ဘုန်းမောင်
(မျက်မှောက်ခေတ် ဆောင်းပါး)
လွန်ခဲ့သော ဆယ်စုနှစ်တဝက်လောက်တုန်းကတော့ လူအများအနေဖြင့် “အရှေ့တောင်အာရှ နိုင်ငံများသည် ဒီမိုကရေစီစနစ်ဆီ ဦးတည်သွားကြလိမ့်မည်”ဟု အကောင်းမြင်စိတ်ဖြင့် ကြည့်ခဲ့ကြဖူးသည်။
၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက အနိုင်ရခဲ့သဖြင့် မြန်မာနိုင်ငံကို ဆယ်စုနှစ်များစွာ အုပ်ချုပ်ခဲ့သော စစ်အုပ်ချုပ်ရေး အဆုံးသတ်ခဲ့သည်။
နောက်ထပ် ၃ နှစ်အကြာမှာတော့ မလေးရှား အတိုက်အခံပါတီကလည်း မလေးရှားနိုင်ငံကို ကာလရှည်ကြာ အုပ်ချူပ်ခဲ့သော Barisan Nasional လက်တွင်းကအာဏာကို ဖယ်ရှားနိုင်ခဲ့သည်။ ၎င်းက မလေးရှားနိုင်ငံ လွတ်လပ်ရေးရခဲ့သော ၁၉၅၇ ခုနှစ်နောက်ပိုင်း မလေးရှားနိုင်ငံ၏ ပထမဆုံးအကြိမ် အစိုးရအပြောင်းအလဲလည်း ဖြစ်လာခဲ့သည်။
အထက်ဖော်ပြပါ အပြောင်းအလဲများက တနိုင်ငံချင်းစီအတွက် အခြေခံအကျဆုံးနှင့် အကြီးမားဆုံးသော အပြောင်းအလဲများဖြစ်ပြီး အရှေ့တောင်အာရှအတွက် ဒီမိုကရေစီ အာရုဏ်ဦးလည်း ဖြစ်ခဲ့လေသည်။ပို၍အရေးကြီးသည်က ထိုရွေးကောက်ပွဲ နှစ်ခုစလုံးသည် တင်းပြည့်ကျပ်ပြည့် တရားမျှတမှု မရရှိခဲ့သော်ငြား အာဏာရှင်များလက်ကလွတ်မြောက်ခဲ့ပြီးနောက် နှစ်နိုင်ငံစလုံးတွင် အာဏာအပြောင်းအလဲ ဖြစ်ခဲ့ခြင်းဖြစ်သည်။ ထိုအပြောင်းအလဲများတွင် သွေးထွက်သံယို အကြမ်းဖက်မှုများ မပါဝင်ခဲ့ပေ။
ဒီမိုကရေစီ နောက်ပြန်ဆုတ်ခြင်း (မနီလာမှသည် နေပြည်တော်ဆီသို့)
______
လွန်ခဲ့သောနှစ်များက အရှေ့တောင်အာရှအတွက် အကောင်းမြင်စိတ်များ ယနေ့နိဋ္ဌိတံ အဆုံးသတ်ခဲ့လေပြီ။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ လဆန်းပိုင်းက မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု ဖြစ်ခဲ့ပြီး တကမ္ဘာလုံး၏ အာရုံက မြန်မာနိုင်ငံအပေါ် ကျရောက်ခဲ့သည်။ စစ်အာဏာ သိမ်းပြီးနောက်ပိုင်း အရပ်သားများစွာသေဆုံးခဲ့သလို ဖမ်းဆီးခြင်းလည်း ခံခဲ့ကြရသည်။ တချို့ကတော့ ဘယ်ရောက်နေမှန်းပင် မသိရ။ မြန်မာအာဏာသိမ်းမှုက ထိုနေရာမှာပင် ပြီးမသွားခဲ့ပါ။အရှေ့တောင်အာရှ ဒေသတခွင်လုံးတွင် ဒီမိုကရေစီ နောက်ကြောင်းပြန်ဆုတ်ခြင်း တိမ်တိုက်မည်းများ ဖုံးလွှမ်းလာခဲ့ပါတော့သည်။
ထိုင်းနိုင်ငံကိုကြည့်ပါက ထိုင်းနိုင်ငံ၏ ဒဿမမြောက် ဘုရင်သစ် မဟာဝိဇယလောင်ကွန်းနှင့်အတူ ဘုရင်စနစ်မှ စစ်အုပ်ချုပ်ရေးစနစ် (ပရာယွတ်-ချန်-အိုချာ အုပ်ချုပ်ခဲ့သော ကာလများကို ဆိုလိုသည်)သို့ ပြန်လည်ရောက်ရှိလာသည်ကို တွေ့ရပေမည်။ ထိုင်းဘုရင်သစ်က အုပ်ချုပ်ရေးအာဏာ ပိုမိုရယူရန် ထိုင်းဘုရင်၏ တော်ဝင်ပိုင်ဆိုင်မှုကို စီမံခန့်ခွဲသော တရားဝင်စီမံခန့်ခွဲရေး အေဂျင်စီ Crown Property Bureau ကို သူ၏ တိုက်ရိုက် ထိန်းချုပ်မှုအောက် လွှဲအပ်ရန် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဖို့ တောင်းဆိုနေသည်။ ထိုင်းနိုင်ငံ၏ ရာဇဝတ်မှုပုဒ်မ ၁၁၂ အရ ဘုရင်စနစ်ကို စော်ကားသူအား ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်နိုင်သည်။
ထိုင်းဘုရင်သည် ကမ္ဘာ့အချမ်းသာဆုံးဘုရင်များ စာရင်းဝင်တဦးဖြစ်ပြီး သူ့ပိုင်ဆိုင်မှုက အမေရိကန်ဒေါ်လာ ၆၀ မှ ၇၀ ဘီလီယံကြား ရှိသည်။
ပြင်သစ်စကားဖြင့် Lèse-majesté ဆိုသည်မှာ တော်ဝင်မျိုးနွယ်များကိုစော်ကားခြင်းအား တားမြစ်ခြင်း သို့မဟုတ် အသရေဖျက်မှုဟု အဓိပ္ပါယ်ရသည်။ အဆိုပါဥပဒေအောက်တွင် ထိုင်းနိုင်ငံသားများ အပြင်းအထန် ဖိနှိပ်ခံနေရသည်။ ထိုင်းနိုင်ငံသားများသည် ဘုရင်စနစ်ကို ဆန့်ကျင်သောပိုစ့်များ ဆိုရှယ်မီဒီယာပေါ် ပုံမှန်လို တင်လေ့ရှိသည်။ ထို့ကြောင့်လည်း ထိုင်းအာဏာပိုင်များ၏ ပစ်မှတ်ထားခံနေရပြီး ပြီးခဲ့သောနှစ်မှာ တော့ Facebook နှင့် Twitter ပေါ်က ဘုရင်စနစ် ဆန့်ကျင်သောပို့စ်များကိုဖယ်ရှားပေးရန် တောင်းဆိုခဲ့သည်။ သို့သော်လည်း ဥပဒေနှင့်ဆန့်ကျင်သည်ဟု ထိုင်းအာဏာပိုင်များက ယူဆထားကြသော အဆိုပါပိုစ့်များကို Facebook နှင့် Twitter ပေါ်က ဖယ်ရှားခဲ့ခြင်းမရှိခဲ့သောကြောင့် အရေးယူခံခဲ့ရပါသည်။
စိုးရိမ်စရာကောင်းသည်မှာ ထိုင်းနိုင်ငံ၏ ထင်ရှားသော အတိုက်အခံ အများအပြား အိမ်နီးချင်းနိုင်ငံများတွင် ထူးဆန်းစွာသေဆုံးရခြင်း ဖြစ်လေသည်။
ဖိလစ်ပိုင်တွင် ၂၀၁၆ ခုနှစ် ဇွန်လကစပြီး ဒူတာတေး အာဏာရရှိခဲ့သည်။ အာဏာရရှိပြီးနောက်ပိုင်း ကမ္ဘာကျော်ခဲ့သည်အထိ လူအများ အုတ်အော်သောင်းနင်းဖြစ်ခဲ့ရသောကိစ္စမှာ မူးယစ်ဆေး တိုက်ဖျက်ရေးလှုပ်ရှားမှုဖြစ်ပြီး လူပေါင်း ၁၂,၀၀၀ ခန့် သတ်ဖြတ်ခံခဲ့ရသည်။
အဆိုပါ သတ်ဖြတ်ခံရမှုများကို မီဒီယာများက ဖော်ပြခဲ့ပြီးနောက်ပိုင်း ဒူတာတေး၏ ဂုဏ်သတင်းလည်း သေဆုံးခဲ့ရလေသည်။ ထင်ရှားသော ဝေဖန်ရေးသမားတယောက်က ဖိလစ်ပိုင်အစိုးရကိုဝေဖန်ခဲ့သည့်အတွက် အသရေဖျက်မှုနှင့် တရားစွဲခံခဲ့ရသည်။ ဖိလစ်ပိုင်နိုင်ငံ၏ အကြီးမားဆုံးသော အသံလွှင့်ကွန်ရက်ဖြစ်သည့် ABS-CBN ကို ဒူတာတေးနှင့်အပေါင်းအပါများက ပိတ်ပစ်ခဲ့သေးသည်။
မလေးရှားနွေဦးအပေါ် အကောင်းမြင်စိတ်များကလည်း လုံးဝမရှိကြတော့ပါ။ လွန်ခဲ့သောနှစ်ကမူ ပြုပြင်ပြောင်းလဲရေးဝါဒီ Pakatan Harapan အစိုးရ ပြိုလဲသွားခဲ့ကာ မလေး-အစ္စလာမ်မစ် ညွန့်ပေါင်းအဖွဲ့သစ် အာဏာရလာခဲ့သည်။ မလေးရှားနိုင်ငံ၏ လူမျိုးဘာသာပေါင်းစုံသော လူ့အဖွဲ့အစည်းကို Perikatan Nasional က ပံ့ပိုးထားသည်။ ၎င်းတို့၏ တည်ထောင်မှုများက ဒီမိုကရေစီအတွက် အပြုသဘောဆောင်သော လက္ခဏာ မဟုတ်ပေ။
မလေးရှားနိုင်ငံတွင်လည်း နိုင်ငံရေးအကြပ်အတည်းများ ကြုံခဲ့ရပြီး အရေးပေါ်အခြေအနေ ကြေညာကာ လွှတ်တော်ပင် ရပ်ဆိုင်းခဲ့ရသည်အထိ ဖြစ်ခဲ့ရသည်။
စင်ကာပူနိုင်ငံသည် ဒေသတွင်းအချမ်းသာဆုံး နိုင်ငံဖြစ်ပြီး ခေါင်းမာသော People’s Action Party အုပ်ချုပ်မှု အောက်တွင် ရှိသည်။ ပြီးခဲ့သောနှစ်ကလည်း PAP က အခြားရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည်။ စင်ကာပူနိုင်ငံကို ၁၉၅၉ ခုနှစ်ကတည်း ရွေးကောက်ပွဲအနိုင်ရ PAP တပါတီကပဲ အုပ်ချုပ်လာခဲ့သည်။
နိုင်ငံရေးအရ ဒေသတွင်း အရှိန်အဝါအကြီးဆုံးနှင့် အတောက်ပဆုံးကတော့ အင်ဒိုနီးရှားနိုင်ငံဖြစ်သည်။ သို့သော်လည်း အင်ဒိုနီးရှားနိုင်ငံရေး မိုးကုတ်စက်ဝိုင်းမှာ တိမ်တိုက်မည်းမည်းက ဖုံးလွှမ်းနေသည်။
အရှေ့တောင်အာရှတွင် ဒီမိုကရေစီက ဘာကြောင့် ပျက်စီးလွယ်သနည်း။
ဤအဖြစ်အပျက်များက အရှေ့တောင်အာရှ၏ ဒေသတွင်း အင်အားကြီးနိုင်ငံအဖြစ် ရပ်တည်ရန် တရုတ်နိုင်ငံ၏ ဆုံးဖြတ်ချက်များအလယ် ဖြစ်ပျက်နေကြသော အဖြစ်အပျက်များ ဖြစ်သည်။
အရှေ့တောင်အာရှအတွက် တရုတ်သဘောထားကတော့ ရှင်းသည်။ တောင်တရုတ်ပင်လယ်တွင် တရုတ်၏ အချုပ်အခြာအာဏာကို မေးခွန်းမထုတ်သေးသရွေ့၊ အငြင်းပွားစရာ မရှိသော ဒေသဆိုင်ရာ စူပါပါဝါအဖြစ် တရုတ်ကိုအသိအမှတ် ပြုထားသရွေ့ အရှေ့တောင်အာရှနိုင်ငံများတွင် မည်သည့်အုပ်ချုပ်ရေးစနစ် သို့မဟုတ် နိုင်ငံရေးစနစ်ဖြစ်နေပါစေ တရုတ်နိုင်ငံက ဂရုမစိုက်ကြောင်း ရှင်းလင်းပြတ်သားသော သတင်းစကား ပေးပို့ခဲ့ပြီးဖြစ်သည်။
ဤအချက်က အရှေ့တောင်အာရှတွင်းရှိ ဒီမိုကရေစီ ဆန့်ကျင်ရေးအုပ်စုများ၏ လက်တံကို သွယ်ဝိုက်သော နည်းဖြင့် အားကောင်းစေခဲ့သည်။ အချို့ကမူ တရုတ်၏ “ကြံ့ခိုင်သန်စွမ်းသောနိုင်ငံတော်” စနစ်ကို သဘောကျကြောင်း မဖုံးကွယ်ဘဲ ပွင့်ပွင့်လင်းလင်း ဝန်ခံကြသည်။
တချိန်တည်းမှာပင် ဒီမိုကရေစီ လိုလားသော အုပ်စုတွင်လည်း ကြီးမားသောအကြပ်အတည်းနှင့် ရင်ဆိုင်နေရသည်။ တဖက်တွင်မူ ၎င်းတို့ကို ထောက်ခံသူများကလည်း ဒီမိုကရေစီ အပြောင်းအလဲအတွက် အနောက်နိုင်ငံများ (အထူးသဖြင့် အမေရိကန်နှင့် ဩစတြေးလျ)ထံမှ အကူအညီ ပိုမိုရရှိရန် မျှော်လင့်နေကြသည်။ အခြားတဘက်တွင်မူ ၎င်းတို့အား အနောက်တိုင်း အလိုလိုက် အကြိုက်ဆောင်သူများ၊ အနောက်တိုင်း သူလျှိုများဟု စွပ်စွဲခံရမှာ ကြောက်လန့်နေကြသည်။
ဤသို့သော ဘေးကြပ်နံကြပ် အခြေအနေများက လူကြိုက်များသော အမျိုးသားရေးဝါဒနှင့် အာဏာရှင်များ လက်တွင်းသို့ လူတွေကို တွန်းပို့နေပေတော့သည်။
နောက်ထပ်စိန်ခေါ်မှုတခုက အရှေ့တောင်အာရှ၏ မတူကွဲပြားမှု ဖြစ်သည်။ အရှေ့တောင်အာရှ ဒေသအတွက် တည်ငြိမ်သော ဒေသတွင်း ဒီမိုကရေစီနိုင်ငံရေးစနစ်နှင့် ဒေသတွင်း တည်ငြိမ်မှုအတွက် အတုယူစရာပုံစံ သို့မဟုတ် သမိုင်းဝင်စံပြ နမူနာဆို၍ တခုမှမရှိခဲ့သေးပါ။ အရှေ့တောင်အာရှ နိုင်ငံအများစုကို ဥရောပနိုင်ငံများက ကိုလိုနီပြုခဲ့ကြသည်။ ဥရောပနိုင်ငံများက ၎င်းတို့ ကိုလိုနီပြုကျင့်ခဲ့သော အရှေ့တောင်အာရှ နိုင်ငံများကို မတူညီသော နိုင်ငံရေးစနစ်များဖြင့် အုပ်ချုပ်ခဲ့ကြသူများ ဖြစ်သည်။ ယင်းနိုင်ငံများအပေါ် ကိုလိုနီခေတ် အုပ်ချုပ်သူများ မလုပ်ခဲ့ဖူးသောအရာဆို၍ ဒီမိုကရေစီ မြှင့်တင်ပေးခြင်းသာ ရှိတော့သည်။ ဒီမိုကရေစီ မြှင့်တင်ပေးခြင်းကို ကိုလိုနီနိုင်ငံများ လွတ်လပ်ရေးရပြီးနောက်ပိုင်းမှသာ ပြုလုပ်ခဲ့လေသည်။
ကမ္ဘာ့စံချိန်စံညွှန်းများ အရဆိုရလျှင်လည်း အခြားဒေသများနှင့် နှိုင်းယှဉ်ပါက အရှေ့တောင်အာရှ နိုင်ငံများသည် သက်တမ်းနုနယ် ကြသူများ ဖြစ်သည်။ အများစုကို ဒုတိယ ကမ္ဘာစစ်ကြီး ပြီးဆုံးပြီးနောက်မှ ဖန်တီးခဲ့ခြင်းဖြစ်ပြီး ၎င်းတို့၏ နိုင်ငံနယ်နိမိတ်များနှင့် နိုင်ငံရေးစနစ်များကိုလည်း ၎င်းတို့၏ ကိုလိုနီသခင်ကြီးများက အများဆုံး ဆုံးဖြတ်ပေးခဲ့ကြသည်။
ဆိုလိုချင်သည်ကတော့ နိုင်ငံတည်ဆောက်ရေး လုပ်ငန်းစဉ်များ ဆက်လက်လုပ်ဆောင် နေသော်လည်း လစ်ဘရယ်ဒီမိုကရေစီ နိုင်ငံတည်ဆောက်ဖို့ ရည်ရွယ်ချက် ရှိနေသည်ဟု အရှေ့တောင်အာရှ နိုင်ငံများအပေါ် အနောက်နိုင်ငံများက တထစ်ချ မမှတ်ယူထားသင့်ပေ။
အရှေ့တောင်အာရှ နိုင်ငံအများစုတွင် ရိုးရာအစွဲအလမ်းဟု ဆိုရမည့် သက်ဦးဆံပိုင်၊ ပဒေသရာဇ်နှင့် အာဏာရှင် မျက်နှာပြင်စနစ် အောက်သို့ မကြာခဏ ကျရောက်လေ့ ရှိတတ်သည်။ အမှန်ဆိုရမည်ဆိုလျှင်လည်း ၎င်းတို့အတွင်းက အထက်တန်းလွှာအများအပြားမှာ လစ်ဘရယ် ဒီမိုကရေစီအပေါ် ကွဲလွဲသော သဘောထားများ ရှိနေကြသည်။
၎င်းတို့သည် နိုင်ငံရေး ခေါင်းဆောင်များကို ရွေးချယ်ရန်အတွက် လူထုရွေးကောက်ပွဲ သဘောတရားကို လက်ခံကြသည်။ ထို့ပြင် မှန်ကန်သောခေါင်းဆောင်များ ရွေးချယ်ရန်အတွက် ထိန်းကွပ်လမ်းညွှန်သော ခေါင်းဆောင်မှုသဘောတရားကိုလည်း ယုံကြည်ကြလေသည်။ (တဦးတယောက်တည်းကအုပ်ချုပ်နေသောစနစ်မှ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းခြင်းကို ဆိုလိုသည်)
ဥပမာ – အင်ဒိုနီးရှား လွတ်လပ်ရေးရပြီးနောက် နိုင်ငံ၏ ပထမဆုံးခေါင်းဆောင်က ဆူကာနိုဖြစ်သည်။ ဆူကာနိုသည် နိုင်ငံရေး သဘောဆန္ဒကို တွန်းအားပေးခဲ့ပြီး စစ်အုပ်ချုပ်ရေးစနစ်က ရွေးချယ်ထားသော ခေါင်းဆောင်များ တရားဝင်ရန် ရွေးကောက်ပွဲများ ကျင်းပပေးခဲ့လေသည်။ ထို့ကြောင့်လည်း အရှေ့တောင်အာရှ ရွေးကောက်ပွဲများတွင် မဲပုံးများလဲလှယ်ခြင်း၊ မဲဝယ်ခြင်းနှင့် မဲလိမ်ခြင်းဖြစ်စဉ်များက ပုံမှန်ဖြစ်ရိုးဖြစ်စဉ်လို ဖြစ်နေတော့သည်။ တခါတရံတော့လည်း မှန်ကန်သော ခေါင်းဆောင်မျိုး ရရှိရန် အဆိုပါ လုပ်ရပ်များက တရားမျှတသည်ဟုလည်း ရှုမြင်လေ့ ရှိတတ်ကြ ပြန်သည်။
အရှေ့တောင်အာရှတွင် စစ်မှန်သောဒီမိုကရေစီ ထွန်းကားရေးအတွက် လွယ်ကူတူညီသော အဖြေမရှိပါ။ အမြစ်မစွဲမီ မျိုးဆက် အပြောင်းအလဲကိုသာ စောင့်ဆိုင်းရပေတော့မည်။ လူငယ်များက စစ်မှန်သော ဒီမိုကရေစီကို တောင့်တကြသော်လည်း သူတို့လက်ထဲတွင် သေနတ် သို့မဟုတ် လွှတ်တော်ကို ထိန်းချုပ်နိုင်သော အာဏာ စသောအရာမျိုး ယခုအချိန်အထိ မရှိကြသေးပါ။ (မြန်မာနိုင်ငံကလူငယ်များကသာ လက်နက်စွဲကိုင်ကာ မြန်မာစစ်တပ်အား တော်လှန်တိုက်ခိုက်နေပါသည်)
ဩစတြေးလျနိုင်ငံ Tasmania တက္ကသိုလ်၏ အာရှလေ့လာရေး ဆိုင်ရာ ပါမောက္ခ ဂျိန်းစ်ချင်း ရေးသားသော “Democracy has always been fragile in Southeast Asia” ကို ဆီလျော်အောင် ပြန်လည်ရေးသားသည်။
#ဘုန်းမောင်
#မျက်မှောက်ခေတ်
#ဆောင်းပါး






