းကျနေတဲ့ အကျဥ်းသား ၂၀၀ ဝန်းကျင်က ” သွေးသစ္စာ” သီချင်းကို သီဆိုပြီး အမှုကြီး ၉ မှု ပယ်ကာဖျက်သိမ်းရေး၊ အကျဥ်းသား၊ အကျဥ်းသူ တန်းတူအချိုးရရေး၊ အာဏာရှင်အဖွဲ့အစည်းမှန်သမျှ ကျရှုံးရေး တို့ကို ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ ကလေးမြို့ လူထု တိုက်ပွဲ ဦးဆောင်ကော်မတီက ထုတ်ပြန်ထားပါတယ်။

“ထောင်ထဲမှာကတော့ ဝန်ထမ်းတွေနဲ့အဆက်အသွယ်ရှိပြီး ငွေပေးနိုင်မှ။ ငွေမပေးနိုင်ရင် ဘယ်လိုမှ ထောင်ထဲကို ပစ္စ ည်းပါးလို့မရပါဘူး။ သူတို့ ( ထောင်ဝန်ထမ်း) နဲ့ အဆင်ပြေအောင် ဆက်ဆံရပါတယ် ” လို့ ထောင်တွင်းက မိသားစုဝင်တစ်ဦးနဲ့ အဆက် အသွယ်ရှိတဲ့ ဒေသခံ အမျိုးသမီးတစ်ဦးက အခြေအနေကို ပြောပါတယ်။

ကလေးမြို့အကျဥ်းထောင်ဟာ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ နိုင်ငံရေးအကျဥ်းသားတွေကို ခွဲခြမ်းဆက်ဆံလေ့ရှိပြီး ထောင်ဝန်ထမ်းတွေက အကျဥ်းသားမိသားစုဝင်တွေထဲက အမျိုးသမီးအချို့ကို လိုင်ပိုင်းဆိုင်ရာ စော်ကားပြောဆိုမှုတွေရှိခဲ့ကြောင်း ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်က သတင်းတွေထွက်ပေါ်ခဲ့တာကို ဒေသခံတွေနဲ့ သတင်းဌာနတွေရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။

စစ်တပ်က အာဏာသိမ်းတဲ့ ငါးနှစ်ပြည့် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ “သွေးသစ္စာ” သီချင်းသီဆိုပြီး ဆန္ဒထုတ်ဖော်ခဲ့တဲ့ ကလေးမြို့ အကျဥ်းထောင်တွင်းက နိုင်ငံရေးအကျဥ်းသားအပါအဝင် အနည်းဆုံး ၁၅ ဦးကို တိုက်ပိတ်ခံထားရတယ်လို့ စုံစမ်းသိရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများ ကွန်ရက် (PPNM)က ထုတ်ပြန်ထားပါတယ်။

၂၀၂၂ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့က ကလေးမြို့အကျဥ်းထောင်မှာ အကျဥ်းသားတွေက အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်တဲ့ ထောင်တွင်းလှုပ်ရှားမှုပြုလုပ်ခဲ့ရာမှာ စစ်တပ်က လက်နက်သုံးဖြိုခွင်းခဲ့တာကြောင့် နိုင်ငံရေးအကျဥ်းသား ၉ ဦး ကျဆုံးခဲ့ရပါတယ်။ အဆိုပါအဖြစ်အပျက်ဟာ စစ်တပ်က တော်လှန်ရေးကြောင့် အကျဥ်းကျနေသူတွေကို ရည်ရွယ်ချက်ရှိရှိသတ်ဖြတ်ခဲ့တာဖြစ်ကြောင်း အဆိုပါထောင်တွင်းလှုပ်ရှားမှုမှာပါဝင်ပြီး ထောင်ကနေ ပြန်လည်လွတ်မြောက်လာတဲ့ အကျဥ်းသားတစ်ဦးက မျက်မှောက်ခေတ်ကိုပြောပါတယ်။

ပုံစာ – ကလေးမြို့၊ မော်လိုက်ကလေး အကျဥ်းထောင်။(Photo – Internet)

error: Content is protected !!