Home > Uncategorized > မြစ်ချောင်းထဲက ငါးတွေမျိုးမတုံးအောင်

မြစ်ချောင်းထဲက ငါးတွေမျိုးမတုံးအောင်

မြစ်ချောင်းထဲက ငါးတွေမျိုးမတုံးအောင်

မောင်ချမ်းမြ
(မျက်မှောက်ခေတ် လူမှုပတ်ဝန်းကျင်)

ခုရက်ပိုင်းတွင်းမှာ ချင်းပြည်နယ်၊ လောက်တူနယ်ဒေသ မြစ်ချောင်းတွေမှာ စက်တင်ဘာလ ၂၀ ရက်မှ နိုဝင်ဘာလ ၃၀ ရက်အထိ ငါးဖမ်းတာကို တားမြစ်ကြောင်း လောက်တူနယ်ဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်တာကို တွေ့ရတော့ ဝမ်းမြောက်မိပါသည်။

ငါးမျိုးတွေ ငါးသားပေါက်ကာလမှာ ငါးဖမ်းတာ မပြုလုပ်ဖို့တားမြစ်ပြီး ကျူးလွန်သူတွေကို ကျပ်တသိန်းထက် မနည်းတဲ့ ပြစ်ဒဏ်အပါအဝင် တည်ဆဲ ဥပဒေတွေနဲ့ အရေးယူမှာဖြစ်ကြောင်းလည်း သတိပေးထားသည်။

တကယ်တော့ ထိုထုတ်ပြန်ချက်မျိုးကို သက်ဆိုင်ရာဒေသတွေက တာဝန်ရှိသူတွေအားလုံးထုတ်ပြန် တားမြစ်သင့်သည်။ ကျွန်တော်တို့ လူမျိုးက သည်လို ဥပဒေနဲ့တားမြစ်မှ အဆင်ပြေမည်။ ပညာပေးရုံသက်သက်နဲ့ ဘယ်လိုမှမရ။ ငါးဆေးချတာတွေ၊ ရှော့တိုက်တာတွေသည် ငါးဥတွေကိုပါ ကန်းစေတဲ့အထိ အကျိုးသက်ရောက်သည်ကို သိသိနဲ့ လုပ်ဆောင်နေကြသည်။

ကျတော်တို့တွေ ရေရှည်စားသောက်နိုင်ဖို့ မြစ်ချောင်းထဲက ငါးတွေကို သဘာဝနည်းလမ်းအတိုင်း ဖမ်းဖို့လိုပါသည်။

ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးသည့်နေရာဒေသဝန်းကျင်မှာတော့ ရှော့တိုက်ငါးဖမ်းတာ၊ ဆေးချတာ၊ ငါးမိုင်းခွဲတာတွေကို တားမြစ်ထားကြသည်။

သို့သော် တားမြစ်ထားနိုင်သည့် ဧရိယာက ဒေသခံတပ်တွေတပ်စွဲထားသည့် အနီးအနားကချောင်း မြောင်းတွေလောက်သာဖြစ်သည်။ မြစ်တွေကို တော့ မတားမြစ်နိုင်သေး။ မြစ်ထဲမှာ ညလုံးပေါက် လှေနဲ့ရှော့တိုက်ပြီး ဖမ်းဆီးနေကြဆဲဖြစ်သည်။

ကျွန်တော်တို့ နိုင်ငံရဲ့ မြစ်၊ ချောင်းမြောင်းတွေကို အဓိကဖျက်ဆီးကြတာကတော့ ရွှေတူးဖော်ရေးလုပ်ငန်းတွေ၊ သစ်တောအလွန်အကျွံခုတ်လှဲမှုတွေဖြစ်သည်။ ထိုလုပ်ငန်းတွေကြောင့် ရေဝေရေလဲဒေသတွေမှာ ရေနည်းပါးပြီး မြစ်တွေလည်းကောလာသည်။ ရွှေတူးဖော်ရေးလုပ်ငန်းတွေကြောင့် စီးနေသည့်မြစ်ရေတွေလည်း နောက်ကျိကာ ခဲဆိပ်သင့်ကြသည်။

သံယံဇာတတွေ အဓိကပျက်စီးကြရသည်မှာ အာဏာရှင်စနစ်နှင့် နောက်ဆက်တွဲဆင်းရဲမွဲတွေမှုတို့ကြောင့်ဖြစ်သည်။ စစ်အာဏာရှင်လူတစ်စုရဲ့ ခေတ်အဆက်ဆက်ကိုယ်ကျိုးစီးပွားရှာမှုကြောင့် သံယံဇာတတွေ၊ မြစ်ချောင်းတွေ ပျက်စီးခဲ့ရသည်။

နောက် ဥစ္စာရော၊ အသိပါ ဆင်းရဲရရှာသည့် အောက်ခြေပြည်သူအချို့က အလွယ်နီးလမ်းလိုက်ကာ ငါးဖမ်းမှုကြောင့် ငါးမျိုးစိတ်တွေရှားပါးလာရသည်။ ဆင်းရဲခြင်းကို ကိုယ်ချင်းစာပါသည်။ သို့သော် ကျွန်တော်တို့သည် မျိုးစေ့ကိုပါ ပြုတ်စားသည့်အဆင့်မရောက်ဖို့တော့ လိုပါသည်။ ကျွန်တော်တို့မှာ ကျွန်တော်တို့ပဲရှိပါသည်။ မြစ်ချောင်းထဲက ငါးတွေမျိုးမတုံးအောင် ၊ ရေရှည်စားသောက်နိုင်အောင် နေရာတိုင်းမှာ ကြိုးစားကြစေချင်ပါသည်။

#မောင်ချမ်းမြ

error: Content is protected !!